စစ်တွေ-ရန်ကုန်ကားလမ်းဘေး မြေမြုပ်မိုင်းပေါက်ကွဲ၍ ခရီးသွားလင်မယားနှစ်ဦးဒဏ်ရာရ

စစ်တွေ-ရန်ကုန်ကားလမ်းဘေး မြေမြုပ်မိုင်းပေါက်ကွဲ၍ ခရီးသွားလင်မယားနှစ်ဦးဒဏ်ရာရ

ထွန်းခိုင် — အောက်တိုဘာ ၁၈ ရက်နေ့က မြောက်ဦးမြို့နယ်၊ လင်မြွေတောင်အနီး၊ စစ်တွေ-ရန်ကုန်ကားလမ်းဘေးတွင် မြေမြုပ်မိုင်းတစ်လုံးပေါက်ကွဲ၍ ခရီးသွားလင်မယားနှစ်ဦးတွင် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူ လင်မယားနှစ်ဦးမှာ ကျောက်တော်မြို့နယ်၊ ဆင်အိုးချိုင်ကျေးရွာမှ ဦးသိန်းဟန် (၂၉) နှင့် ဇနီးဖြစ်သူ ဒေါ်မိဖြူ (၂၉)နှစ်တို့ ဖြစ်ကြသည်။

၎င်းတို့ လင်မယားနှစ်ဦးသည် အောက်တိုဘာ ၁၈ ရက်နေ့ မနက် ၁ဝ နာရီခန့်က မြောက်ဦးမြို့နယ်၊ ထိပ်ဝပြင်ကျေးရွာမှ ပြန်လာစဉ် စစ်တွေ- ရန်ကုန်လမ်းဘေးတွင် ဆိုင်ကယ်ဘီးပေါက်၍ တွန်း၍သွားရာမှ မြေမြုပ် မိုင်းတစ်လုံး ပေါက်ကွဲကာ ဒဏ်ရာရရှိသွားခဲ့ခြင်း ဖြစ်သည်။

ဒဏ်ရာရရှိသူ ဦးသိန်းဟန်က “ ကျနော်တို့လင်မယားနှစ်ယောက်က မြောက်ဦးမြို့နယ်၊ ထိပ်ဝပြင်ဆရာတော်ကို တွေ့ပြီး ဘုန်းကြီးကျောင်းက ပြန်လာတယ်။ စစ်တွေ- ရန်ကုန်ကားလမ်း အတိုင်း မောင်းလာတော့ လင်မြွေတောင် အနီးကို ရောက်တဲ့အချိန်မှာ ဆိုင်ကယ် နောက်တာယာမှာ လေလျော့သွားလို့ ကျနော်က ဆင်းပြီး တွန်းတယ်။ အဲဒီအချိန်မှာ မြေစာပုံလေးဆိုင်ကယ်ပေါ်က တွန်းတာနဲ့  မိုင်းပေါက်ကွဲမှုဖြစ်တယ်။ ဆိုင်ကယ်လည်းပျက်စီးသွားတယ်။ ကျနော်မှာတော့ ညာဘက်ပေါင်မှာ ဒဏ်ရာရသွားတယ်။ ကျနော့် မိန်းမမှာတော့ နဖူးမှာ ဒဏ်ရာအနည်းငယ်ရသွားတယ်။ ကျနော့် မိန်းမကိုတော့လမ်းမှာ အိန္ဒိယသုံးဘီး တစ်စီးနဲ့တွေ့လို့ ကျနော်တို့ ရွာ ဆင်အိုးချိုင်ပို့ပေးလိုက်တယ်။ ကျနော်ကတော့ နောက်ဆိုင်ကယ် တစ်စီးနဲ့ လမ်းကြုံလိုက်ပြီး အိမ်ပြန်ခဲ့ရတယ်” ဟု ပြောသည်။

၎င်းတို့နှစ်ဦး၏ ဒဏ်ရာအခြေအနေမှာ စိုးရိမ်စရာမရှိသည့်အတွက် ဆေးရုံးသို့မသွားဘဲ မိမိရပ်ရွာတွင် ဆေးကုသမှုခံယူနေကြောင်း သိရှိရသည်။

အဆိုပါလင်မယားနှစ်ဦး မိုင်းပေါက်ကွဲ၍ ဒဏ်ရာရရှိသွားခြင်းအပေါ် မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ဦးထွန်းသာစိန်ကလည်း အတည်ပြု ပြောကြားသည်။

အဆိုပါ မြောက်ဦးမြို့နယ်၊ လင်မြွေတောင်နားတွင် မြန်မာ့တပ်မတော်နှင့် AA တို့ မကြာခဏတိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ကြောင်း သိရှိရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...