ပလက်ဝမြို့နယ်တွင် စားနပ်ရိက္ခာများ ပြတ်လပ်နေ

ပလက်ဝမြို့နယ်တွင် စားနပ်ရိက္ခာများ ပြတ်လပ်နေ
CHIN IDP Support Committee
CHIN IDP Support Committee

မျိုးသီရိကျော် — ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဆန်နှင့်စားနပ်ရိက္ခာများ ပြတ်လပ်သည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ပလက်ဝမြို့တွင် ကုန်းလမ်း၊ ရေလမ်းများပိတ်ထားသောကြောင့် စက်တင်ဘာ(၉)ရက်နေ့တွင် ကျောက်တော်ဖက်မှ ပလက်ဝမြို့သို့ ဆန်နှင့်အခြားစားနပ်ရိက္ခာများ သယ်ယူထမ်းပို့နေသည့် ဒေသခံ (၄၁)ဦးကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဒေသန္တရအမိန့်လိုက်နာရန် ပျက်ကွက်မှုဖြင့် အရေးယူရန် စီစဉ်နေသည်။

ယင်းနောက် ပလက်ဝမြို့နယ်မှ အခြားကုန်ထမ်းသမားများမှာလည်း လမ်းခရီးစိုးရိမ်မှုများရှိသည့်အတွက် ကုန်မထမ်းရဲကြတော့ဘဲ ယခုကဲ့သို့ဆန်ရိက္ခာနှင့် အခြားပစ္စည်းများ ပြတ်လပ်နေခြင်းဖြစ်သည်ဟု ပလက်ဝဒေသခံ ဦးမောင်မောင်ကပြောသည်။

“လက်ရှိက ကျနော်တို့မိသားစုမှာ ဆန်တစ်အိတ်လောက်ရှိတော့တယ်။ တခြားမိသားစုတွေဆိုရင် ပိုပြီးတော့ မရှိကြတော့ဘူး။ ကုန်ထမ်းသမားတွေ ဖမ်းဆီးအသတ်ခံရတဲ့နောက်ပိုင်း အခြားသူတွေလည်း တစ်ယောက်မှ ကုန်ထမ်းဖို့ မသွားရဲကြတော့ဘူးပေါ့။ အဲလိုမျိုးဆိုတော့ ဆန်၊ ဆီ ၊ ဆား ၊ ဆေးတွေအပါအဝင်ပေါ့ အကုန်လုံးနီးပါး ပြတ်လပ်သွားတယ်တယ်။ နံပါတ်တစ်က ဆန်ပေါ့ဗျာ၊ ဒီအတိုင်းဆိုရင် ပလက်ဝကဒေသခံတွေ ဘယ်လို ရှေ့ဆက်ပြီး စားသောက်နေထိုင်ကြတော့မလဲ” ဟု ၎င်းကဆိုသည်။

လက်လုပ်လက်စားမိသားစုများမှာ ဝင်ငွေမရှိသဖြင့် ဆန်ပြုသောက်၍နေရသည်ဟုလည်း ပလက်ဝ ဒေသခံတစ်ဦးဖြစ်သည့် ကိုတင်ထွန်းအောင်က ဆိုသည်။

“ပိုက်ဆံရှိတဲ့သူတွေတောင် ဝယ်စရာဆန်မရှိဘူး၊ စားဝတ်နေရေးအဆင်မပြေတဲ့ မိသားစုတွေမှာဆိုရင် ဆန်ပြုတ် သောက်နေရတယ်လို့ကြားပါတယ်။ ကလေးတွေကိုဝအောင်ကျွေးပြီး လူကြီးတွေအဆာပြေစားတယ်” ဟု ၎င်းက ဆိုသည်။

ပလက်ဝမြို့နယ်တွင် အကြမ်းဆန် ၁ အိတ်လျှင် တစ်သိန်းလေးသောင်းကျပ်၊ ကြက်သွန်တစ်ပိဿာလျှင် ၆ ထောင်ကျပ်၊ ကြက်ဥတစ်လုံး ငါးရာကျပ်၊ နှာခေါင်းစည်း ၁ ခုလျှင် တစ်ထောင့်ငါးရာကျပ် စသည်ဖြင့် စားနပ်ရိက္ခာများကို ဈေးကြီးပေးပြီးဝယ်ယူနေရကြောင်း ဒေသခံများထံမှသိရသည်။

