ရေမဲပြဿနာဖြေရှင်းပေးနိုင်မည့်သူကိုသာ မဲထည့်မည်ဟု ဒေသခံမဲဆန္ဒရှင်များပြော

ရေမဲပြဿနာဖြေရှင်းပေးနိုင်မည့်သူကိုသာ မဲထည့်မည်ဟု ဒေသခံမဲဆန္ဒရှင်များပြော

စောရှား — ၂၀၂၀ ရွေးကောက်ပွဲတွင် ရေမဲပြဿနာကိုင်တွယ်ဖြေရှင်းပေးနိုင်မည့် ပါတီနှင့်ကိုယ်စားလှယ်လောင်းများကိုသာ မဲပေးမည်ဟု တစ်နှစ်ကျော်ကြာ သောက်သုံးရေ အခက်အခဲဖြစ်နေဆဲ ဖားအံမြို့၊ သံလွင် မြစ်အနောက်ဖက်ခြမ်း ရှိ ဒေသခံမဲဆန္ဒရှင်များက ပြောဆိုလိုက်သည်။

ရေတွင်းကုန်း(ကောဝ်ထိုင့်ဍာ်)ရွာမှ နန်းထူးလိုင်က “ရေသန့်ဝယ်သောက်ရတာ ၁ နှစ်ပြည့်သွားပြီးပေါ့။ ရွာက ရေတွေဟာ ဟိုးအရင်ကအတိုင်းပြန်သန့်လာပြီးတော့ တသက်လုံး ပြန်သောက်သုံးလို့ ရအောင် လုပ်ပေးနိုင်မယ့် လူကို မဲထည့်ပေးမယ်။”ဟု ကေအိုင်စီသို့ အောက်တိုဘာ ၁၃ ရက်တွင်ပြောသည်။  

ထို့အပြင် ရေအလှူရှင်များ မရှိသည့်အချိန် စီးပွားရေးအဆင်မပြေသူများမှာ ရေတွင်းရေကိုသာ သောက်သုံးနေရပြီး ရေရှည်ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် အာမခံပေးမည့်သူ မရှိသေးခြင်းကြောင့် ရွာသားများကို ထိခိုက်နစ်နာအောင်မလုပ်သော ရေပြဿနာဖြေရှင်းပေးနိုင်သော ကိုယ်စားလှယ်များကိုသာ လိုချင်ကြောင်း နန်းထူးလိုင်က ဆက်ပြောသည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလဆန်းပိုင်းက ဘားကပ်၊ အောက်ကော့ရင်း၊ ရသေ့ပျံ၊ ပန်းကုန်း စသည့် ကျေးရွာ အုပ်စုများအတွင်းရှိ ကျေးရွာများတွင် ဒေသခံများအသုံးပြုသောက်သုံးနေသော သောက်သုံးရေကန်၊ ရေတွင်း များအတွင်း ပုံမှန်မဟုတ်သည့် ရေများမဲနက်လာခြင်းနှင့်အတူ ငါးများသေဆုံးမှုများ ဖြစ်ပေါ်ခြင်းကြောင့် သောက်သုံးရေ ခက်ခဲလာခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်အထိလည်း ဖားအံမြို့နယ်၊ အနောက်ဖက်ခြမ်းဒေသရှိ ကျေးရွာပေါင်း ၇ ရွာကျော် တို့တွင် ၁နှစ် ကျော်ကြာ သောက်ရေသန့်များကိုသာ ဝယ်သောက်နေရဆဲဟု ရေတွင်းကုန်းရွာ အုပ်ချုပ်ရေးမှူး စောငွေလွန်းက ကေအိုင်စီသို့ပြောသည်။

နတ်ကုန်းရွာမှ လူငယ်တစ်ဦးကလည်း “ကျနော်တို့ ဒေသမှာ အခုထိကြုံတွေ့နေရတာကတော့ ရေကိစ္စပေါ့ နော်။ သောက်သုံးလို့ရ၊ မရ အာမခံတဲ့ Data အဖြေ ထုတ်ပြန်ချက်တွေ မတွေ့ရသေးဘူး။ ဆိုးကျိုးတွေဖြစ်လာ ရင် အစိုးရသစ်အနေနဲ့ ဘယ်လိုတာဝန်ခံ လုပ်ပေးမလဲပေါ့နော်။ လုပ်ပေးနိုင်တဲ့ ကိုယ်စားလှယ်ကိုပဲ ရွေးချယ် မဲပေးသွားမှာပါ။” ဟု ကေအိုင်စီသို့ ပြောသည်။

အစိုးရဌာန တာဝန်ရှိသူအချို့မှ ရေများသည် သောက်သုံး၍ရကြောင်း ထိုရွာများအတွင်း စာကပ်ခြင်း၊ ပြောဆိုခြင်းများရှိခဲ့သော်လည်း ရေရှည်တွင် ဆိုးကျိုးများဖြစ်ပေါ်လာပါက တာဝန်ယူ၊ တာဝန်ခံဖြေရှင်းပေး မည့်သူ မရှိသဖြင့် သောက်မရဲသေးကြောင်းလည်း ဒေသခံများက ပြောဆိုနေကြသည်။

အဆိုပါ ရေမဲမှုဖြစ်ပွားသည့်ဒေသတွင် ၂၀၂၀ ရွေးကောက်ပွဲ၏ ပြည်သူ့၊ အမျိုးသား၊ ပြည်နယ်လွှတ်တော် ၃ ရပ်၌ ပါတီ ၉ ပါတီနှင့် တစ်သီးပုဂ္ဂလ ၃ ဦးအပါအဝင် ကိုယ်စားလှယ်လောင်းစုစုပေါင်း ၃၃ ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

