ရသေ့တောင်မြို့နယ်တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲပြင်းထန်နေ

ရသေ့တောင်မြို့နယ်တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲပြင်းထန်နေ

နှင်းနွယ် — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စုတွင် အောက်တိုဘာ ၁၃ ရက် နံနက် ၉ နာရီခွဲအချိန်ခန့်ကစတင်ကာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလျက် ရှိကြောင်း ဒေသခံများထံမှသိရသည်။

ရသေ့တောင်မြို့အနီးရှိ တပ်မတော်တပ်ရင်းများမှ အဆိုပါတိုက်ပွဲဖြစ်ပွားရာ အနီးတစ်ဝိုက်သို့ လက်နက်ကြီး ပစ်ကူပေးမှုများရှိသည့်အပြင် တပ်မတော်မှ ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့်လည်း လာရောက်ပစ်ခတ်မှုများ ရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “အဲဒီဖက်မှာ နှစ်ဖက်တိုက်ပွဲကတော့ အရမ်း ပြင်းပြင်းထန်ထန်ဖြစ်နေတယ်။ တပ်မတော်က လေကြောင်းကရော၊ ‌ရေကြောင်းကရော လှမ်းပစ်နေတယ်။ ကုန်းပေါ်ကလည်း ပစ်နေတယ်။ ဘူးသီးတောင်ဖက်က အတွဲလိုက်ဒုံးကျည်တွေနဲ့ လှမ်းပစ်သံတွေလည်း ကြားရတယ်” ဟု ဆိုသည်။

ကျောက်တန်းကျေးရွာနှင့် အောင်သာစည်ကျေးရွာတို့မှ မီးခိုးများထွက်နေသည်ကိုတွေ့မြင်နေရကြောင်း သောင်းဒရားကျေးရွာမှ ဒေသခံ ကိုခင်သန်းမောင်က ပြောသည်။

“လက်နက်ကြီးကတော့ မနက်ကတည်းကပစ်နေတာပဲ။ ဟိုနေရာကပစ်လိုက်၊ ဒီနေရာကပစ်လိုက်နဲ့ ဆူညံနေ တာပဲ။ ပစ်လိုက်တဲ့လက်နက်ကြီးတွေအကုန်လုံး ကျောက်တန်းရွာနဲ့ အောင်သာစည်ရွာနားမှာပဲ ကျကွဲသံ ကြားတယ်။ ရွာထဲက မီးခိုးတွေထွက်နေတာလည်း မြင်ရတယ်။ အိမ်တွေမီးလောင်နေတာလား။ လက်နက်ကြီး ပေါက်ကွဲလို့ မီးခိုးထွက်တာလားတော့ မသေးကွဲဘူး” ဟု ၎င်းကပြောပြသည်။

အဆိုပါ ကျောက်တန်းအုပ်စုမှ ဒေသခံများမှာ ပြီးခဲ့သည့်မေလအတွင်းက တပ်မတော်မှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်သွားမည်ဆိုသည့် သတင်းထွက်ပေါ်ပြီးနောက် ရသေ့တောင်မြို့ပေါ်နှင့် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်လျက် ရှိနေကြသည်။

လက်ရှိကျေးရွာအနီး တိုက်ပွဲဖြစ်ပွားနေသည့်အတွက် မိမိအိုးအိမ်များအတွက် စိုးရိမ်မိကြောင်း အောင်သာစည် ကျေးရွာမှ လမုတိုင်ကျေးရွာတွင်ရောက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင်ဦးမောင်သာထွန်းက ပြောသည်။

“ရွာနားမှာ တိုက်ပွဲဖြစ်နေတာဆိုတော့ ကျနော်တို့အတွက် အရမ်းစိုးရိမ်စရာကောင်းတဲ့ အခြေအနေပါပဲ။ ရွာမှာ ကျန်ခဲ့တဲ့ အိုးအိမ်ပစ္စည်းတွေ ပျက်စီးသွားမှာကို စိတ်ပူတယ်။ အခုတောင် ရွာမှာ အိမ်တွေမီးလောင်နေတယ်လို့ သတင်းကြားတယ်။ ကျနော် အရင်တစ်ခေါက်သွားကြည့်တုန်းကတောင် လက်နက်ကြီးကျလို့ အိမ်(၁၀)ဆောင်လောက် ပျက်စီးနေပြီ။ အခုဆို အိမ်တွေဘယ်လောက်များ ပျက်စီးသွားပြီလဲမသိဘူး။ တိုက်ပွဲကလည်း အခုထိဖြစ်နေတုန်းပဲ’’ ဟု ပြောသည်။

လက်ရှိ ကျောက်တန်းကျေးရွာအုပ်စုတွင် တိုက်ပွဲပြင်းထန်နေမှုအခြေအနေနှင့်ပတ်သက်ပြီး တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့မှ တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသေးပေ။

ရသေ့တောင်မြို့နယ်၊ ထီးစွဲကျေးရွာအနီးရှိ စိုးမိုးတောင်ကုန်းနေရာ၌ အခိုင်အမာနေရာယူနေသည့် AA အဖွဲ့၏ ခြေကုတ်စခန်းအား သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အောက်တိုဘာ (၄)ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ယင်းစခန်းအား (၂၄)နာရီအတွင်း ပြန်လည်ရရှိခဲ့ကြောင်း AA က အောက်တိုဘာ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့် ၂ နှစ်တာအတွင်း စစ်ဘေး ဒုက္ခသည်ဦးရေ နှစ်သိန်းနှစ်သောင်းခြောက်ထောင်ကျော်ရှိလာနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)၏ အောက်တိုဘာ ၁ ရက်နေ့အထိ စာရင်းအရသိရသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...