ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP နှင့် မဟာမိတ်ဖွဲ့ထားပြီး ငွကြေးဆိုင်ရာ အကူအညီများ ရယူနေသည်ဟု ဆိုသည့် သတင်းများမှာ မှန်ကန်မှု မရှိကြောင်း တိုင်းရင်းသား ပါတီ ၅ ပါတီက က ပြောဆိုလိုက်သည်။
ထိုသတင်းများမှာ သြဂုတ်လကတည်းက စတင်ပြန်နှံ့နေခဲ့ပြီး လက်ရှိအချိန်တွင်လည်း မဲဆန္ဒရှင် ပြည်သူများ အကြားအထိ ဆက် လက် ပြန့်နှံ့နေသည့်အတွက် ထိုသတင်းများမှာ မှန်ကန်မှုမရှိကြောင်း ပြည်နယ် အခြေစိုက်တိုင်းရင်းသားပါတီများက တုန့်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ကချင်ပြည်နယ် အခြေစိုက် ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒု-ဥက္ကဋ္ဌ (၂) ဦးကွမ်ဂေါင်အောင်ခမ်းက “သတင်း အမှားဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဟာ ကျနော်တို့ ဘယ်ပါတီနဲ့မှ ကျနော်တို့က မဟာမိတ် လုပ်ထားခြင်း မရှိပါဘူး။ အတူလက်တွဲဆောင်ရွက်တာလည်း မရှိဘူး။ အဓိက ကျနော်တို့ လက်တွဲဆောင် ရွက်တယ် မဟာမိတ် လုပ်တယ်ဆိုတာ တိုင်းရင်းသား ပူးပေါင်းပါတီတွေနဲ့အတူ တခြားတိုင်းရင်းသားတွေနဲ့ အတူတကွ လက်တွဲဆောင်ရွက်တာပဲရှိပါတယ်။ ဒါကြောင့်မို့လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပဲဖြစ်ဖြစ် NLD ပဲဖြစ်ဖြစ် ကျနော်တို့ မဟာမိတ်လည်း မလုပ်ထားပါဘူး။ ပူးပေါင်းဆောင်ရွက်တာလည်း မရှိပါဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့ကလည်း ထန်တလန် USDP ပါတီ၏ စည်းတံဆိပ်တုံးဖြင့် ဆိုရှယ်မီဒီများ ပေါ်တွင် ပြန်နှံ့လာသည့် စာကို အကြောင်းပြု၍ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် CNLD သည် USDP ပါတီနှင့် မဟာမိတ်ဖွဲ့ထားသည်ဟု ပြောဆိုမှုများမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။
အဆိုပါပြောဆိုမှုများနှင့် ပတ်သက်၍ ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် CNLD ဥက္ကဋ္ဌ ဦးငိုင်ဆာခ့် က “ထန်တလန်မှာက ကျနော်တို့ အရင်က ရွေးကောက်ပွဲ ကော်မရှင်မှာ ရွေးကောက်ပွဲကော်မရှင် ပါတီတွေကို မတွေ့လို့ စာရေးတုန်းက တချို့လူတွေက အဲလိုစွပ်စွဲထားလို့ ကျနော်တို့ ပြန်ဖြေရှင်းထားတယ်။ ကြေညာ ချက်အမှတ် ၁/၂၀၂၀၊ ၂/၂၀၂၀၊ ၃/၂၀၂၀ စသဖြင့် ထုတ်တယ်လေ။ ထုတ်တော့ မဟာမိတ် မလုပ်ဘူး မဟာမိတ် လုပ်ဖို့လည်း အစီအစဉ်မရှိဘူးဆိုတာ ကြေညာထားပြီးသား အဲဒီအတိုင်းပါပဲနော်” ဟု ပြော သည်။
ယခုအခါတွင် ထိုသတင်းအမှားများကို မဲဆန္ဒရှင်ပြည်သူများအကြားတွင် လိုက်လံဖြေရှင်းနေရသည် ဟု CNLD ဥက္ကဋ္ဌ က ဆက်ပြောသည်။
