ရခိုင် စစ်ရှောင် ၂ သိန်း ကျော်သွားပြီ

ရခိုင် စစ်ရှောင် ၂ သိန်း ကျော်သွားပြီ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ၊ စစ်ရေးပဋိပက္ခများကြောင့် ဒေသခံအရပ်သားများ ဆက်လက် ထွက်ပြေးနေရပြီး စစ်ရှောင်ပြည်သူ ၂ သိန်းကျော်ရှိပြီဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်း အရုံး REC က ထုတ်ပြန်လိုက်သည်။

REC ၏ အောက်တိုဘာလ ၁ ရက်နေ့ က ထုတ်ပြန်လိုက်သည့် စာရင်းအရ စစ်ရှောင်စခန်းရောက် စစ်ဘေးဒုက္ခသည် ဦးရေ ၇၇၉ ၄၄ ဦး၊ စစ်ခန်းပြင်ပတွင် ၁၄၈၈၆၀ ဦး၊ စုစုပေါင်း ၂၂၆၈၀၄ ဦး ရှိပြီဟု သိရသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း က “ကျနော်တို့ ဇူလိုင် ပထမ အပတ်မှာ ထုတ်ခဲ့ပြီးတော့မှ သြဂုတ် ဆိုတော့ ၂ လမထုတ်နိုင်ခဲ့ဘူးပေါ့နော်။ ဆိုတော့ အခု အောက်တိုဘာ ပထမအပတ်ဆိုတော့ ကြားထဲမှာ ၂ လဟာတာ ရှိတာပေါ့။ ကျနော်တို့ တိုးလာတာက သုံးသောင်းကျော် လောက်ရှိတယ်ဗျ။  အခုက အားလုံး ၂ သိန်း ၂ သောင်းနှင့် ခြောက်ထောင်ကျော်ဗျ။ အဓိကတိုးလာတာကတော့ ကျောက်တော် ရသေ့တောင် ဘူးသီးတောင်ဖက်မှာ တိုးလာတယ်ခင်ဗျ။ မြောက်ဦးဖက်လည်း အနည်း ငယ်တိုးပါတယ်။ ဒါပေမယ့် အဓိကတိုးတာကတော့ ကျောက်တော် ရသေ့ တောင်ဘူးသီးတောင်ပါဗျ” ဟု ပြောသည်။

“အဓိကအခင်းအကျင်းကကျတော့ ဒီကိုဗစ်ကာလမှာ စစ်ဘေးတိမ်းရှောင်လာတဲ့ အခါကျတော့ ကူညီ ထောက် ပံ့မှုက လူတွေလည်း လာလို့ သွားလို့မရဘူး အဲလိုဖြစ်တာလေနော အဲဒီတော့ လိုအပ်တဲ့ နေရာထိုင်ခင်း အစား အသောက် အခြားလိုအပ်တဲ့ ထောက်ပံ့မှုတွေကတော့ အရမ်းကြီးနည်းပါး တာပေါ့လေနော အဲဒီအခက်အခဲ တစ်ခုရှိတယ်။ တစ်ချို့သောမြို့နယ်တွေမှာတော့ အခြေခံလိုအပ်ချက်တွေနဲ့ တခြားစားရေးသောက်ရေး ထောက် ပံ့မှု အချို့တော့ ရတာပေါ့လေ။ ဒါပေမယ့်လည်း ကျန်တဲ့ဖက်ကို မရောက်တဲ့ ဟိုဖက်ပြေးဒီဖက်ပြေးနေရသူတွေ ကတော့ စားရေးသောက်ရေး နေရေးထိုင်ရေးနှင့် တစ်ခြား ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကတော့ ရှိနေ တုန်းပါပဲ။”

စက်တင်ဘာလ နောက်ဆုံးအပတ်အတွင်း စစ်ရှောင်များအတွက် နိုင်ငံတကာ၊ အစိုးရ၊ ဌာဆိုင်ရာများ၏ အကူ အညီ ထောက်ပံံ့မှု အချို့ ရောက်ရှိလာသော်လည်း အချို့ မြို့နယ်များသို့ မရောက်သည့် အနေအထားများလည်း ရှိနေသည်ဟု REC က ဆက်ပြောသည်။

“အဓိကကတော့ မြေပုံမြို့နယ် မင်းပြားမြို့နယ်မှာ အထောက်အပံ့ရရှိတာကို နည်းပါတယ်။ နောက်ပြီးတော့ ဘူး သီးတောင် မြို့နယ်ပေါ့နော်။ ဒီ ၃ နေရာမှာ အထောက်အပံ့ရရှိမှုနည်းပါတယ်။ နောက်တစ်ခါ ဒီထဲမှာ ဆိုလို့ရှိရင် ဒလက်ချောင်းအထဲမှာရှိတဲ့ ပိတ်မိနေတဲ့ ရွာတွေပေါ့လေ ဒါဆို တော်တော်လေးကို ဆိုးဆိုးဝါးဝါး အခက်အခဲ ရှိနေပါတယ်။ သူတို့ကတော့လေ ဘာကြောင့်လဲဆိုတော့ အဲဒီ ဒလက်ချောင်းမှာကျတော့ စစ်တပ်ကနေပြီး တော့မှ ပြင်ပက အကူအညီကို လုံးဝပေးမဝင်ဘူး ပိတ်ဆို့ထားတယ်။ ဒေသတွင်းကလူတွေကလည်း အပြင်ကို သွားပြီးတော့ ပြန်လာလို့မရအောင် သူတို့က ကန့်သတ်မှုတွေလုပ်ထားပါတယ်။ ဆိုတော့ အဲလိုမျိုး ဒလက် ချောင်းဖက်မှာတော့ တော်တော်လေးကို အခက်အခဲရှိပါတယ်ခင်ဗျာ” ဟု ဦးဇော်ဇော်ထွန်း က ပြောသည်။