ပလက်ဝမြို့နယ်တွင် စားနပ်ရိက္ခာများအပြင် ဆေးဝါးပစ္စည်းများလည်း ပြတ်လပ်နေကြောင်း ပလက်ဝဒေသခံ တစ်ဦးကပြောသည်။

“ပလက်ဝမှာ အစကတည်းက ဆေးဝါးတွေကပြတ်လပ်နေတာပါ။ အခုဆိုရင် ပိုပြီးတော့မရှိတော့ဘူး။ ဆေးရုံ မှာတောင် ဆေးဝါးတွေမရှိတော့ဘူး။ အဓိကတော့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်ပေါ့။ အဲလိုမျိုး ဆေးဝါးတွေမရှိ၊ စုံစုံလင်လင်မရှိတာကြောင့် မသေသင့်ပဲသေသွားကြတဲ့သူတွေလည်းရှိပါတယ်” ဟု ၎င်းက ဆိုသည်။

စားနပ်ရိက္ခာပြတ်လပ်မှု ယခုထက်ပိုမိုဆိုးရွားလာနိုင်သည့်အတွက် ကျောက်တော်၊ ပလက်ဝသွားသည့် ရေလမ်းကြောင်းကို တစ်ပတ်လျှင် ၂ ကြိမ်ခန့်ဖြစ်စေ ပြန်ဖွင့်ပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုကြသည်။

ယခုကဲ့သို့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲဖြစ်နေခြင်းနှင့်ပတ်သတ်ပြီး စားနပ်ရိက္ခာများပို့နိုင်ရန် ကုန်းလမ်းကိုအဓိကထားပြီး လုပ်ဆောင်နေသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“ကျနော်တို့က ဒီလမ်းပန်းဆက်သွယ်ရေးနဲ့ ပတ်သတ်ပြီး ပခုက္ကူ ၊ ဆမီး၊ မတူဘီ ၊ ပလက်ဝသွားတဲ့ ကုန်းလမ်းကြောင်းကို အဓိကထားပြီး ပုံမှန်စားနပ်ရိက္ခာပို့နိုင်အောင် ကြိုးစားပြီးတော့ လုပ်နေပါတယ်။ အခုလောလောဆယ်မှာတော့ အဲဒီကုန်းလမ်းမှာ ရွံ့တွေနဲ့ဖြစ်နေတာကြောင့်ကားတွေက တော်တော်နဲ့သွားလို့မရဘူး ဖြစ်နေတယ်။ အဲဒါကြောင့် နည်းနည်းအခက်အခဲဖြစ်နေတာပါ။ ဒီကုန်းလမ်းကြောင်းကို ကောင်းကောင်းပြုပြင်ပြီးတော့ ဆမီး ကနေတစ်ဆင့် ပလက်ဝသို့ပို့ပေးမှာပါ” ဟု ၎င်းကဆိုသည်။

ပလက်ဝဒေသခံများမှာ ရေလမ်းခရီးကိုအဓိကအားထားနေရသော်လည်း လက်ရှိတွင် စစ်ရေးပဋိပက္ခ များကြောင့် ကုန်းလမ်းခရီးကို ဖွင့်ပေးထားခြင်းဖြစ်သည်။

သို့သော် ကုန်းလမ်းခရီး၌ တိုက်ပွဲဖြစ်ခြင်းများရှိလာပါက ပလက်ဝဒေသခံများမှာ ပိုမိုအခက်အခဲ ဖြစ်လာနိုင်သည်ဟုလည်း ဦးစိုးထက်ကပြောသည်။

ပလက်ဝမြို့နယ်သည် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် ဒေသတစ်ခု ဖြစ်သည်။

Photo – CHIN IDP Support Committee

ကျောက်ဖြူမြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ- DMG
June 27, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်က ပြည်သူများမှာ ယခုကာလ...
ပုံစာ- အာဏာသိမ်းစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - CNICDS
June 26, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးရှိ တောင်မော်ကြီးရေတပ်အနီးတစ်ဝိုက်တွင် ယခုရက်ပိုင်း...
June 25, 2026
ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းကျေးရွာမှ...
ဓာတ်ပုံ - DMG
June 24, 2026
လက်ရှိ ရခိုင်ဒေသတွင် လူငယ် ၅၅ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့ဖြစ်နေကြောင်း လူငယ်ဦးဆောင်အဖွဲ့ (YLO...