မင်းထွန်း — နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်တွင် ကြိုတင်မဲမည့်သူဦးရေ ၉၀၀၀ ကျော်ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
“မဲဆန္ဒနယ်ပြင်ပ ရောက်နေတဲ့သူတွေ ကြိုတင်မဲပေးဖို့ စာရင်းပေးထားသူ ကိုးထောင်ကျော်ရှိတယ်။ ကြိုတင်မဲပေးပိုင်ခွင့် မဲလက်မှတ်တွေ ပို့ထားပါတယ်” ဟု ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်ကပြောသည်။
ကြိုတင်မဲပေးရန် စာရင်းပေးထားသူများအထဲတွင် မဲဆန္ဒနယ်ပြင်ပရောက်နေသူများ၊ အချုပ်ခန်း၊ သင်တန်း၊ ဆေးရုံ၊ တပ်မတော်သားများနှင့် အတူနေထိုင်သည့် အိမ်ထောင်စုဝင်များ ပါဝင်သည်ဟုဆိုသည်။
ထို့ပြင် ကြိုတင်မဲမည့်သူများအနေဖြင့် အောက်တိုဘာ ၁၀ ရက်ကို နောက်ဆုံးထားစာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
ဒုတိယအကြိမ်ကောက်ခံထားသည့် မဲဆန္ဒရှင်စာရင်းအရ ရခိုင်ပြည်နယ်တွင် မဲပေးခွင့်ရှိသူဦးရေ ၁၆၄၇၀၀၀ ကျော်ရှိပြီး တိုက်ပွဲများဖြစ်ပွားနေခြင်း၊ ကိုဗစ်ရောဂါများကြောင့် ပြီးခဲ့လပိုင်းများက မဲဆန္ဒရှင်များအနေဖြင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုအားနည်းခဲ့သော်လည်း ယခု မဲဆွယ်စည်းရုံးရေးကာလအတွင်း ပါတီများ၏ ရွေးကောက်ပွဲလှုံ့ဆော်မှုများကြောင်း ပြည်သူများ၏ ရွေးကောက်ပွဲ အပေါ်စိတ်ဝင်စားမှုကို ပြန်ပြီးတွေ့မြင်လာရကြောင်း ရခိုင်အမျိုးသားပါတီ (ANP)မှ စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးအောင်မြကျော်က သုံးသပ်သည်။
“ရွေးကောက်ပွဲနီးလာတာနဲ့ လူတွေက မဲပေးမယ့်ဖက်ကို နည်းနည်းပြန်တက်လာတယ်။ ရွေးကောက်ပွဲနဲ့ ဝေးနေတဲ့အချိန်မှာတော့ နည်းနည်းစိတ်မဝင်စားကြဘူးပေါ့။ ပါတီတွေက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လှုံ့ဆော်တဲ့ကဏ္ဍတွေ ရှိလာတဲ့အခါ ပြည်သူတွေက စိတ်ပြောင်းလာတာတွေ ရှိကြတယ်။ မဲပေးချင်တဲ့ဆန္ဒတွေ ရှိလာကြတာကို ပြန်ပြီးမြင်လာရတယ်” ဟု သူကပြောသည်။
လက်ရှိ ကိုဗစ်ရောဂါကြောင့် ရခိုင်တွင် Stay at home ကြေညာထားသည့်အတွက် ပါတီများအနေဖြင့် ပြည်သူလူထုများနှင့်တွေ့ဆုံမဲဆွယ်ခွင့် မရသေးကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပြောသည်။







