မင်းပြားမေလွမ်းရွာအနီးတိုက်ပွဲဖြစ်၊ ရွာအနီးကျည်ကျ၍ ရွာသားများကြောက်လန့်ထွက်ပြေး

မင်းပြားမေလွမ်းရွာအနီးတိုက်ပွဲဖြစ်၊ ရွာအနီးကျည်ကျ၍ ရွာသားများကြောက်လန့်ထွက်ပြေး

ခိုင်လူလှ - ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မေလွမ်းရွာအနီးတွင် အောက်တိုဘာ ၁၈ ရက်နေ့လယ် ၁ နာရီက တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်များ ရွာအနီးကျရောက်သဖြင့် ရွာသားများ ကြောက်လန့်ထွက်ပြေးနေကြရသည်ဟု ရွာသားတစ်ဦးက ပြောသည်။

မေလွမ်းရွာသား တစ်ဦးက “ ပေါက်ကွဲသံက နေ့လယ် ၁ နာရီလောက်မှာ တောင်ပုတ်ကေရွာ အနီးက ကျောက်ကြီးတောင်ဘက်က ကြားရပါတယ်။ အဲဒီနေရာကို မေလွမ်းကဆိုရင် ၃ ဖာလုံလောက် ဝေးပါတယ်။ အဲဒီနောက် လက်နက်ကြီးလက်နက်ငယ် ပစ်သံကြားရပြီး ရွာအနီးမှာလည်း လာကျတဲ့ အတွက် ရွာသားတွေလည်း ငိုသူငို ပြေးသူ ပြေးနဲ့ မြစ်တစ်ဖက်ကမ်းကို ထွက်ပြေးကြပါတယ်” ဟု ပြောကြားသည်။

၎င်းရွာသား၏ အပြောအရ တိုင်းဗဟို (၉) ဘက်မှလည်း လက်နက်ကြီးဖြင့်ထုကြောင်း၊ မြစ်ထဲတစ်လုံးကျ၍ ငါးသလောက်ပိုက်မျောနေသူများ ကြောက်လန့်ထွက်ပြေးကြကြောင်း ၎င်းက ပြောကြားသည်။

“မေလွမ်းရွာဘက်ကို မင်းပြားဘက်ကနေ ကားလမ်းအတိုင်း လာတဲ့ စစ်ကြောင်းနဲ့ ဖြစ်ကြတယ်လို့ ပြောပါတယ်။ အေအေနဲ့ ဖြစ်တာနေမှာပါ။ တိတိကျကျတော့  ကျနော် မပြောတတ်ဘူး။ ပေါက်ကွဲသံတွေကြားရပြီး သေနတ်သံတွေဆက်တိုက်ကြားရပါတယ်။ မေလွမ်းရွာထဲမှာ သက်ရွယ်ကြီးရွယ်အို အနည်းငယ်ကျန်ခဲ့ပြီး ကျန်တဲ့လူတွေ ထွက်ပြေးနေကြရပါတယ်” ဟု ပြောကြားသည်။

ထိုသို့ ပစ်ခတ်သံများကို ၁၅ မိနစ်ခန့်ကြားရပြီး လက်နက်ကြီးကျည်များ ရွာအနီး ကျသော်လည်း ရွာသားများအား ထိခိုက်မှု မရှိကြောင်း ပြောကြားသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က “ ဟို မေလွမ်းရွာနဲ့ သိပ်မဝေးတော့တဲ့ တောင်ပုတ်ကေ ရွာအနီးမှာ ဖြစ်ကြတယ်လို့ ပြောတယ်။ ရာမောင်းတံတားနဲ့ မေလွမ်းရွာကြားဖြစ်ပေမယ့် မေလွမ်းဘက်ကို နီးသွားပါပြီ။ မေလွမ်းရွာထဲက အိမ်ခေါင်မိုးတွေကို ကျည်ဆံ လာထိတဲ့အတွက် ရွာသားတွေက ကြောက်ပြီး ထွက်ပြေးကြရတယ်လို့တော့ ရွာသားတွေ အကြောင်းကြားလာပါတယ်” ဟု ပြောကြားသည်။

အဆိုပါ မင်းပြားမြို့နယ် မေလွမ်းရွာအနီးဝန်းကျင်တွင် တောတောင်များ ထူထပ်ပြီး တောင်ချိုင်များလည်း များသဖြင့် အဆိုပါရွာမြောက်ဘက် ကားလမ်းပေါ်တွင် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်ဟု သိရှိရသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းသို့ ယနေ့ ညနေပိုင်း ၆ နာရီ မိနစ် ၄ဝ ဝန်းကျင်ခန့်က  ဖုန်းသုံးကြိမ် ခေါ်ဆိုသော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိခဲ့ပါ။

ဓါတ်ပုံ - ပုံဟောင်း
August 15, 2026
မကွေးတိုင်းဒေသကြီး၊ ပဒန်းမြို့၊ ရိုးတောင်ကျော်လမ်းပေါ်ရှိ နတ်ရေကန်သို့ ပို့ဆောင်သော စစ်အုပ်စုတပ်...
ဓါတ်ပုံ - PTC News (စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်းအား တွေ့ရစဉ် - ပုံဟောင်း)
August 13, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း...
August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - AA Info Desk
August 11, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ...