COVID-19 ကပ်ရောဂါ အခြေအနေကြောင့် မဲရုံ တာဝန်ရှိသူများအား သင်တန်းများ မပေးနိုင်သေး

COVID-19 ကပ်ရောဂါ အခြေအနေကြောင့် မဲရုံ တာဝန်ရှိသူများအား သင်တန်းများ မပေးနိုင်သေး

ရွေးကောက်ပွဲရက် နီးလာနေသော်လည်း မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား သင်တန်းပို့ချပေးနိုင်ခြင်း မရှိသေးကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူက ပြောသည်။

စက်တင်ဘာလအတွင်း လျာထားမဲရုံများတွင် တာဝန်ထားဆောင်ရမယ့် မဲရုံဝန်ထမ်းများကို သင်တန်းပေးရန် စီစဉ်ထားသော်လည်း COVID-19 ရောဂါပိုး ကူးသက်မှုနှုန်းမြင့်တက်လာသည့်အတွက် သင်တန်းပေးမည့်ရက် ကို ရွှေ့ဆိုင်းထားရခြင်းဖြစ်သည်ဟု ပြောသည်။

“မဲရုံမှူးသင်တန်းတွေကျတော့ ကိုဗစ်ကန့်သတ်ချက်ရှိတဲ့အခါကျတော့ ကိုဗစ်ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်ရရင် ဆက်လုပ်မယ် ဆက်လုပ်လို့မရဘူးဆိုရင် လမ်းညွှန်စာအုပ်တွေနဲ့ ဗီဒီယိုဖိုင်တွေနဲ့ လုပ်ဖို့ရှိတယ် ဒါကတော့ ကိုဗစ်စိန်ခေါ်မှုမှာ ကျနော်တို့ ကြိုပြင်ထားတဲ့အပိုင်းပေါ့နော်” ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူ ဦးဟိဏ်းလင်းထက် က ပြောသည်။

မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် တာဝန်ထမ်းဆောင်သူများကို ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပေးရမည် ဖြစ်သည်။

ရွေးကောက်ပွဲနည်းဥပဒေအရ မဲရုံများကို သတ်မှတ်ရာတွင် မဲဆန္ဒရှင် ၃၀၀ မှ ၃၀၀၀ ထိရှိလျှင် မဲရုံတစ်ရုံထား ရှိရန် သတ်မှတ်ထားသည်။

မဲရုံတစ်ရုံတွင် မဲရုံမှူး ၁ ဦး၊ ဒုတိယမဲရုံမှူး ၁ ဦး၊ မဲစာရင်းစစ်ဆေးသူ ၃ ဦး၊ ဆန္ဒမဲလက်မှတ်ထုတ်ပေးသူ ၃ ဦး၊ မဲရုံလုံခြုံရေး ၁ ဦးနှင့် လက်များကိုမှင်တို့ပေးမည့်အဖွဲ့ဝင် ၁ ဦး စုစုပေါင်း မဲရုံဝန်ထမ်း ၁၀ ဦးသတ်မှတ်ထားပြီး လိုအပ်ပါက မဲရုံဝန်ထမ်းတိုးချဲ့ခန့်အပ်နိုင်ကြောင်း ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန် တွင် ဖော်ပြထားသည်။

မွန်ပြည်နယ်အတွင်းရှိ လျာထားမဲရုံများတွင် တာဝန်ထမ်းဆောင်ရန်အတွက် ပညာရေးဝန်ထမ်း ၁၅၀၀၀ ကျော် လျာထားသည်ဟု မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

လာမည့်ရွေးကောက်ပွဲအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်ရန် လျာထားသည့် ပညာရေးဝန်ထမ်း ၁၅၀၀၀ ကျော်တွင် မဲရုံမှူး တာဝန်ထမ်းဆောင်ရန် ၉၅၈ ဦး၊ ဒုမဲရုံမှူးအတွက် ၉၅၅ ဦးနှင့် မဲရုံအဖွဲ့ဝင်အတွက် ၁၃၇၁၇ ဦး ပါဝင်သည်ဟု ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က ပြောသည်။

မွန်ပြည်နယ်တွင် လျာထားမဲရုံပေါင်း ၉၇၃ ရုံရှိသည့်အနက် အခြေခံပညာကျောင်းတို့ကို အသုံးပြုထားသည့် မဲရုံ ၈၄၀ ကျော်ရှိပြီး ကူးစက်ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်မှုများ အဆင်သင့်လုပ်ဆောင်ထားသည်ဟု ပြည်နယ် ပညာရေးမှူး က ပြောသည်။

“ကျောင်းပြန်ဖွင့်ဖို့ ပြင်ဆင်ချိန်ကတည်းကိုက ကျောင်းတွေမှာ (ကူးစက်ရောဂါ) ကြိုတင်ကာကွယ်တဲ့စနစ်တွေ ဘေစင်ကအစ အကုန်လုံးပေါ့ ကျမတို့မှာ အဆင်သင့်ရှိပါတယ်။ ဆရာ/ဆရာမတွေကိုလည်း ခွဲဝေပေးထား တာရှိပါတယ်။ ဒီပစ္စည်းတွေက ရွေးကောက်ပွဲဆောင်ရွက်မယ့်ရက်အတွက် အားလုံး မျှဝေပြီးတော့ သုံးစွဲသွားဖို့ ရှိပါတယ်” ဟု ဒေါက်တာချိုချိုမြတ်အောင်က ပြောသည်။

နိုဝင်ဘာ ၈ ရက်နေ့ကျင်းပမည့် ရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်ကြေညာမည့် မဲစာရင်းအရ မွန်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၉ သောင်းကျော်ရှိသည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ သိရသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...