တပ်မတော် သိမ်းလိုက်သည့် စခန်းကို ၂၄ နာရီအတွင်း AA ပြန်သိမ်း

တပ်မတော် သိမ်းလိုက်သည့် စခန်းကို ၂၄ နာရီအတွင်း AA ပြန်သိမ်း

တပ်မတော်က သိမ်းယူထားသည့် တပ်စခန်းတစ်ခုကို ၂၄ နာရီအတွင်း ပြန်လည် သိမ်းပိုက် လိုက်သည်ဟု ရက္ခိုင့်တပ်တော် ULA/AA က ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၃ ရက်နေ့က တပ်မတော်က သိမ်းယူထားသည့် ရသေ့တောင်မြို့နယ်ရှိ အောင်သာစည် ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၇၀၀ ခန့် သို့မဟုတ် ထီးစွဲကျေးရွာ၏ အရှေ့ တောင်ဘက် မီတာ ၁၁၀၀ ကျော်အကွာအဝေးတွင် တည်ရှိသည့် စခန်းအား အောက်တိုဘာလ ၄ ရက်နေ့တွင် ပြန်လည် သိမ်း ပိုက်ရယူထားသည်ဟု ULA/AA ကအောက်တိုဘာလ ၅ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

AA ၏ ထုတ်ပြန်ချက်ထဲတွင် “ယမန်နေ့က မိမိတို့ခေတ္တစွန့်လွှတ်ခဲ့သော စခန်းငယ်အား အာရက္ခစစ်သည် တော်တို့သည် အရှုံးမပေးတတ်သောစိတ်ဓာတ်၊ ပြောင်မြောက်သောရဲစွမ်းသတ္တိ၊ ထက်မြက်သောတိုက် ရည်ခိုက်ရည်တို့ဖြင့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၄) ရက်နေ့၊ ညနေ (၅) နာရီ (၃၀) မိနစ်တွင် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်” ဟု တွေ့ရသည်။

ရသေ့တောင်မြို့နယ် ထီးစွဲကျေးရွာအနီး အခိုအမာနေရာ ယူထားသည့် ULA/AA တပ်စခန်းတစ်ခုအား သိမ်းယူထား သည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က အောက်တိုဘာလ ၄ ရက်နေ့ နေ့လည် ၂ နာရီ ၁၅ မိနစ်တွင် ထုတ်ပြန်ထားပြီး အောက်တိုဘာ ၅ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်တွင် အဆိုပါ စခန်း အား ပြန်လည် သိမ်းယူခဲ့သည်ဟု ULA/AA က ထုတ်ပြန်ခဲ့သည်။

အဆိုပါ တပ်စခန်းအား တပ်မတော်မှ ပြီးခဲ့သည့် ဇွန်လ ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ လေး လကျော် ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း တပ်မတော်မှ ရဟတ်ယာဉ်နှင့် လက်နက်ကြီး ပစ်ကူ အမြောက် အများ အသုံးပြုသည့်အပြင် အင်အားအလုံးအရင်းဖြင့်လည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု ULA/AA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထီးစွဲကျေးရွာအနီး ဖြစ်ပွားခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍ “Navy တပ်က လှမ်းပြီးပစ်တာတွေ လုပ်တယ်။ ကျနော်တို့ ရွာသားတွေလည်း လွတ်ရာကို ထွက်ပြေးနေရတယ်။ ဘုန်းကြီးကျောင်းမှာလည်း ပုန်းနေရတာတွေ ရှိတယ်။ အသက် ၇၀ ကျော် အဖိုးကြီးကို ထိတယ်။ တခြား ဒီပြင်ဝန်နဲ့ ကံပြင်ရွာတွေမှာ လည်း လက်နက်ကြီးထိတာတွေရှိတယ်လို့ ပြောတယ်။ အဲ့ဘက်တော့ လေး ငါးယောက် ထိတာရှိတယ်လို့ ပြော တယ်။ အတိအကျတော့ မသိဘူးသေးဘူး။ ကျနော်တို့လည်း ပြေးနေရတာဆိုတော့ဗျ။ ကံပြင်ကို ပြေး တာ ကျနော်တို့က၊ အဲ့မှာ ကံပြင်မှာလည်း ထပ်ပြီး လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ဘယ်မှာမှ မလုံခြုံဘူးဗျ” ဟု ထီးစွဲကျေးရွာက အမည်မဖော်လိုသူ ဒေသခံတစ်ဦး က ပြောသည်။