ဦးငိုင်ဆာခ့်က “အထူးသဖြင့် NLD က အဲဒါကို တိုက်တာ အထူးသဖြင့် ချင်းပါတီတစ်ခုတည်း မဟုတ်ဘူး ထင်တယ်။ တိုင်းရင်းသားပါတီ ငယ်လေးတွေကို ဒီကြံ့ခိုင်ရေးနဲ့ ပေါင်းမယ်ဆိုပြီးမှ စစ်တပ်နဲ့ ပေါင်းမယ် ဆို ပြီးမှ အဲလိုသတင်းတွေ အလိမ်အညာတွေဖြန့်တာများတယ်။ ဒီဖက်မှာ ချင်းတောင်ဖက်မှာတော့ ဘာဖြစ်လို့ လဲ ဆိုတော့ သူတို့က သူတို့အင်အားကောင်းအောင် သူတို့ရှင်းရှင်းပြောရရင် မဲအနေအထား မကောင်းဘူး ဆိုရင်တော့ တိုင်းရင်းသားပါတီတွေ အားကောင်းလာတဲ့ အခါကျတော့ စစ်တပ်နဲ့ ပေးစားလိုက်ပေါ့နော်၊ ကြံ့ ခိုင်ရေးနဲ့ ပေးစားလိုက်ဆိုရင် ပြည်သူလူထုကလည်း ဒီဖက်မှာ အွန်လိုင်းတွေလည်း မရဘူး ဖုန်းလိုင်းတွေ လည်း မရတဲ့အခါကျတော့ တချို့ ပြည်သူတွေက ယုံတာပေါ့။ ယုံတော့ သူတို့ မဲဆွယ်နေကြတာပဲ အဲဒါနဲ့ ပါ နော်။ အဲဒီအပေါ်မှာလည်း သူတို့ ဒီလိုမမှန်မကန် ပြောဆိုနေတာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်တော့ ကျနော်တို့ လိုက်ရှင်းနေရတာပေါ့လေ” ဟု ပြောသည်။
ကရင်ပြည်နယ် အခြေစိုက် ကရင်အမျိုးသား ဒီမိုက ရက်တစ်ပါတီ KNDP ဥက္ကဋ္ဌ မန်းအာင်ပြည်စိုး ကလည်း “ဒီသတင်းအမှားတွေကတော့ အရမ်းအရမ်းတော့ မယုံကြနဲ့လေ ကျနော်တို့ကို မေးမြန်းပြီးတော့မှ ဒါက လော်ဘီလုပ်တယ်လည်း ဖြစ်တယ်ပေါ့။ ဒီအချိန်ကတော့ ပိုပြီးတော့ လော်ဘီလုပ်ကြတာပေါ့ဗျာ။ ကျနော်တို့ ခုန ပြောသလိုပေါ့လေ သတင်းမီဒီယာတွေလည်း အရမ်းအရမ်း နားထောင်ပြီးတော့ မရေးမိဖို့တော့ လိုတာ ပေါ့။ သေချာမေးမြန်းပြီး ပြောမှ ဒါအဖြစ်မှန်ကို ရေးသားဖော်ထုတ်ဖို့တော့ လိုတယ်ပေါ့လေ ခုနက ကျနော် တို့ကတော့ ပြည်ခိုင်ဖြိုးကတော့ ကျနော်တို့ဆီမှာ မလာပါဘူး။ လာပြီးတော့လည်း စည်းရုံးတာလည်း မရှိပါ ဘူး။”
ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့ကလည်း ရေးမြို့နယ်အတွင်းရှိ အစင်ကျေးရွာနှင့် ဇီးဖြူ သောင်ကျေးရွာတို့တွင် မွန်ညီညွှတ်ရေးပါတီ MUP မှ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး ဟောပြောစဉ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က ပါတီဝင်အချို့ တက်ရောက်ခဲ့ကြသည့်အပေါ် ဝေဖန် မှုများ ထွက်ပေါ်ခဲ့သည်။
မည်သည့်မဲဆွယ်စည်းရုံး ဟောပြောပွဲတွင်မဆို ပြည်သူများဖြစ်စေ၊ မည်သည့် ပါတီဝင်ဖြစ်စေ တက်ရောက်နားထောင်ခွင့်ရှိသည့်အတွက် အထူးအဆန်း မဟုတ်ကြောင်း၊ မွန်ညီညွှတ်ရေးပါတီ MUP ၏ မူဝါဒအရ မည် သူမဆို တက်ရောက်နားထောင်ခွင့်ရှိသော်လည်း တိုင်းရင်းသားပါတီများနှင့်သာ မဟာမိတ်ဖွဲ့ထား သည် ဟု MUP က ဆိုသည်။
