မင်းပြားနှင့်ပေါက်တောမြို့နယ်နှစ်ခုမှ တစ်ရက်တည်းအတွင်း ကျည်ထိမှန်၍ ဆေးရုံတင်ရသူ ၉ ဦးရှိ

မင်းပြားနှင့်ပေါက်တောမြို့နယ်နှစ်ခုမှ တစ်ရက်တည်းအတွင်း ကျည်ထိမှန်၍ ဆေးရုံတင်ရသူ ၉ ဦးရှိ

အိမ်စိုးဖြူ — ရခိုင်ပြည်နယ် မင်းပြားမြို့နယ်နှင့် ပေါက်တောမြို့နယ်မှ ကျေးရွာ ၃ ရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးငယ် ၃ ဦးအပါအဝင် ၉ ဦးဒဏ်ရာရရှိခဲ့သည်ဟု သတင်းရရှိသည်။

ဒဏ်ရာရရှိသူများမှာ မင်းပြားမြို့နယ် စက္ကရေကျေးရွာမှ မသန်းသန်းစိုး(၁၄)နှစ်၊ မဌေးဌေးဝေ(၁၃)နှစ်၊ ဦးအောင်ကျော်နု(၆ဝ)နှစ်နှင့် သက်ပုန်းကျေးရွာမှ ဦးမျိုးမင်းဇော်(၃၂)နှစ်တို့ ဖြစ်ကြသည်။

ပေါက်တောမြို့နယ် ကျော်ရှင်ကျေးရွာမှ မဦးမြဝင်း(၆)နှစ်၊ မသန်းနုဝင်း(၂၅)နှစ်၊ မသန်းနုခင်(၂၇)နှစ်၊ ဒေါ်မထွန်းစိန်(၅၈)နှစ်နှင့် ဦးအောင်သာမောင်(၅၃)နှစ်တို့ ဖြစ်ကြသည်။

သက်ပုန်းကျေးရွာမှ ဦးမျိုးမင်းဇော်၏ ယောက္ခထီးဖြစ်သူ ဦးကျော်မောင်ဦးက “ကျွန်တော့်သမက်ရဲ့ အိမ်နားမှာ ပေါက်ကွဲတာပါ။ ပေါက်တဲ့နေရာနဲ့ ပေသုံးဆယ်နီးပါးလောက်အဝေးကနေ သူ့ဆီထိခဲ့တာပါ။ ပြင်းအားများလို့ လက်နက်ကြီးကျည်ကျတဲ့နေရာမှာ တွင်းခေါင်းကြီးတောင်ဖြစ်သွားတယ်။ သူ့ခေါင်းကို ကျည်စလာထိခဲ့တယ်။ အခု မင်းပြားဆေးရုံမှာသူ့ခေါင်းက ကျည်စထုတ်နေရပါတယ် ” ဟုပြောသည်။

ယနေ့ နေ့လယ် ၁၂ နာရီခန့်တွင် မင်းပြားမြို့မှ ပြန်ဆင်းလာသည့် ဇက်ရေယာဉ်နှစ်စီးမှ ပစ်ခတ်ချိန်တွင် လက်နက်ကြီးကျည် ရွာထဲကို ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ဆက်ပြောသည်။

“တိုက်ပွဲဖြစ်တာလည်းမရှိဘဲ အခုလို ဖြတ်သွားရင်းပစ်တာကတော့ မကောင်းဘူးပေါ့။ အကြောင်းမဲ့ သက်သက် ဒီလို ဖြစ်သွားရတာ စိတ်မကောင်းဖြစ်မိတယ်။ ကိုယ့်အိမ် ကိုယ့်ရွာမှာ နေရင်းနဲ့ ထိခိုက်ခဲ့ကြရတာပါ” ဟု ၎င်းက ပြောသည်။

ပေါက်တောမြို့နယ်ကျော်ရှင်ကျေးရွာမှ ဒဏ်ရာ ရရှိသူ ၅ ဦးကို ပေါက်တောမြို့နယ် ဆေးရုံကို ပို့ဆောင် လိုက်ရသည်ဟု ရပ်မိရပ်ဖတစ်ဦးကပြောသည်။

“ ပေါက်ဆိန်ကျမြစ်ကနေပစ်တာပါ။ နေ့လယ်  ၁၂ နာရီကျော်လောက်ရှိမယ်။ လက်နက်ကြီးတွေနဲ့ ပစ်တာပါ။ ငါးယောက်ထိခိုက်ဒဏ်ရာရပါတယ်။ အခုပေါက်တောဆေးရုံမှာပါ။ လူနာတွေကို ဆေးကုသ နေကြပါတယ်။ ခန္ဓာကိုယ်တွေမှာ ကျည်စထိမှန်ကြတာပါ။ အသက်ခြောက်နှစ်ကလေးမှာကတော့ ပေါင်တို့၊ လည်ဂုတ်တို့၊ လက်တို့မှာ ထိပါတယ်။ အခုလိုတိုက်ပွဲဖြစ်တာမရှိဘဲ ရမ်းသမ်းပစ်ခတ်တာတွေကို နောက်ထပ် မလုပ်စေချင်ဘူး” ဟုပြောသည်။

ယနေ့နံနက်က မင်းပြားမြို့နယ် စက္ကရေကျေးရွာမှ ဒဏ်ရာရရှိခဲ့သူ နှစ်ဦးမှာလည်း ပေါက်တောဆေးရုံသို့ ရောက်ရှိလာကြောင်း၊ ပေါက်တောဆေးရုံတွင် စုစုပေါင်း ၇ ဦးခန့် ရောက်ရှိလာကြောင်း ၊ပေါက်တောမြို့နယ်မှ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသူ ကိုကျော်ကျော်ခိုင်၏ ပြောပြချက်အရသိရသည်။

စစ်တွေဆေးရုံသို့ ယနေ့နံနက်က ၎င်းစက္ကရေကျေးရွာမှ ပြင်းထန်ဒဏ်ရာရရှိခဲ့သူ မသန်းသန်းစိုးအား ညာတင်ပါးတွင် ကျည်စထိမှန်ဒဏ်ရာဖြင့် စစ်တွေသို့ ရေကြောင်းဖြင့် အရေးပေါ် ပို့ဆောင်ခဲ့ရသည်။

စစ်တွေဆေးရုံတွင် ၁ ဦး၊ ပေါက်တောဆေးရုံတွင် ၇ ဦးနှင့် မင်းပြားဆေးရုံတွင် ၁ ဦး၊ စုစုပေါင်း ၉ ဦးတို့ တစ်နေ့တည်း၌ဆေးရုံအသီးသီးတွင် တက်ရောက် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးကလည်း အဆိုပါကျော်ရှင်ရွာတွင်လက်နက်ကြီးကျည်ထိမှန်သည့် ကိစ္စမှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းအားဒေသခံများ၏ ပြောဆိုချက်နှင့်ပတ်သက်၍ မေးမြန်းရန်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့သဖြင့် တပ်မတော်၏ သဘောထားကို တင်ပြနိုင်ခြင်းမရှိပါ။

ဓါတ်ပုံ - ပုံဟောင်း
August 15, 2026
မကွေးတိုင်းဒေသကြီး၊ ပဒန်းမြို့၊ ရိုးတောင်ကျော်လမ်းပေါ်ရှိ နတ်ရေကန်သို့ ပို့ဆောင်သော စစ်အုပ်စုတပ်...
ဓါတ်ပုံ - PTC News (စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်းအား တွေ့ရစဉ် - ပုံဟောင်း)
August 13, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း...
August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - AA Info Desk
August 11, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ...