ဘန်ကောက်မြန်မာသံရုံး၌ တနင်္ဂနွေနေ့တစ်ရက်အတွင်း ကြိုတင်မဲပေးသူ ၅ ထောင်ခန့်ရှိ

ဘန်ကောက်မြန်မာသံရုံး၌ တနင်္ဂနွေနေ့တစ်ရက်အတွင်း ကြိုတင်မဲပေးသူ ၅ ထောင်ခန့်ရှိ

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံ အလုပ်သမား (၅၀၀၀) နီးပါးခန့် ဘန်ကောက်မြို့ မြန်မာသံရုံးသို့ ယနေ့တနင်္ဂနွေနေ့တွင် စုပြုံ၍ကြိုတင်မဲသွားရောက်ပေးခဲ့ကြသဖြင့် ယခုတစ်ပတ်အတွင်း မဲပေးသူအများဆုံးနေ့တစ်နေ့ဖြစ်ကြောင်း တွေ့ရသည်။

ထိုင်းနိုင်ငံတွင် ကြိုတင်မဲပေးရန်အတွက် ပုံစံ (၁၅) တင်ထားသူ ဦးရေ (၄၆၀၀၀) ကျော်ရှိသည့်အနက် မွန်ပြည်နယ်မှ အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်သည့် မဲစာရင်းအရ ဘန်ကောက်သံရုံးတွင် မွန်ပြည်နယ် (၁၀) မြို့ နယ်မှ ကြိုတင်မဲပေးသူ(၈၈၂၇) ဦးရှိသည်။

“ကျမတို့ က အလုပ်မအားဖူး။ ဒီတစ်နေ့ ပဲ အားတယ်။ ဒါကြောင့် ကျမတို့ အလုပ်ရုံက လူ (၁၂) ယောက် ကားဌားပြီး မဲလာပေးတယ်။ ကိုယ့်မြိုံ့ နယ်က ကိုယ်စားလောင်းတွေကို မဲပေးရမှာပေါ့။ ဒါတောင်မှ အလုပ်ရှင် သူဌေး ပေးမလာချင်ဖူး။ မဲပေးပြီးလို့ ပြန်လာရင် (၁၄) ရက် ကွာရန်တင်းနေရမယ်လို့ ပြောသေးတယ်။ ဒါပေမဲ့ ကျမရောက်အောင် လာခဲ့ပါတယ်" ဟု  ကျိုက်မရောမြို့ နယ်မှ မဲလာပေးသူတဦးဖြစ်သည့် မိသီတာမွန် (အမည်လွဲ)က ပြောသည်။

အောက်တိုဘာ ၃ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဘန်ကောက်မြန်မာသံရုံးတွင် မဲရုံ ၃ ရုံနှင့် ချင်းမိုင်မြန်မာကောင်စစ်ဝန်ရုံးတွင် မဲရုံ ၁ ရုံဖွင့်လှစ်ထားရှိရာ ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် အလုပ်သမားများ၊ ကျောင်းသားနှင့် အခြားသော ကုမ္မဏီဝန်ထမ်းများအနေဖြင့် တနင်္ဂနွေတွင်သာ အလုပ်အားရက် ဖြစ်သောကြောင့် ယနေ့တွင် စုပြုံ၍ လာရောက်မဲပေးကြခြင်းဖြစ်သည်။

“ကျနော်က ဘန်ကောက်မှာ ကျောင်းတက်နေတယ်၊ မဲပေးရတဲ့ နေ့ က (၁၃) ရက်ပါ။ ဒါပေမဲ့ စာမေးပွဲ ရှိတယ်ဆိုတော့ ဒီနေ့ ပဲ လာလိုက်တယ်" ဟု ရန်ကုန် ကျောင်းလာတက်သူ မောင်စိုးသန်းနိုင်က ဆိုသည်။

မွန်ပရဟိတအဖွဲ့ များ စုစည်းထားသည့် ၂၀၂၀ ရွေးကောက်ပွဲအကျိုးဆောင်ဖွဲ့ (ထိုင်းနိုင်ငံ) မှ နိုင်ချမ်းထောကလည်း မိမိတို့ အဖွဲ့ အနေဖြင့် အောက်တိုဘာ (၄) ရက်ကတည်းက မွန်ပြည်နယ်မဲပေးသူများအား မဲပေးရန် လိုက်လံပို့ဆောင်ခဲ့ပါကြောင်း၊ ယနေ့ တနင်္ဂနွေနေ့ တွင် လူများသည့်အတွက် ည (၈) နာရီအထိ သံရုံးမှ အလုပ်လုပ်သွားမည်ဟု မိမိထင်မြင်ကြောင်း ယူဆသည်။

ဘန်ကောက်မြို့ မြန်မာသံရုံး မဲရုံ (၃) ရုံ၌ ကြိုတင်မဲပေးသူများစာရင်းကိုသံရုံး၏ Facebook စာမျက်နှာတွင် မည်သည့်မြို့နယ်မှ မည်သူများက မည်သည့်နေ့ရက်တွင် မဲလာပေးရမည်ကို ဖော်ပြထားသော်လည်း မဲပေးသူအလုပ်သမားအများစုအနေဖြင့် ၎င်းတို့ အားလပ်ရက်၊ အလုပ်ရှင်ခွင့်ပြုသည့်ရက်မှာသာ လာရောက်မဲပေးရခြင်းဖြစ်သည်။

လာမည့် ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ပြည်ပရောက် မြန်မာနိုင်ငံသားများအတွက် နိုင်ငံ ၃၅ နိုင်ငံရှိ မြန်မာသံရုံးအသီးသီးသို့ ကြိုတင်မဲလက်မှတ်ပေါင်း တစ်သိန်းကျော်ကိုပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ ထို့အတူ နိုင်ငံတကာရောက် မဲပေးခွင့်ရှိသူ မြန်မာနိုင်ငံသားများက ကိုဗစ်ကူးစက်မြန်ရောဂါ အန္တရယ်များကြားမှ သက်ဆိုင်ရာသံရုံးများတွင် ကြိုတင်မဲပေးလျှက်ရှိကြောင်း သတင်းရရှိသည်

March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...