တိုက်ပွဲများကြောင့် ရွေးကောက်ပွဲအပေါ်ထိခိုက်လာမည်ကို ဒေသခံများစိုးရိမ်နေ

တိုက်ပွဲများကြောင့် ရွေးကောက်ပွဲအပေါ်ထိခိုက်လာမည်ကို ဒေသခံများစိုးရိမ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် တစ်ပတ်ကျော်ကြာ ပြင်းထန်စွာဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့် ရွေးကောက်ပွဲအပေါ် ထိခိုက်မှုများရှိလာမည်ကို ဒေသခံများအနေဖြင့် စိုးရိမ်မှုများရှိနေကြောင်း ဒေသခံ တချို့က မဇ္ဈိမသို့ပြောသည်။

လက်ရှိတွင် တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) တို့၏ ဖြစ်ပွားနေသော တိုက်ပွဲများသည် ကျောက်မဲမြို့စွန်အထိ လက်နက်ငယ်ပစ်ခတ်သံများကြားနေရသည့်အပြင် ၎င်းတိုက်ပွဲများ ရပ်တန့် ရန်မှာ ခက်ခဲနေခြင်းများကြောင့် ယခုကဲ့သို့ ရွေးကောက်ပွဲအပေါ် ထိခိုက်လာမည်ကို စိုးရိမ်နေရခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးဖြစ်သူ ကိုသားဇော်က ပြောကြားသည်။

“လူတွေရဲ့ ရင်ဘတ်ထဲမှာလည်း ရွေးကောက်ပွဲဆိုတာ သူ့ဟာသူ မျှော်မှန်းထားတဲ့ အတိုင်းအတာရှိတယ်လေ။ ရွေးကောက်ပွဲက တစ်လနီးပါးပဲလိုတော့တယ်။ ဒီအထိကိုရောက်သွားရင်ရော ဒီနေရာတွေက ရွေးကောက်ပွဲ ကိုဘယ်လိုလုပ်မလဲဆိုတာ ကျွန်တော်တို့လဲမစဉ်းစားတတ်ဘူး” ဟု၎င်းကဆိုသည်။

ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း၏ထုတ်ပြန်ချက်အရ ကျောက်မဲမြို့တွင် ၁၀ ရက်အတွင်း စစ်ရှောင်ဦးရေ ၃၀၀၀ ခန့်အထိရှိနေပြီး ဆက်လက်၍လည်း လူဦးရေတိုးလာနေသည်။

လက်ရှိတွင်  စစ်ရှောင်သူများအနေဖြင့် ပုံဝိုးကျေးရွာ၊ တောင်ထိပ်ကျေးရွာ၊ ကွမ်ဟင်ကျေးရွာ၊ ကောင်းလန်း ကျေးရွာ၊ နားဆောင်းကျေးရွာ၊ နမ့်ဟန်ခိတ်ကျေးရွာ၊ ဟဲကွီကျေးရွာနှင့် နောင်ကွမ်ကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းများတွင် ခိုလှုံနေကြသည်။

ထိုသို့ စစ်ပွဲများဆက်လက်ဖြစ်ပေါ်နေပါက စစ်ရှောင်လူဦးရေ တိုးလာနိုင်မည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲ အပေါ် ထိခိုက်လာမည်ကို စိုးရိမ်နေခြင်းဖြစ်ကြောင်းလည်း ကျောက်မဲမြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်းက ပြောသည်။

“ကျွန်တော်တို့ စိုးရိမ်နေတယ်ဆိုတာက စစ်ပွဲသာဆက်ဖြစ်နေရင် IDP တွေပိုများလာမယ်။ ပိုများလာရင် ရွေးကောက်ပွဲကို ထိခိုက်လာနိုင်တဲ့အနေအထားရှိတယ်။ ဒါကတော့ ကျွန်တော်တို့ရဲ့ စိုးရိမ်ချက်ပေါ့” ဟု ကျောက်မဲမြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်းက ပြောသည်။

သို့သော် ကျောက်မဲမြို့နယ်တစ်ဝှိက်ဖြစ်ပွားနေသော တိုက်ပွဲများမှာ ရွေးကောက်ပွဲအပေါ် ထိခိုက်မှုရှိလာမည် မဟုတ်ကြောင်း ကျောက်မဲခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထွန်းဝင်းက ဆိုသည်။

“စစ်ဘေးရှောင်ထဲက မဲပေးပိုင်ခွင့်ရှိတဲ့သူတွေကိုလည်း စုံစမ်းပြီးမှ မဲပေးနိုင်အောင်လို့တော့ စီစဉ်ထားပါတယ်။ ဒါပေမယ့် ဘယ်လိုလုပ်မယ်ဆိုတာတော့ မဆုံးဖြတ်ရသေးပါဘူး။ သက်ဆိုင်ရာတွေနဲ့တိုင်ပင်ပြီး လုပ်ကြရမှာ ဖြစ်ပါတယ်” ဟု ဥက္ကဋ္ဌ ဦးထွန်းဝင်းက ပြောသည်။