ထိုဝေဖန်မှုများနှင့် ပတ်သက်၍ မွန်ညီညွှတ်ရေးပါတီ MUP ပါတီမှ အထွေထွေ အတွင်းရေးမှူး ၁ နိုင်လယီ တမ က “လက်ရှိ အနေအထားမှာ မဲဆွယ်စည်းရုံးရေးကာလမှာ ကျနော်တို့ ပါတီက အားကောင်းတဲ့ မြို့ နယ်တွေမှာ ပြိုင်ဖက် ပါတီအချို့ က ကျနော်တို့ ပါတီကို ဟိုပါတီနဲ့ ပေါင်းထားသလိုလို ဘယ်အဖွဲ့အစည်းနဲ့ မဟာမိတ် ပြုထားသလိုလို ပြည်သူကြားမှာ ကျနော်တို့ ပါတီကို ထင်ယောင်ထင်မှား ဖြစ်အောင် ပြောနေ တာတွေ ရှိတယ်။ ဒါက ရွေးကောက်ပွဲ အတွက်ကို ရည်ရွယ်ပြီးတော့ ကျနော်တို့ကို တိုက်ခိုက်လာတဲ့ အခြေ အနေတွေ ရှိလာတာ အဲဒါကြောင့် ဘယ်သူပဲ ပြောသည်ဖြစ်စေ ကျနော်တို့က ဟိုအဖွဲ့နဲ့ ဒီအဖွဲ့နဲ့ မဟာမိတ် ပြုထားတယ်ဆိုတာ အဲဒီစကားကို ဘယ်ပါတီက ပြောသည်ဖြစ်စေ ဘယ်အဖွဲ့က ပြောသည်ဖြစ်စေ အဲဒီ စကားကို ကျနော်အနေနဲ့ ပယ်ချတယ်။ ကျနော်တို့က တိုင်းရင်းသား ပါတီတွေက လွဲရင် အခြား ဘယ်ပါတီ နဲ့မှ မဟာမိတ် ဖွဲ့ထားတာ မရှိသေးပါဘူး” ဟု သတင်းနှင့် မီဒီယာကွန်ရက် သို့ ပြောဆိုထားသည်။
လက်ရှိထွက်ပေါ်နေသည့် သတင်းများနှင့် ပတ်သက်၍ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP အ တွင်းရေးမှူး ဦးသဲရယ်ကလည်း ယခုကဲ့သို့ ပြောသည်။
“ကာချုပ်နဲ့ တွေ့တဲ့အခါမှာ သူတို့က တစ်ခါတည်း အဲဒီပွဲကို တက်လာတဲ့ ပါတီတွေကို မဟာမိတ် လုပ်မယ် ဆိုတဲ့ ပုံစံမျိုး သူတို့ ဖန်တီးလာတဲ့အခါကျတော့ ကျနော်တို့ ပါတီတွေ အနေနဲ့လည်း လက်မခံဘူးပေါ့။ ကျနော်တို့ကတော့ လက်ရှိ အဲဒီကာချုပ်နဲ့ လာတွေ့ ပြီးတော့မှ ပါလာတဲ့ ပါတီတွေနဲ့တော့ မဟာမိတ်လုပ်ဖို့ အခြေ အနေ မရှိဘူးပေါ့။ ကျနော်တို့ ပါတီကတော့ အဓိက တိုင်းရင်းသား ပါတီနဲ့ပဲ မဟာမိတ် လုပ်မယ်ဆို တဲ့ ကျနော်တို့ရဲ့ ပါတီသဘောထားလည်း အဲလိုရှိတဲ့အခါကျတော့ ဒီအပြင်မှာတော့ ဘာမှမသိရဘူး ပေါ့ နော်။ အဲဒီတစ်ခေါက်ကပဲ ကမ်းလှမ်းတာတော့ ရှိခဲ့ဖူးတယ်။ ဒါပေမယ့် ကျနော်တို့တော့ လက်မခံပါဘူး။”
ပေါင်းစည်းထားကြသည့် ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများမှာ မွန်ညီညွှတ်ရေးပါတီ MUP၊ ကချင် ပြည်နယ် ပြည်သူ့ပါတီ KSPP၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP၊ ကယားပြည်နယ် ဒီမိုကရက် တစ်ပါတီ KySDP နှင့် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် CNLD တို့ ဖြစ်သည်။
ထိုပါတီများမှာ ၂၀၂၀ ရွေးကောက်ပွဲအလွန်တွင် ညွှန်ပေါင်းအစိုးရဖွဲ့ရန် သဘောထားရှိသည့် ပြည်နယ် အခြေစိုက် တိုင်းရင်းသား နိုင်ငံရေးပါတီများ ဖြစ်ကြသည်။







