မင်းပြားမြို့နယ်တွင် ဒေသခံရွာသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး

မင်းပြားမြို့နယ်တွင် ဒေသခံရွာသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး

ဆောင်းဇာခြည် - ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မြစ်နားရွာကျေးရွာမှ ဒေသခံရွာသားတစ်ဦး သူ့၏ ဥယျာဉ်ခင်းသို့သွားစဉ် မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရရှိသွားကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။

၎င်း မိုင်းနင်းမိသူမှာ မြစ်နားရွာကျေးရွာမှ ဦးမောင်ညိမ်း (၆၈) နှစ်ဖြစ်ပြီး ၎င်းမှာ အောက်တိုဘာ ၁၇ ရက် နံနက် ၉ နာရီခန့်က သူ့၏ ဥယျာဉ်ခင်းအတွင်း မိုင်းနင်းမိကာ ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ပြီး မင်းပြားဆေးရုံ၌ သေဆုံးသွားကြောင်း ညီတော်စပ်သူ ဦးကျော်ဝင်းက ပြောသည်။

“ဆေးရုံမှာ ဆုံးပါတယ်။ သွေးထွက်လွန်သွားတယ်လို့ ပြောပါတယ်။ ညာဘက် ခြေတစ်ဘက်လည်း ပြတ်သွားပါတယ်။ သူက သူ့ရဲ့ ဥယျာဉ်ခင်းကို သွားတာ။ သူ့ဥယျာဉ်ခင်းက မြေပြင်ကနေ တောင်ကုန်းတွေအထိ ပါပါတယ်။ အခု မိုင်းနင်းမိတာက အဲဒီ သူပိုင်တဲ့ တောင်ကုန်းစောင်းလေးမှာပါ။ မြေပြန့်လည်း မဟုတ်ဘူး၊ တောင်အပေါ်ထိလည်း မဟုတ်ဘူးပေါ့။ အဲဒီမှာ သူစစချင်း မိုင်းနင်းမိတုန်း ဒဏ်ရာက ထုံနေတယ်ထင်တယ်။ သူ့ဟာသူ အိမ်ကို ဖုန်းဆက်ခေါ်လို့ အိမ်ကလူတွေ သိရတာ” ဟု နိရဉ္စရာသို့ ပြောသည်။

ဦးမောင်ညိမ်း၏ ညာဘက်ခြေ ဒူးအောက်မှ အရိုးအဆစ်များမှာ ကြေမွသွားကြောင်း၊ ဘယ်ဘက် ခြေထောက်အားလည်း မိုင်းအစများ ထိသွားကြောင်း၊ ယနေ့ နံနက် ၁၁ နာရီခွဲခန့်က မင်းပြားဆေးရုံကြီး၌ သေဆုံးသွားကြောင်း မိသားစုဝင်များက ပြောသည်။

မြစ်နားရွာ၏ အရှေ့ဘက် မိုင်ခွဲခန့်အကွာတွင် ဦးမောင်ညိမ်း၏ ဥယျာဉ်ခင်းရှိကြောင်း မြစ်နားရွာကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဦးမောင်လပြည့်က ပြောသည်။

“သူ့မှာ ဒဏ်ရာက အရမ်းပြင်းပါတယ်။ ခြေတစ်ဘက် ပြတ်သွားတယ်ပေါ့။ သူ့ဥယျာဉ်ကို အလုပ်လုပ်ဖို့ သွားတုန်း မိုင်းနင်းမိတာပါ။” ဟု အုပ်ချုပ်ရေးမှူးက နိရဉ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်အား ဆက်သွယ်ခဲ့ရာ ဖုန်းအဆက်သွယ် မရရှိခဲ့ပါ။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...