ဖားကန့်ကျောက်စိမ်းနယ်မြေတွင် COVID-19 ကူးစက်သူ တိုးများလာ

ဖားကန့်ကျောက်စိမ်းနယ်မြေတွင် COVID-19 ကူးစက်သူ တိုးများလာ

ကချင်ပြည်နယ်အတွင်း COVID-19 ဓါတ်ခွဲခန်း အတည်ပြုလူနာ ၄၅ ဦး ရှိပြီး ဖားကန့်တစ်မြို့နယ်ထဲတွင် လူနာသစ် ၂၃ ဦး တိုးလာခဲ့ကြောင်း ကချင်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြည်နယ်အတွင်း COVID-19 ကူးစက်ရောဂါ အတည်ပြုလူနာ ၂၆ ဦး ထပ်တိုးလာပြီး မြစ်ကြီးနားမြို့တွင် ၁ ဦး၊ မိုးညှင်းမြို့တွင် ၂ ဦး နှင့် ဖားကန့်မြို့ တွင် ၂၃ ဦး ထပ်တိုးလာခြင်းဖြစ်သည်။

ကချင်ပြည်နယ်အတွင်း ရောဂါကူးစက်မှု အခြေအနေများနှင့် ပတ်သက်၍ ဒေသခံ ဦးနော်တောင် က “တိုးလာ တော့ ဆက်တိုက်တိုးလာနေတယ်လေနော်။ ခက်တာက ပြည်နယ်အစိုးရဲ့ ထုတ်ပြန်ချက်တွေက နှေးနေတယ် လို့ အချိန်နဲ့တပြေးညီ ထွက်လာတာမရှိဘူးလို့ မြင်တယ်။ လူထုကလည်း အခုထိ ပေါ့ဆနေကြတယ်။ မြစ်ကြီး နားမှာ၊ မိုးညှင်းမှာ၊ မိုးကောင်းမှာ အကုန်လူနာရှိနေပြီ။ ဖားကန့်ဆို အများကြီးပဲ ဒါပေမယ့် ထိထိရောက်ရောက် ကာကွယ်တာမျိုး မတွေ့ရတော့ စိုးရိမ်တယ်” ဟု ပြောသည်။

“အခုတော့ မြစ်ကြီးနားဈေးတော့ အချိန် ကန့်သတ်တာတွေရှိတယ်လို့တော့ ကြားတယ်။ ဒါပေမယ့် ဘဏ်တို့ ဘာတို့ဆို ဒီအတိုင်းပဲ။ သိပ်ပြီး အားမရဘူးဗျ။ အခုအခြေအနေထက် ပိုပြီးစည်းစနစ်တကျ ကာကွယ် တားဆီး တာမျိုးလုပ်စေချင်တယ်။ ပထမလှိုင်းတုန်းကတော့ အရပ်ဘက်အဖွဲ့အစည်းတွေက ဘာတွေက ကာကွယ် တား ဆီးရေးလုပ်ငန်းတွေ လုပ်တာရှိတယ်။ အခု ဒုတိယလှိုင်းကျတော့ နည်းနည်းပိုပြီး အားနည်နေသလိုပဲ။ ပါတီတွေ ဆိုရင်လည်း သူ့လုပ်ငန်းသူ လုပ်နေကြတာပဲ။ ဘယ်သူမှ ဘာမှ မပြောကြဘူးဗျ။”

ဖားကန့်မြို့နယ်အတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် ဆောင်ရွက်နေသည့် အခြေအနေများနှင့် ပတ် သက်၍ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ၏ ဖားကန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ် တော်ကိုယ်စားလှယ်လောင်း ဦးနောင်လတ် က ယခုကဲ့သို့ပြောသည်။