စစ်ဘေးရှောင်မည်မျှရှိသည်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် ပါတီတို့မှ စာရင်းကောက်ယူနေပြီး ၎င်းစစ်ဘေးရှောင်စာရင်းရရှိမှသာ ကြိုတင်မဲပေးခိုင်းမည်လား၊ နိုဝင်ဘာ ၈ ရက်နေ့တွင် မဲထည့်ရမည်လား ဆိုသည်ကို ဆုံးဖြတ်ကြမည်ဖြစ်ကြောင်း ဦးထွန်းဝင်းကဆိုသည်။

ရွေးကောက်ပွဲဆိုင်ရာစောင့်ကြည့်လေ့လာနေသောအဖွဲ့တစ်ခုဖြစ်သည့် PACE အဖွဲ့ကမူ လက်ရှိတွင် နေရပ်စွန့်ခွာရသူများ၏ အခြေအနေအားစုံစမ်းနေပြီး တိုက်ပွဲကြောင့် ရွေးကောက်ပွဲအပေါ်ထိခိုက်မှုရှိ/ မရှိကို မှတ်ချက် ပေးရန် ၎င်းတို့အဖွဲ့အတွက် စောနေသေးကြောင်း ဆိုသည်။

ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့မှ စိုင်းကျော်ညွှန့်က “ အမှန်တိုင်းပြောရင် အဲ့နေရာတွေက ကျွန်တော်တို့ SNLD ရဲ့နေရာတွေပဲဗျ။ ပြီးခဲ့တဲ့ ၂၀၁၅ လည်း ကျွန်တော်တို့အကုန်နိုင်တယ်။ သူတို့ရည်ရွယ်ချက်ကိုတော့ မပြောတတ်ဘူးဗျ။ တကယ်တန်းက တိုက်ပွဲဖြစ်သင့်တဲ့ အချိန်လည်းမဟုတ်ဘူးလေ” ဟု ပြောသည်။

ထို့ကြောင့် တိုက်ပွဲအခြေအနေနှင့်ပက်သက်၍ RCSS သို့ မဇ္ဈိမက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတပ်မတော်မှ အင်အားဖြည့်တင်းနေသောကြောင့်တိုက်ပွဲဆက်ဖြစ်နိုင်သေးသည်ဟု RCSS မှ ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ် ခေးကဆိုသည်။

“တပ်မတော်က တိုက်ပွဲနည်းနည်းဖြစ်တာနဲ့တပ်အင်အားထပ်ထပ်ဖြည့်ထပ်လှုပ်ရှား၊ တောနင်းရှာဖွေတော့ RCSS တပ်ဖွဲ့လည်း ဘယ်ဘက်ကိုရှောင်ရ၊ သွားရ မသိခါကျတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခုခံဖို့ တိုက်ပွဲပြန် ဖြစ်တာပေါ့” ဟုပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းသို့ဖုန်းဖြင့်မေးမြန်းရန် ကြိုးစားသော် လည်း လတ်တလော အဆက်အသွယ် မရရှိသေးပေ။

သို့သော် RCSS/SSA အဖွဲ့က သတ်မှတ်နယ်မြေကျော်လွန်လှုပ်ရှားမှုပြုလာပြီး လက်နက်ကြီး ၊ လက်နက်ငယ် များဖြင့် ကြိမ်ဖန်များစွာ နှောင့်ယှက်ပစ်ခတ်သောကြောင့် နယ်မြေလုံခြုံရေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း တပ်မတော်ဘက်က ထုတ်ပြန်ထားသည်။

တိုက်ပွဲများကြောင့် ရွေးကောက်ပွဲမထိခိုက်စေဖို့အတွက် အစိုးရဘက်မှလည်း ယခုထက်ပိုမိုပါဝင်ဖြေရှင်းပေးဖို့ လိုအပ်ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးသည့် အဖွဲ့အချင်းချင်း တိုက်ပွဲများမဖြစ်စေရန်ဖွဲ့စည်းထားသည့် JMC-U မှ တဆင့် ဆွေးနွေးဖြေရှင်းရန် နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက အကြံပြုသည်။

ကျောက်မဲမြို့နယ်တွင်  ရပ်ကွက် ၂၀၊ ကျေးရွာအုပ်စု ၇၀ အုပ်စုရှိပြီး မဲဆန္ဒပေးပိုင်ခွင့်ရှိသူပေါင်း တစ်သိန်းသုံး သောင်းခန့်ရှိနေသည်။

အမျိုးသားလွှတ်တော်မဲဆန္ဒနယ်နှင့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအမည်စာရင်းပေးထားသူ ခုနှစ်ဦး၊  ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁ )နေရာနှင့်(၂) နေရာအတွက် စာရင်းပေးထားသူ ခြောက်ဦးစီရှိကြောင်း သိရသည်။

ယင်းကျောက်မဲမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီအပါအဝင် နိုင်ငံရေးပါတီအချို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...