ကျောက်တော်မြို့၊ မဟာမုနိဘုရားဝန်းအတွင်း စက်တင်ဘာလ လလယ်ခန့်က ရောက်ရှိလာသည့် စစ်ရှောင် တစ်ထောင်ကျော် အတွက် စားနပ်ရိက္ခာများနှင့် ယာယီတဲများ ဆောက်လုပ်ရန် အကူအညီများ လိုအပ်နေ သည်ဟု စစ်ရှောင်များအား ကူညီပေးနေသူများ က ပြောသည်။

“လူကများတော့ အဓိက ယာယီတဲဆောက်ဖို့ စီမံထားတယ်။ အဲ့ဒီအတွက် အလှူရှင်လိုတာပေါ့။ ပြီးတော့ စား နပ်ရိက္ခာလည်း လိုတာပေါ့။ လောလောဆယ်တော့ အနီးအနားက အလှူရှင်တွေပေးတာ နည်းနည်း ပါးပါးရှိ တယ်။ လွှတ်တော်ကိုယ်စားလှယ်တချို့လည်း လာကြည့်တယ်၊ ဆန်တို့ဘာတို့ လာလှူတာရှိတယ်လို့ ပြော တယ်” ဟု စစ်ရှောင်များအား ကူညီပေးနေသည့် ကျောက်တော်ဒေသခံတစ်ဦး က ပြောသည်။

COVID-19 ကြောင့် ရခိုင်ပြည်သူများ ကြောက်ရွံ့ နေကြချိန်တွင် ထိုအခြေအနေအပေါ် အခွင့်ကောင်းယူ၍ တပ်မတော်မှ စစ်ရေးလှုပ်ရှားမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုကျူးလွန်နေသည်ဟုလည်း ရခိုင် ဒေသခံများ၊ ရခိုင်နိုင်ငံရေးပါတီများ နှင့် ရခိုင်ပြည်နယ်အတွင်းက အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။

“အပြစ်မဲ့တဲ့အရပ်သားတွေကို သံသယနဲ့ ဖမ်းဆီးတယ်။ AA ဆိုပြီး စွပ်စွဲလိုက်တယ်။ စစ်ဆေးနေရင်း သေသွား တယ်။ လူထုတွေ ထွက်ပြေးရတယ်။ စစ်ကြောင်းတွေ ကျေးရွာတွေထဲ ဝင်လာတယ်။ လက်နက်ကြီးတွေ ပစ် တယ်။ သေနတ်တွေနဲ့ ပစ်တယ်။ ရွာသားတွေကို ဖမ်းဆီးစစ်ဆေးတယ်။ မီးရှို့ ခံရတယ်။ တစ်ရွာလုံးကို ဖမ်းထား တယ်။ ဒီလိုမျိုး အရပ်သားတွေအပေါ်မှာ ကျူးလွန်တဲ့ အရပ်သားမဟုတ်ပလေ့စေ ဒီလိုမျိုး တရားဥပဒေမဲ့ လူမ ဆန်အောင် ညှင်းပန်းနှိပ်စက်တာတွေ ရှိနေတယ်။ ဒါမျိုးတွေကို အချိန်မှီ စုံစမ်းစစ်ဆေးပြီးတော့ ဖော်ထုတ်ပေး စေချင်တယ်” ဟု ရခိုင်အမျိုးသားပါတီ (ANP)  ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန် က ပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့အကြား စက်တင်ဘာလ ၃၀ ရက်နေ့ နှင့် အောက်တိုဘာလ ၁ ရက်နေ့ ၂ ရက်ဆက်တိုက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ဒေသခံ ပြည်သူအချို့လည်း စစ်ဘေးလွတ်ကို ထွက်ပြေးနေရသည်ဟု သိရသည်။ သို့သော်လည်း အခြေအနေ အသေး စိတ်ကို မသိရသေးဘူးဟု ဦးဇော်ဇော်ထွန်းက ပြောသည်။

နှစ်နှစ် နီးပါးခန့် ကြာမြင့်လာသည့် ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံပြည်သူမျာ ယနေ့ထိတိုင် စစ်ဘေးရှောင်နေကြရပြီး ဇူလိုင်လ ၇ ရက်နေ့ထုတ်ပြန်ချက်အရ ရခိုင်စစ်ရှောင် ၁၉၀,၇၀၀ ကျော်ရှိခဲ့ရာမှ ယနေ့တွင် စစ်ဘေးဒုက္ခသည်ဦးရေ ၂၂၆၈၀၄ ဦး ရှိသွားပြီဖြစ်သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...