မြောက်ဦးဒေသခံတစ်ဦး ဖမ်းဆီးခံရပြီးတစ်ရက်အကြာတွင် ဒဏ်ရာများဖြင့်သေဆုံး

မြောက်ဦးဒေသခံတစ်ဦး ဖမ်းဆီးခံရပြီးတစ်ရက်အကြာတွင် ဒဏ်ရာများဖြင့်သေဆုံး

မျိုးသီရိကျော် — ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ဒေသခံတစ်ဦးဖမ်းဆီးခံခဲ့ရပြီး တစ်ရက်အကြာတွင် ဒဏ်ရာများဖြင့်သေဆုံး နေသည့်ရုပ်အလောင်း ဆေးရုံသို့ရောက်ရှိလာကြောင်း မိသားစုဝင်များထံမှ သိရသည်။

အသက် ၃၇ နှစ်အရွယ်ရှိသည့် ဦးအေးကျော်၏ရုပ်အလောင်းမှာ မြောက်ဦးရတနာပါလနာရေးကူညီမှုအသင်းမှ ကားဖြင့်စက်တင်ဘာလ ၂၈ ရက်ညနေပိုင်းတွင် မြောက်ဦးဆေးရုံသို့ရောက်ရှိလာသည်ဟု မိသားစုဝင် များက ပြောသည်။

ဦးအေးကျော်မှာ မြောက်ဦးမြို့နယ်၊ အောင်တိုက်အုပ်စု၊ မြို့သစ်ရပ်ကွက်တွင်နေထိုင်ပြီး သုံးဘီးဆိုင်ကယ် မောင်းနှင်သူတစ်ဦးဖြစ်သည်။

၎င်းသည် စက်တင်ဘာလ ၂၇ ရက်နေ့က မြောက်ဦးမြို့နယ် နထင်(ခမီး)ကျေးရွာသို့ သုံးဘီးဆိုင်ကယ်ဖြင့် ခရီးသည်တစ်ဦးအား လိုက်ပါပို့ဆောင်စဉ် တပ်ရင်း(၃၇၇)မှ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရကြောင်းကို ကြားသိရ သဖြင့် သွားရောက်စုံစမ်းခဲ့သော်လည်း ဖမ်းဆီးခြင်းမရှိဟုပြောသဖြင့် ပြန်လာခဲ့ရသည်ဟု ဦးအေးကျော်၏ ယောက္ခထီးဖြစ်သူ ဦးမောင်နုကပြောသည်။

ယင်းနောက်တွင် မိသားစုနှင့် အဆက်အသွယ်မရရှိခဲ့ဘဲ စက်တင်ဘာ ၂၈ ရက်နေ့တွင် သေဆုံးနေသည့် ဦးအေးကျော်၏ ရုပ်အလောင်းသာ ရောက်ရှိလာသည်ဟု ဦးမောင်နုက ဆိုသည်။

“အလောင်းကို အခုစစ်ဆေးနေတဲ့အတွက် ကျနော်တို့အကုန်လုံးမမြင်ခဲ့ရဘူး။ ဒါပေမဲ့ သူ့ဦးခေါင်းတွေကွဲလို့ ဒဏ်ရာတွေကိုတော့မြင်ခဲ့ပါတယ်။ အခုတော့ရင်ခွဲရုံမှာပါ။ ဆေးရုံက ဖုန်းဆက်လာလို့သာသိရတာပါ။ ကျနော်တို့ မိသားစုတွေက ကမ္ဘာပြိုနေသလိုခံစားနေရတယ်။ သူ့မှာကလေးကလည်း ၅ လလောက်အရွယ် တစ်ယောက် ကျန်ရှိခဲ့တယ်။ ဘယ်လိုရှေ့ဆက်မလဲ” ဟု ၎င်းကပြောသည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကလည်း ယခုကဲ့သို့ ဖမ်းဆီးခံရသူတစ်ဦး သေဆုံးသွားသည်မှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။

ဦးအေးကျော်တွင် အပြစ်ရှိပါကလည်း ဥပဒေအရသာ ဆောင်ရွက်သင့်ကြောင်းလည်း ဦးထွန်းသာစိန်က ပြောသည်။

“တကယ်လို့အပြစ်ရှိတယ်ဆိုရင်တောင် ဥပဒေလမ်းကြောင်းအတိုင်း အမှုဖွင့်တိုင်ကြား အရေးယူသင့်တယ်။ အခုလိုမျိုးသေလောက်အောင်ထိဖြစ်သွားတာဟာ တရားဥပဒေလမ်းကြောင်းနဲ့မညီဘူးလို့ ကျနော်တို့က သုံးသပ်ပါတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ဆေးစစ်ချက် အဖြေမထွက်သေးသည့်အတွက် ဦးအေးကျော်သေဆုံးမှုနှင့်ပတ်သက်ပြီး မည်သို့ ဆောင်ရွက်သွားမည်ကို မသိသေးကြောင်း မိသားစုဝင်များကပြောဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ၂၀၁၈ နှစ်ကုန်ပိုင်းမှ လက်ရှိအချိန်ထိ သံသယဖြင့်ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးကာလအတွင်း သေဆုံးသွားသည့် အရပ်သား ၂၂ ဦးခန့်အထိရှိလာနေပြီဖြစ်ကာ ဖမ်းဆီးခံရပြီးနောက် သတင်းအစအနမရရှိဘဲ ပျောက်ဆုံးနေသူများလည်းရှိနေသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...