ကိုဗစ်ဒုတိယလှိုင်းတွင် ရာဘာခြံလုပ်ငန်းခွင်ဝင်ရန်အခက်တွေ့

ကိုဗစ်ဒုတိယလှိုင်းတွင် ရာဘာခြံလုပ်ငန်းခွင်ဝင်ရန်အခက်တွေ့

စိုင်းထွန်းစံ — မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ကိုဗစ် ၁၉ ရောဂါဒုတိယလှိုင်းကာလအတွင်း အသွားအလာကန့်သတ်မှုများကြောင့် ရာဘာခြံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် ခြံလုပ်သားများ လုပ်ငန်းခွင်ဝင်ရန်အခက်တွေ့နေကြောင်း သိရသည်။

ပြည်နယ်အတွင်း ကုန်တင်ယာဉ်များကိုသာ သွားလာခွင့်ပြုသဖြင့် ခြံလုပ်သားနှင့် လုပ်ငန်းရှင်များ သက်ဆိုင်ရာခြံအသီးသီးသို့ လိုင်းကားများဖြင့် သွားရောက်နိုင်ခြင်းမရှိသည့်အတွက် အလုပ်သမား အနည်းငယ်ဖြင့်သာ လုပ်ကိုင်နေရကြောင်း ရာဘာလုပ်ငန်းရှင် ဦးသိန်းထွန်း ဆိုသည်။

“ဇာသပြင်အလွန်မှာခြံတွေရှိတယ် လုပ်သားတွေကိုကြီးကြပ်လို့မရတော့ဘူး ဟိုမှာလုံးဝကြီးလွှတ်ထားရတဲ့ အနေအထားတွေဖြစ်သွားတယ် သူတို့လိုအပ်တာတွေကို လုပ်ပေးဖို့အတွက်ခက်သွားတယ် ကျွန်တော်တို့ရှိမှ လုပ်လို့ကိုင်လို့ရတဲ့အလုပ်တွေလည်းရှိပါတယ်” ဟု ဦးသိန်းထွန်း ကပြောသည်။

မွန်ပြည်နယ်မှ ရာဘာခြံလုပ်သားများအပြင် ဧရာဝတီတိုင်းနှင့် အခြားဒေသတွေက လာရောက်လုပ်ကိုင်ကြသည့် အလုပ်သမားများလည်းရှိကြောင်း သိရသည်။

“အဆင်မပြေဘူး ပြည်နယ်တစ်ခုနဲ့တစ်ခုကိုကူးလို့မရဘူးဖြစ်နေတယ်။ ရောက်တဲ့သူတွေကလည်း တစ်ချို့လောက် ကတော့ရောက်နေပြီး ဟိုမှနေပြီးတော့ သွားလုပ်ရတာ။ ရာဘာခြစ်ဖို့အတွက် ပထမဆုံး ဝဲထိုး(ဓါတ်မြေသြဇာထည့်) ရတယ်၊ ခြုံတွေရှင်းရတယ်။ ဒါမျိုးမလုပ်ထားရင် ရာဘာခြစ်လို့မရဘူးလေ အဲ့တာတွေတောင်မလုပ်ရသေးဘူး” ရာဘာလုပ်ငန်းရှင် ဦးဝင်းလှ ကပြောသည်။

နှစ်စဉ် မွန်ပြည်နယ် ဘီလူးကျွန်းမှ ကရင်ပြည်နယ်သို့သွားရောက်လုပ်ကိုင်ကြသည့် ရာဘာခြံလုပ်သား ၅၀၀ ကျော်တို့သည်လည်း ကိုဗစ်ရောဂါတားဆီးကာကွယ်ရေးအတွက် ယခုအခါ ဒုံသမိတံတား၊ ဇာသပြင်တံတားတို့မှ ဖြတ်သန်းသွားလာခြင်းမပြုနိုင်သေး။

မွန်ပြည်နယ်တွင် အောက်တိုဘာလ ၃ ရက်နေ့ကစတင်ပြီး အိမ်စီးကားများနှင့် Express ယာဉ်များကို ဖြတ်သန်းသွားလာခွင့်မပြုတော့ကြောင်း၊ ကုန်တင်ယာဉ်များကိုသာသွားလာခွင့်ပြုထားကြောင်း၊ ပြည်နယ်တွင်း ပြေးဆွဲနေတဲ့ယာဉ်လိုင်းများကိုလည်း ရပ်နားထားကြောင်းသိရသည်။

လက်ရှိရာဘာခြံလုပ်ငန်းတွင် ခြံပိုင်ရှင်နှင့် အစေးခြစ်လုပ်သားများအကြား ခြံအနီးအဝေးသွားလာမှုလွယ်ကူသည့်အပေါ် မူတည်၍ ရာဘာအစေးခြစ်ရာမှ ထွက်ရှိလာသည့်ငွေတန်ဖိုးအပေါ် ခြံရှင် ၅၀%= လုပ်သား ၅၀%၊  ခြံရှင် ၄၀%= လုပ်သား ၆၀% စသည်ဖြင့် တစ်ရာသီစာ သင့်ရာဈေးနှုန်းညှိပြီး လုပ်ကိုင်လျှက်ရှိကြသည်။

မွန်ပြည်နယ်တွင် ရော်ဘာစိုက်ပျိုးဧက (၅)သိန်းကျော်အနက် စိုက်ပျိုးမှု ရပ်နားထားသောဧက(၁)သိန်းကျော်ရှိပြီး တစ်နှစ်လျှင်ရော်ဘာတန်ချိန် ၁ဝ၆,ဝဝဝတန်ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ သို့ရာတွင် တရုပ်နိုင်ငံမှ ရာဘာဝယ်ယူမှု ကျဆင်းလာသဖြင့် ရာဘာဈေးနှုန်းများလည်း နှစ်အလိုက်ကျဆင်းလာပြီး ယခုအခါ ရာဘာပင်များကို ခုတ်လှဲ၍ ပရိဘောဂသစ်များအဖြစ်ရောင်းချပြီး အစားထိုးအပင်များ စိုက်ပျိုးလာသည်ကို တွေ့ရသည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...