ကျောက်တော်ဒေသခံ ၁၈ ဦးပျောက်ဆုံးနေမှု ၇ လခန့်ကြာသော်လည်း ထူးခြားမှုမရှိသေး

ကျောက်တော်ဒေသခံ ၁၈ ဦးပျောက်ဆုံးနေမှု ၇ လခန့်ကြာသော်လည်း ထူးခြားမှုမရှိသေး

နှင်းနွယ် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် တပ်မတော်မှ ဖမ်းဆီးသွားခဲ့ပြီးနောက် ပျောက်ဆုံးလျက်ရှိနေသည့် တင်းမကျေးရွာသား(၁၈)ဦး၏ သတင်းအား (၇)လခန့် ကြာမြင့်လာသော်လည်း ထူးခြားမှုမရှိသေးကြောင်း မိသားစုဝင်များက ပြောသည်။

အဆိုပါကျေးရွာအနီးရှိ တောင်ရှည်တောင်၌ တပ်စွဲထားသည့် တပ်မ (၅၅)မှ မတ်လ (၁၆)ရက်က ကျေးရွာ အတွင်းသို့ ဝင်ရောက်လာကာ ကျေးရွာသား(၄၀)ကျော်အား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ များက ပြောသည်။

ထို့နောက် အသက်ကြီးပိုင်းများကို ပြန်လွှတ်ပေးခဲ့ပြီး (၈)တန်းကျောင်းသား မောင်ထွန်းထွန်းဝေ အပါအဝင် ကျေးရွာသား(၁၈)ဦးတို့အား ကြိုးတုပ်ကာ တောင်ပေါ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များက ပြောဆိုကြသည်။

ဖမ်းဆီးခေါ်ဆောင်သွားသည့်နေ့မှစ၍ ယနေ့အချိန်ထိ သတင်းအစအန တစ်စုံတစ်ရာမရရှိသေးသဖြင့် စိတ်ပူကြောင်း ဖမ်းဆီးခံရသူ မောင်ထွန်းထွန်းဝေ၏ဖခင် ဦးသာထွန်းက ပြောသည်။

“ရဲစခန်းကို သွားတိုင်တယ်။ ဘာမှအကြောင်းပြန်မလာဘူး။ စစ်တွေက အချုပ်ခန်းမှာ ရောက်နေတယ်လို့ ပြောသံ ကြားရင် စစ်တွေဘက်ကို လိုက်စုံစမ်းတယ်။ မြောက်ဦးမှာရောက်နေတယ်လို့ ပြောသံကြားရင် မြောက်ဦးဘက်ကို လိုက်စုံစမ်းတယ်။ ဒါပေမယ့် ဘာမှ သတင်းအဆက်အသွယ်မရဘူး။ ကျနော်တို့ကတော့ ကျနော့်သားကို ပြန်လွှတ်ပေးစေချင်တယ်။ ကျနော်တို့အရမ်းကို စိတ်ပူပင်သောက ရောက်နေရပါတယ်” ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံထားရသူများမှာ မြောက်ဦးရဲစခန်းသို့ ရောက်ရှိနေကြောင်း သတင်းကြားသိရသဖြင့်   ဇူလိုင်လ အတွင်းက မိသားစုဝင်များ သွားရောက်စုံစမ်းခဲ့ကြသော်လည်း မတွေ့ရှိခဲ့ကြောင်း ဖမ်းဆီးခံရသူ ကိုမောင်ကြည်လင်း၏ အစ်မဖြစ်သူ မမြဝင်းကြည်က ပြောသည်။

“ကျမတို့သွားလို့ ရဲစခန်းကိုရောက်တော့ တာဝန်ရှိသူတစ်ဦးက သူတို့ထဲက(၈)ယောက်ကို လေယာဉ်နဲ့လာပို့မယ်။ ဘယ်နေ့ရောက်မလဲဆိုတာကို အတိအကျမသိဘူးဆိုပြီး ပြောတယ်။ အဲဒီနေ့ကစပြီး ကျမတို့လည်း ရဲစခန်းကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့တယ်။ ဒါပေမယ့် သူတို့ကဘာမှမသိဘူးလို့ဘဲ ပြန်ဖြေတော့တယ်။ ကျမတို့ဘက်က လိုလားတာက သူတို့ပြန်လွှတ်ပေးစေချင်တယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ ဖမ်းဆီးခံရသူများမှာ ကျေးရွာအတွင်း ရိုးသားစွာလုပ်ကိုင်စားသောက်နေသူများနှင့် ကျောင်းတက် နေသည့် ကလေးငယ်များဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ဖမ်းဆီးခံထားရသည့် တင်းမကျေးရွာသား(၁၈)ဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန်အတွက် မိသားစုဝင်များက စစ်တွေမြို့ရှိ ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ထံသို့ တိုင်ကြားထားသည်။

ဖမ်းဆီးခံထားရသည့် ကိုထွန်းမောင်ဝင်း၏ဇနီးဖြစ်သူ မခင်မြင့်ဝင်းက “ကျမတို့ကတော့ တပ်မတော်က ဖမ်းသွားတဲ့ ကျမယောကျ်ားနဲ့ တခြားသူတွေကို ပြန်လွတ်လာစေချင်တဲ့စိတ်နဲ့ တိုင်ကြားထားတာပါ။ အခုချိန်ထိ သူတို့က သေမှန်းလည်းမသိ၊ အသက်ရှင်နေမှန်းလည်း မသိရတော့ မိသားစုဝင်တွေက စိတ်ပူနေရတယ်” ဟု ပြောသည်။

တင်းမကျေးရွာသားများ ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ မိသားစုဝင်များ၏ ထွက်ဆိုချက်များနှင့်အတူ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံသို့ တိုင်တန်းထားသော်လည်း ယနေ့အချိန်ထိ တစ်စုံတစ်ရာ လုပ်ဆောင်ပေးခြင်း မရှိသေးကြောင်း ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ အဖွဲ့ထံမှသိရသည်။

“အမျိုးသားလူ့အခွင့်ရေးကော်မရှင်အနေနဲ့ အခုလို ပြည်သူတွေ သေမှန်းရှင်မှန်းမသိ ဖြစ်နေတာတွေကို တစိုက် မတ်မတ် စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ပေးရမှာဖြစ်တယ်။ အခုက ဘာမှမလုပ်ဘဲ လျစ်လျူရှုထားတယ်” ဟု ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက တင်းမကျေးရွာသားများအား ဖမ်းဆီး ထားခြင်းများမရှိကြောင်း  ဇွန်လအတွင်းက သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောဆို ထားသည်။

မတ်လ ၂၂ ရက်နေ့က တင်းမကျေးရွာမီးရှို့ခံရမှုကြောင့် နေအိမ်အလုံး ၅၀၀ ကျော် မီးလောင်ပျက်စီးသွား ခဲ့ကာ နေအိမ်များပြန်လည်တည်ဆောက်နိုင်ရေးအတွက် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ငွေကျပ်သိန်း ၉၀၀ ကျော်ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...