ယင်းဒေသတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည့် ပြည်နယ်လွှတ်တော်၊ ဖားအံမြို့နယ်မဲဆန္ဒနယ် အမှတ်(၂) တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာ နော်ယုဇနဝင်းက ၎င်းထံရှိ ရေချိုရေသန့် မျှော်မှန်းချက်နှင့် ပတ်သက်၍ ကေအိုင်စီသို့ ယခုလိုပြောသည်။

“ရေချိုရေသန့်နဲ့ ပတ်သက်တဲ့ မူဝါဒဟာ အရမ်းအရေးကြီးလို့ ပြည်နယ်လွှတ်တော်ကနေ ကာကွယ်ပေးတဲ့ လုပ် ဆောင်ချက်တွေ လုပ်ဖို့လိုတယ်။ ရေမဲတာနဲ့ပတ်သက်ပြီးတော့ ရေမှာဘာတွေပါဝင်နေလဲဆိုတာ ထပ်စစ်ဖို့ လို နေပါတယ်။ အရေပြားနဲ့ပတ်သက်ပြီး ဘယ်ဧရိယာက ဘယ်သူတွေ ဘယ်လောက်ဖြစ်ကြသလဲဆိုတဲ့ ကျန်းမာ ရေး စစ်တမ်းတွေကောက်ယူဖို့ဆိုတာ လွှတ်တော်ကိုယ်စားလှယ်မှာ အပြည်အဝ အခွင့်အာဏာရှိတယ်ပေါ့နော်။ ဒါကြောင့် ဒါကို အထူးအလေးထား ဆောင်ရွက်ပေးချင်တယ်။” ဟု နော်ယုဇနဝင်းက ပြောသည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်နေ့က ရေပြဿနာပူပန်နေရဆဲ ဒေသခံများ၏ ဆင်းရဲဒုက္ခရောက်မှုများကို တာဝန်ရှိသူအဆင့်ဆင့်တို့မှ လိုအပ်သော အကူအညီများ အဆောတလျင် ဆောင်ရွက်ပေးသင့်ကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP က သဘောထားထုတ်ပြန်ပြီး သောက်ရေသုံးရေ လှူဒါန်းမှူများကို ပြုလုပ် ခဲ့သည်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်နေ့တွင် ပြုလုပ်ခဲ့သော KNDP ၏ သတင်းစာရှင်းလင်းပွဲ၌ လွှတ်တော်ထဲ ရောက်ရှိပါက ရေမဲပြဿနာများကို ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဟု ပြည်နယ်လွှတ်တော်၊ ဖာပွန်အမှတ်(၂) ကိုယ်စားလှယ်လောင်း နော်သဇင်တုပ်က ဖြေကြားသွားခဲ့သည်။

“ ကျမတို့ပါတီရဲ့ မူဝါဒထဲမှာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းမယ်ဆိုပြီးပါတယ်။ ရေမဲပြဿနာက သဘာဝ ပတ်ဝန်းကျင်ထိခိုက်တာပေါ့နော်။ ကျမတို့ လွှတ်တော်ထဲဝင်ရောက်မယ်။ အစိုးရအဖွဲ့ထဲ ပါဝင်မယ်ဆိုရင်တော့ ပထမဦးဆုံး ရေမဲတဲ့ပြဿနာရဲ့ ဘာကြောင့် ဘယ်လိုဖြစ်လဲဆိုတဲ့ ဇစ်မြစ်ကို ဆန်းစစ်မယ်။ ပြီးရင် ထိန်းသိမ်း တည့်မတ်မယ်။ ဟန့်တားသင့် ဟန့်တားရမယ်ပေါ့နော်။”ဟု သူမက ပြောသည်။

ထို့အပြင် ရေမဲကြောင့် ထိခိုက်နစ်နာသွားသည်များကို ပြန်လည်ကုစားသွားရမည်ဖြစ်ပြီး ကြားကာလတွင် ရေ သန့်များရရှိရန် နည်းစနစ်များရှာဖွေကာ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နော်သဇင်တုပ်က ကေအိုင် စီ၏ မေးမြန်းမှုကို ဆက်လက်ဖြေကြားခဲ့သည်။

ယမန်နှစ်တွင် ကျေးရွာပေါင်း ၃၀ ဝန်းကျင်ခန့်၌ ရေများ မည်းနက်ခဲ့ခြင်းမှာ အနီးအနားရှိ မြိုင်ကလေး တန် ၄၀၀၀ ဘိလပ်မြေစက်ရုံက စုပုံထားသော ကျောက်မီးသွေးများကြောင့်ဖြစ်သည်ဟု ဒေသခံများက ဝေဖန် ပြော ဆိုမှုများရှိနေဆဲဖြစ်သည်။ ရေမဲပြဿနာ ကြုံတွေ့ရမှုမှာ တစ်နှစ်ကြာပြီဖြစ်သော်လည်း အချို့ကျေးရွာများတွင် ရေမဲနေဆဲဖြစ်၍ လက်ရှိအချိန်ထိ ယင်းဒေသရှိရေများကို သောက်သုံး၍ မရဲကြသေးကြောင်း ဒေသခံများကပြောသည်။

Most read this week

Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...