ရှမ်းနီ (တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (ကျားမင်းပါတီ) ၏ မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်များ

ရှမ်းနီ (တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (ကျားမင်းပါတီ) ၏ မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်များ

ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ (SSP) အနေဖြင့် အဓိကမူဝါဒ ကိုးချက်ချမှတ်ထားပြီး အကောင်အ ထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မူဝါဒများမှာ ၁။ ဒီမိုကရေစီနည်းလမ်းအရ ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာစေရန် ၂။ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်စီမံခွင့် နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်များ ရရှိစေရန် ၃။ တိုင်းရင်းသားအချင်းချင်း အေးချမ်းစွာ အတူယဥ်တွဲနေထိုင်၍ တစ်ဦးနှင့်တစ်ဦး ယုံကြည့်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှုများ လက်ကိုင်ထား၍ နိုင်ငံတော်နှင့် ဒေသအကျိုးစီးပွားများဖွံ့ဖြိုးတိုးတက်စေရန် ၄။ တိုင်းရင်းသား (လူနည်းစု) မျိုးနွယ်များ မပျောက်ပျက်အောင် ထိန်းသိမ်းကာကွယ်စောင်ရှောက်ရန် ၅။ နိုင်ငံရေးမဟာမိတ် မှု၀ါဒကို လက်ခံကျင့်သုံးရန် ၆။ လူမျိုးအမည်မှန်ပေါ်ပေါက်ရေး၊ ပြည်နယ်သစ်မူဘောင်ပေါ်ပေါက်လာပါက ပြည်နယ်ရရှိစေရန် ၇။ ပြည်တွင်းစစ်ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းမှု၊ တရာဥပဒေစိုးမိုးမှု အပြည့်အ၀ရရှိစေရန် ၈။ ခိုင်မာတောင့်တင်းသော လူထုအကျိုးပြု လူမှုအဖွဲ့အစည်းများ ပေါ်ထွန်းလာစေရန် ၉။ တိုင်းရင်းသားမျိုးနွယ်စုတို့၏ ဘာသာစကား၊ စာပေယဥ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ၊ ကိုးကွယ်ယုံးကြည်မှုနှင့် သမိုင်းကြောင်းတို့ကို ဖွံ့ဖြိုးစေရန်နှင့် တည်တံ့ခိုင်မြဲစေရန်တို့ဖြစ်သည်။

ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ (ကျားမင်းပါတီ) မှ လာမည့်အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ် မဲဆန္ဒနယ် ငါးနေရာ၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် ကိုးနေရာနှင့် စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးကိုယ်စားလှယ် တစ်နေရာ တို့ဖြင့် စုစုပေါင်းကိုယ်စားလှယ် ၁၅ ဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ (ကျားမင်းပါတီ) ပါတီကိုယ်စားလှယ်လောင်းများတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းပါ၀င်မှုမရှိသော်လည်း လူငယ်ပါ၀င်မှု ၁၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ရွေးကောက်ပွဲကတိကဝတ်အဖြစ် ရွေးကောက်ပွဲတွင် ၎င်းတို့ အနိုင်ရရှိ၍ လွှတ်တော်ထဲပါဝင်ခွင့်ရရှိပါက ဌာနေလူမျိုးများ၏ လိုအပ်ချက်များကို တောင်းဆိုခြင်း၊ မှတ်ပုံတင်များတွင် ရှမ်းနီလူမျိုးအဖြစ် တရားဝင် သုံးစွဲခွင့်ရရှိရေးနှင့် ရှမ်းနီပြည်နယ်သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးတို့အတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ပါတီအနေနဲ့ကတော့ လွှတ်တော်ရောက်ရင် ရှမ်းနီလူမျိုးတွေရဲ့ လိုအပ်ချက်တွေကို တင်ပြတောင်းဆိုမယ်ပေါ့။ နောက်ပြီး ကျွန်တော်တို့ အဓိက မှတ်ပုံတင်မှာ ရှမ်းနီနာမည်နဲ့ မှတ်ပုံတင်လူမျိုးနေရာမှာ ရှမ်းနီဆိုပြီး ထည့်သွင်းနိုင်ဖို့ ရှမ်းနီမဟုတ်ရင်လည်း တိုင်းလျန်ဆိုလည်း တိုင်းလျန်ပေါ့ဗျာ။ နောက်တစ်ခါ ဖယ်ဒရယ်ပြည်ထောင်စုကနေ ရှမ်းနီပြည်နယ်ရရှိရေး ဒါမှမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးပေါ့ဗျာ" ဟု ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီမှ ဥက္ကဌ ဦးအောင်ခင်းကပြောသည်။

အဆိုပါ ပါတီသည် ယခင်က ရှမ်းနီ (တိုင်းလျန်) နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီအမည်မှ ၂၀၁၉ ခုနှစ်တွင် ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီအဖြစ် အမည်ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး၊ ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီကို ၂၀၁၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကာ ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၂၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ တစ်ဦးမှ အနိုင်မရရှိခဲ့ပေ။

သို့သော် ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေသခံပြို်ငဘက်ပါတီတစ်ခုဖြစ်သည့် တိုင်းလိုင် (ရှမ်းနီ) ဖွံ့ဖြိုးတိုးတက်ရေးပါတီသည် နှစ်နေရာအနိုင်ရရှိခဲ့သည်။

ထိုကြောင့် ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီအနေဖြင့် ယခုရွေးကောက်ပွဲတွင် ပါတီကြီးများထက် ဒေသခံပြိုင်ဘက်ပါတီကို အဓိကထား ယှဉ်ပြိုင်ရဖွယ်ရှိနေခြင်းဖြစ်သည်။

ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီကို ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသခံ ရှမ်းနီ (တိုင်းလိုင်) နှင့် မြန်မာနိုင်ငံအထက်၊ မြောက်ပိုင်းရှိ ရှမ်းမျိုးနွယ်စုများဖြစ်သော တိုင်းခန္တီး၊ တိုင်းလေ၊ တိုင်းဆာ၊ တိုင်းမောင်း၊ တိုင်းဖွန်း၊ တိုင်းလုံ၊ တိုင်း ခွမ်း၊ တိုင်းကတူး၊ တိုင်းကနန်း အစရှိသော ရှမ်းမျိုးနွယ်စုများ၊ မိမိတို့၏အမျိုးသားရေး၊ နယ်မြေဒေသငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားအခွင့်အရေး တန်းတူညီမျှရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များအား စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်နိုင်ရန် တည်ထောင်ထားခြင်းဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...