ရခိုင်တွင် သုံးလအတွင်း စစ်ဘေးဒုက္ခသည် သုံးသောင်းခြောက်ထောင်ကျော်တိုးလာ

ရခိုင်တွင် သုံးလအတွင်း စစ်ဘေးဒုက္ခသည် သုံးသောင်းခြောက်ထောင်ကျော်တိုးလာ

နှင်းနွယ် — ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ ၂ နှစ်ခန့်ကြာမြင့်လာသည့်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည်ဦးရေမှာ ၂၂၆,၈၀၀ ကျော်အထိ ရှိလာနေကြောင်း စစ်ဘေးဒုက္ခသည်များစာရင်းကို ကောက်ယူနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)က အောက်တိုဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

REC မှ ဇူလိုင်လ ၇ ရက်နေ့ထုတ်ပြန်ချက်အရ ရခိုင်တွင် စစ်ဘေးဒုက္ခသည် ၁၉၀,၇၀၀ ကျော်ရှိခဲ့ပြီး သုံးလအတွင်း စစ်ဘေးဒုက္ခသည်ဦးရေ ၃၆,၀၀၀ ကျော် တိုးလာသည်။

“အဓိကတိုးလာရတဲ့အကြောင်းရင်းက ကျောက်တော်မြို့နယ်မှာဆိုရင် ရွာမီးရှို့ခံရတာတွေရှိတယ်။ ရသေ့တောင် မြို့နယ်မှာဆိုရင်လည်း မြစ်ကြောင်းတစ်လျှောက် ပစ်ခတ်မှုတွေရှိတယ်။ အဲဒီအခြေအနေတွေကြောင့်ပဲ အဓိက တိုးလာရတာဖြစ်တယ်။ အခုလို ကိုဗစ်ကြောင့်လူတွေစိုးရိမ်မှုမြင့်တက်နေတဲ့အချိန်မှာ စစ်ဘေးကြောင့် ပြေးနေ ရတာကတော့ စိတ်မကောင်းစရာပါ။ နောက်ထပ်တစ်ကြိမ် အပစ်အခတ်ရပ်စဲတဲ့ထဲမှာလည်း ရခိုင်မပါဘူးဆိုတော့ တိုက်ပွဲကဆက်ဖြစ်နေအုံးမယ်ဆိုတဲ့သဘောပေါ့။ တိုက်ပွဲဖြစ်နေသရွေ့တော့ စစ်ဘေးရှောင်တွေက တိုးလာအုံးမှာပဲ” ဟု REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက DMG သို့ပြောသည်။

လက်ရှိတွင် အဆိုပါစစ်ဘေးဒုက္ခသည်များမှာ ကိုဗစ်ကာလဖြစ်သောကြောင့် အလှူရှင်များမရောက်ရှိသည့်အတွက် စားဝတ်နေရေးအခက်အခဲများကို ပိုမိုရင်ဆိုင်နေကြရသည်။

ထို့ကြောင့် အစိုးရအနေဖြင့် စစ်ဘေးဒုက္ခသည်များအား အတတ်နိုင်ဆုံးကူညီပေးသင့်သည့်အပြင် ပြင်ပအဖွဲ့ အစည်းများသည့် ICRC ၊ NGO နှင့် CSO စသည်တို့ကိုလည်း ဝင်ခွင့်ပေးသင့်ကြောင်း ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကဆိုသည်။

“လက်ရှိအချိန်ထိတော့ အစိုးရဘက်က စစ်ဘေးရှောင်တွေကို ဆန်နို့စည်ဗူးနဲ့ တစ်နေ့ကိုနှစ်ဗူးကျပေးထား တယ်ပေါ့။ ဒါပေမယ့် လုံလောက်မှုမရှိခဲ့ဘူးလို့မြင်တယ်။ အခုဆိုရင် ကျမတို့ရသေ့တောင်ဘက်မှာတောင် စစ်ဘေးရှောင်တွေက အရမ်းများလာတယ်။ စစ်ဘေးရှောင်များလာသည်နဲ့အမျှ စားဝတ်နေရေးတွေအခက်အခဲ ဖြစ်လာတယ်။ အခုလိုအခက်အခဲဖြစ်နေတဲ့အပေါ်မှာ တာဝန်အရှိဆုံးသူသည် တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အစိုးရပဲဖြစ်တယ်။ ဒါကြောင့်ပြည်နယ်အစိုးရအနေနဲ့ အတတ်နိုင်ဆုံးကူညီပေးသင့်တဲ့အပြင် ပြင်ပကအလှူရှင်တွေ ကူညီလို့ရအောင်လည်းလုပ်ဆောင်ပေးသင့်တယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် စစ်ဘေးဒုက္ခသည်များထဲမှ ဒုက္ခသည် ၇၇,၉၄၄ ဦးမှာ စစ်ဘေးဒုက္ခသည်စခန်း ၁၄၈ ခုခန့်တွင် ခိုလှုံ နေကြပြီး ဒုက္ခသည် ၁၄၈,၈၆၀ ဦးမှာ စခန်းပြင်ပတွင်ရောက်ရှိနေထိုင်နေကြကြောင်း REC ၏ စာရင်းအရ သိရသည်။

မြန်မာနိုင်ငံတွင် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် နိုင်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အောက်တိုဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်ရပ်စဲသွားမည်ဖြစ်ကြောင်း တပ်မတော်က စက်တင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

သို့သော် နိုင်ငံတော်ကအကြမ်းဖက်အဖြစ်ကြေငြာထားသော အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ် မြေများ၌သာ အပစ်အခတ်ရပ်စဲမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသဖြင့် လက်ရှိတိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝဒေသတို့မှာ တပ်မတော်၏အပစ်ရပ်ကြေငြာချက်တွင် ပါဝင်ခြင်းမရှိပေ။

မြန်မာနိုင်ငံအစိုးရက ရက္ခိုင့်တပ်တော်(AA)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)တို့ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် မတ်လ (၂၃)ရက်နေ့က ကြေညာခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...
Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...