မင်းထွန်း — ရခိုင်ပြည်နယ်အတွင်းက ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)အနေဖြင့် အမြန်ဆုံးကြေငြာပေးရန် လိုအပ်ကြောင်း နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပြောသည်။
ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များကို UEC အနေဖြင့် လက်ရှိအချိန်ထိ ကြေငြာခြင်းမရှိသည့်အတွက် အဆိုပါ မကျင်းပနိုင်သည့်မြို့နယ်များကို အမြန်ဆုံးကြေငြာပေးရန်လိုအပ်ကြောင်း ရသေ့တောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မည့် ဒေါ်ခင်စောဝေက ပြောသည်။
“အခုဆိုရင် ကိုဗစ်ကြောင့် သွားလာရေး တော်တော်ခက်ခဲတာတွေရှိတယ်။ ပြီးရင် ဗီနိုင်းတွေ၊ ပန်းဖလက်တွေ၊ လုပ်ရတဲ့အခါကျတော့ ငွေရေးကြေးရေးကလည်း တော်တော်အကုန်ကျခံထားပြီးပြီဖြစ်တယ်။ ဥပဒေကြောင်းအရ ရွေးကောက်ပွဲမရှိဘူးဆိုရင်တော့ ကျမတို့စောဒကတက်စရာ အကြောင်းမရှိဘူး။ ဒါပေမယ့် အမြန်ဆုံး သိချင်နေတယ်။ ရွေးကောက်ပွဲနီးမှ သိရမယ်ဆိုရင် ကျမတို့လုပ်ထားတဲ့ လူပင်ပန်းခံထားတာ၊ အချိန်ကုန်ခံထား တာတွေက အလာဟသ အချည်းနှီးဖြစ်သွားမယ်” ဟု ၎င်းကပြောသည်။
ရခိုင်ပြည်နယ်မှ မြို့နယ်တချို့တွင် လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲကျင်းပနိုင်ခြေမရှိသည့် မြို့နယ်များ ရှိနေပြီး အဆိုပါ မကျင်းပနိုင်သည့်မြို့နယ်များကို အောက်တိုဘာလအတွင်းတွင်ကြေငြာသွားမည်ဟု UEC မှ ပြောဆိုထားသော်လည်း ယခုအချိန်ထိကြေငြာခြင်းမရှိသည့်အတွက် အမြန်ဆုံးကြေငြာပေးရန် လိုလားနေ ကြခြင်းဖြစ်သည်။
ယင်းအပြင် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူမြို့နယ်မှ ပြည်နယ်လွှတ်တော်အမှတ်(၂) နေရာမှလွဲ၍ ကျန်မြို့နယ်များအားလုံးတွင် နေရာစုံဝင်ရောက်ယှဉ်ပြိုင်သွားမည့် ရခိုင်အမျိုးသားပါတီ(ANP) အနေဖြင့်လည်း ရွေးကောက်ပွဲမကျင်းပနိုင်မည့်မြို့နယ်များကို မကြေငြာသေးသည့်အပေါ် စိုးရိမ်မိကြောင်း ယင်းပါတီ အတွင်းရေးမှူး(၁) ဦးအောင်မြကျော်ကဆိုသည်။
“ပြောရမယ်ဆိုရင် ပါတီအနေနဲ့ စိုးရိမ်စိတ်တော့ရှိတာပေါ့။ ဘာဖြစ်လို့လဲဆိုရင် ရွေးကောက်ပွဲဝင်ဖို့အတွက် ပါတီ ကိုယ်စားလှယ်တွေက ၁၇ မြို့နယ်စလုံးအတွက် အားလုံးစာရင်းသွင်းထားပြီးသားဖြစ်တယ်။ ရွေးကောက်ပွဲ နီးပြီးမှ မကျင်းပဘူးဆိုရင် ကျနော်တို့မှာ ယှဉ်ပြိုင်ဖို့နဲ့ မဲဆွယ်ဖို့အတွက် ကုန်ကျထားတဲ့ကဏ္ဍတွေအားလုံး ဆုံးရှုံးသွားနိုင်တယ်။ ဒါကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ်တွေကို မြန်မြန်ဆန်ဆန် ကြေငြာပေးဖို့ လိုအပ်တယ်” ဟု ၎င်းကပြောသည်။
ဤသို့ ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များကြေငြာမည့် နေ့ရက်ကိုသိရှိနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။
အလားတူ ရခိုင့်ဦးဆောင်ပါတီ(AFP) ကိုယ်စားပြုအဖြစ် မင်းပြားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦမောင်ဝင်းစိုးက “ကျနော်တို့ မြို့နယ်မှာ ရွေးကောက်ပွဲလုပ်မှာလား၊ မလုပ်လားဆိုတာ မသိဘူးဖြစ်နေတော့ အခက်အခဲရှိတာပေါ့။ ရခိုင်မြောက်ပိုင်း ဒေသမှာ ရွေးကောက်ပွဲမကျင်းပနိုင်တာတွေ ရှိတယ်လို့ ကြားနေရတယ်၊ အဲဒီဒေသမှာ မကျင်းပနိုင်ဘူးဆိုရင် ကျနော်တို့ မင်းပြားမြို့နယ်ဟာလည်း သေချာပေါက် မကျင်းပနိုင်ဘူးလို့ထင်တယ်။ ဒီလိုမကျင်းပခဲ့ရင် ကျနော် တို့မှာလုပ်ထားတဲ့ အကုန်အကျတွေနစ်နာမှုရှိမယ်။ ဒါပေမယ့် အခုချိန်ထိ တိတိကျကျမသိရသေးတဲ့အတွက် စည်းရုံးရေးကို တိုးချဲ့လုပ်ဆောင်ဖို့အတွက် အားနည်းချက်တွေရှိနေတယ်” ဟု သူကပြောသည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှ လက်ရှိအချိန်ထိ တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)တို့ ထိတွေ့မှုများ မကြာခဏဖြစ်ပွားနေလျက်ရှိသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားမှုများ ရှိနေခြင်းကြောင့် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ၂၀၂၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲအား ၎င်းဒေသများတွင် ကျင်းပရန်ရှိ၊ မရှိ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ရွေးကောက်ပွဲကျင်းပနိုင်ဖွယ်မရှိကြောင်း အများပြည်သူက သုံးသပ်လျက်ရှိသည်။