ထို့ကြောင့် ထီးစွဲကျေးရွာအနီး အခိုအမာနေရာ ယူထားသည့် ULA/AA တပ်စခန်းတစ်ခုအား အောက်တို ဘာလ ၃ ရက်နေ့တွင် ခေတ္တစွန့်လွှတ်ခဲ့ရသည်သာမက လက်နက်ခဲ့ယမ်းအချို့လည်း ဆုံးရှုံးခဲ့ရသည်ဟု ULA/AA က ဆိုသည်။

သို့သော် ထိုစခန်းအား ၂၄ နာရီအတွင်း ပြန်လည် သိမ်းပိုက်ရယူနိုင်ခဲ့သည်ဟု ULA/AA က ပြောသည်။

“အာရက္ခစစ်သည်တော်များမှ နှစ်နာရီနီးပါးကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ညနေ (၇) နာရီ (၂၆) မိနစ်တွင် မိမိတို့ခေတ္တလက်လွှတ်ခဲ့ရသောစခန်းငယ်အား အလုံးစုံပြန်လည်တိုက်ခိုက်သိမ်းပိုက်ရယူခဲ့သည်။ ရက္ခိုင့်တပ်တော်မှ တစ်ရက်တာခေတ္တလက်လွှတ်ခဲ့ရသော မိမိတို့စခန်းအား (၂၄) နာရီအတွင်း ပြန်လည် သိမ်းပိုက်ရယူခဲ့ခြင်းဖြစ်သည်” ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲအတွင်း ၎င်းတို့ဖက်မှ ထိခိုက်ဒဏ်ရာရရှိမှု အနည်းငယ်ရှိခဲ့ပြီး တပ်မတော်ဖက်မှ အရာရှိများ အပါအဝင် တပ်ဖွဲ့ဝင် ၃၀ ဦးကျော် ချေမှုန်းနိုင်ခဲ့သည်ဟု ULA/AA ၏ ထုတ်ပြန်ချက်က ဆိုသည်။

ထို့အပြင် ၎င်းတို့၏ လက်နက်ခဲယမ်းများကို ပြန်လည်ရရှိခဲ့သည်သာမက တပ်မတော်၏ လက်နက်ခဲယမ်း များနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ULA/AA ၏ ထုတ်ပြန် ထဲတွင် တွေ့ရသည်။

ထို့အတူ ရသေ့တောင်မြို့နယ်အတွင်းတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသကဲ့သို့ မင်းပြားမြို့နယ်ရှိ မေလွန်းကျေးရွာ တောင်ဖက် ၁ ကီလိုမီတာ အကွာတွင် အောက်တိုဘာလ ၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ ပြီး အောက်တိုဘာလ ၃ ရက်နေ့ကလည်း ထိုဒေသရှိ ၎င်းတို့စခန်း ၃ ခုအား တပ်မတော်ဖက်မှ အပြင်းအ ထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု ULA/AA ၏ ထုတ်ပြန်ထားသည်။

ရသေ့တောင်မြို့နယ် ထီးစွဲကျေးရွာအနီးရှိ တပ်မတော်မှ သိမ်းယူထားသည့် တပ်စခန်းအား ရက္ခိုင့် တပ် တော် ULA/AA က ပြန်လည်သိမ်း ယူထားသည့် ကိစ္စအပါအဝင် မင်းပြားမြို့နယ်အတွင်းရှိ တိုက်ပွဲ အခြေ နေအား သိရှိနိုင်ရန် တပ်မတော် ပြောရေးဆိုခွင့်ရှိသူများအား ဆက်သွယ်၍ မရသကဲ့သို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ကလည်း အဆိုပါကိစ္စများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ထား ခြင်း မရှိသေးပေ။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...