“ထပ်တိုးလာတဲ့အနေအထားမှာ ဒီနေ့ ၂၃ ဦးလို့ပြောတယ်။ ပျောက်ဆုံးသူ ၉ ဦးလို့ ပြောတယ်။ ထပ်တိုးလာတဲ့ အနေအထားမှာ လူထုကတော့ ထိတ်လန့်မှုတော့ ဖြစ်ကြတယ်။ ဒါပေမယ့် စားဝတ်နေရေးက လုံးဝအဆင် မပြေကြဘူး။ လက်လုပ်လက်စားသမားတွေများတဲ့ ကျနော်တို့ ဖားကန့်က လူတွေက တော်တော် ခက်ခဲ နေ ကြတယ်။ အိမ်အပြင်မထွက်ရဆိုတာမျိုး သတ်မှတ်ထားတာဟုတ်တယ်။ Stay at Home ကာလ ပဲပေါ့ ဒီမှာက။ တစ်အိမ်ကို တစ်ယောက်နှုန်း ဈေးဝယ်ဖို့ ကျန်းမာရေးကိစ္စတွေအတွက် ကပ်တွေထုတ်ထားပေးတာပေါ့နော်။ ရေရှည်မှာတော့ မလွယ်လောက်ဘူးပေါ့နော်။ တချို့နေရာတွေတော့ ဒီ မှော်စီဇာ၊ ဖြူစင်ကုန်းတို့ Lock Down အနေအထားပေါ့နော်။ အဲ့ဘက်ကလည်း တော်တော်လေး အခက်အခဲတွေ ဖြစ်နေကြတယ်။”

ထို့အပြင် ဖားကန့်ဒေသအတွင်းရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကို COVID-19 ကူးစက်မှုများကြောင့် အောက်တိုဘာလ မှ နိုဝင်ဘာလကုန်အထိ ၂ လ ကြာ ထပ်မံရပ်နားထားရန် နိုင်ငံတော်သမ္မတရုံးထံ တင်ပြထားသည်ဟု သိရသည်။

ဖားကန့်မြို့နယ် အတွင်း ဝင်ရောက်လာသူများအနေဖြင့် မိမိတို့၏  ပြည်နယ်/တိုင်းဒေသကြီး၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံမှ ထောက်ခံစာများကို ယူလာရမည့်အပြင် ကချင်ပြည်နယ်တွင်းက လာရောက်သူများ အနေဖြင့် Home Quarantine (၁၄)ရက် ၊ ကချင်ပြည်နယ် မဟုတ်သည့် အခြား ပြည်နယ်နှင့် တိုင်းဒေသ ကြီးက လာရောက်သူများသည် ဒေသခံအာဏာပိုင်များက စီစဉ်ပေးသည့် သက်ဆိုင်ရာ Quarantine Center များတွင့် ကိုယ်စရိတ်ကိုယ်ဖြင့် Facility Quarantine(၁၄)ရက် ဝင်ရန် ဖားကန့်မြို့နယ် COVID-19 ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်အတွင်းရှိ ဖားကန့်၊ မိုးညှင်း၊ မိုးကောင်းမြို့နယ်များတွင် COVID-19 ရောဂါ ပိုးတွေ့ ရှိသည့် အခြေအနေများပေါ်တွင် မူတည်၍ လိုအပ်သည့် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှု များကို ထိရောက်စွာ လုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာ မြို့နယ်များရှိ တာဝန်ရှိသူများနှင့် ညှိနှိုင်းအစည်းအဝေး တစ်ရပ်ကို စက်တင်ဘာလ ၃၀ ရက်နေ့က ကျင်းပခဲ့သည်ဟု သိရသည်။

“ပြည်သူများအနေဖြင့် မြို့နယ်အတွင်းကူးစက်မှုများရှိနေမှုအပေါ် အထူးအလေးအနက်ထား၍ မိမိတို့အိမ်တွင် သာနေထိုင်ခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာသည့် လမ်းညွှန်မှုများအတိုင်း အတိအကျလိုက်နာဆောင်ရွက်ခြင်း၊ ဖော်ပြပါပိုးတွေ့ကျန်းမာရေးဝန်ထမ်းများနှင့် (၁၄) ရက်အတွင်း ဆေးဝါး ကုသမှုခံယူခဲ့ခြင်း၊ ထိတွေ့ခဲ့ခြင်းရှိပါက ကျန်းမာရေးဌာနများသို့ ဆက်သွယ်သတင်းပို့ခြင်းဖြင့် ပူးပေါင်းပါဝင်ကြ ပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်” ဟု ကချင်ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနတိုက်တွန်းထား သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...