ကျောက်တော်မြို့နယ်တွင် အရပ်သား ၂၀ ခန့် တပ်မတော်ဖမ်းဆီး

ကျောက်တော်မြို့နယ်တွင် အရပ်သား ၂၀ ခန့် တပ်မတော်ဖမ်းဆီး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းက ဒေသခံ ရွာသား အယောက် ၂၀ ခန့်ကို တပ်မတော် စစ်ကြောင်းက ဖမ်းဆီးထားသည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီ အချိန်ခန့်က ကျောက်တော်မြို့ နယ် သရက်တပင် ကျေး ရွာမှ ရွာသားများ ဖမ်းဆီးခံထားရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဟုတ်တယ်၊ ဒီမနက်အစော ၇ နာရီလောက်မှာ ကျနော်တို့ရွာကို တပ်မတော်သားတွေ ဝင်လာတယ်။ အားလုံး ဝင်လာပြီး တွေ့တဲ့လူ ရွာထဲက လူ တွေ့သမျှ ဖမ်းခေါ်သွားတယ်။ ဘာလို့ခေါ်သွားတာလဲတော့ မသိဘူး။ ၂၀ လောက်ဖမ်းသွားတယ်။ လူလတ်ပိုင်းတွေပါတယ်။ လူကြီးတွေလည်း ပါတယ်။ အခုထိ ဖမ်းထားတုန်းပဲ။ သူတို့ ကို ကျနော်တို့ ရွာက ဆေးရုံဝင်းထဲမှာ ဖမ်းထားတာ။ ကျနော်တို့ကတော့ ပုန်းနေလိုက်တာ။ အခုယောက်ကျား လေးတွေက ရွာထဲမှာ မနေရဲကြဘူး။ တချို့လည်း ထွက်ပြေးကြတယ်။ ပုန်းနေကြတယ်” ဟု အမည် မဖော် လိုသူ သရက်တပင်ကျေးရွာမှ ရွာသား တစ်ဦးက ပြောသည်။

သရက်တပင်ကျေးရွာမှ ရွာသားအများစုမှ ယခုခါ ကျေးရွာမှ ထွက်ပြေးနေကြရပြီး၊ အချို့မှာလည်း လုံခြုံသည့် နေရာများတွင် ပုန်းနေကြရသည်ဟု ဒေသခံရွာသားများ က ပြောသည်။

ကျောက်တော်မြို့နယ် က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင်က ရွာသားများ ဖမ်းဆီးခံရသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုသော်လည်း ဖမ်းဆီးခံရသည့် ကိစ္စ၊ ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်ကို မသိရသေးဘူးဟု ပြောသည်။

ဖမ်းဆီးခံထားရသူများထဲတွင် ပါဝင်သွားသည့် မိသားစုဝင်တစ်ဦးက “ဘာလို့ ဖမ်းသွားတာလည်းတော့ အစ်မ တို့လည်း မသိဘူး။ အခု အစ်ကိုအတွက်ပဲ စိတ်ပူနေရတယ်။ တစ်ခုခု ဖြစ်သွားမှာကို စိတ်ပူတာ။ ဒီနေ့ မနက် ပိုင်း လယ်က အပြန် ဖမ်းသွားတာ။ အခုတော့ ရွာက ဆရာတော်တွေ ဘာတွေနဲ့လည်း ပြောပြထားတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ဖုန်းဆက်ထားတယ်။ တပ်မတော်သားတွေက အများကြီးပဲ ဒီမနက် ရွာထဲကိုဝင်လာတာ။ အစ်မတို့လည်း ကြောက်တော့ ပုန်းနေကြတာ။ ထွက်ပြေးတဲ့လူတွေလည်း ထွက်ပြေး ကြတယ်။ အစ်မတို့က အစ်ကို ပြန် မလာ လို့ မေးကြည့်တော့မှ သူလည်း ဖမ်းခံရတဲ့အထဲမှာ ပါသွားတယ်ပေါ့။ နောက်မှသိရတာပါ” ဟု ပြောသည်။

ဖမ်းဆီးခံရသူများအား တပ်မတော်က ရိုက်နှက်ခြင်း၊ နှိပ်စက်ခြင်းများ ပြုလုပ်ခံရမည်ကို ၎င်းတို့၏ မိသားစုဝင် များ စိုးရိမ်သည်ဟု ပြောသည်။

သရက်တပင်ကျေးရွာမှ ဆရာတော် တစ်ပါးက “အခုသူတို့ဖမ်းသွားတဲ့လူတွေက ရွာသားပါ။ စစ်သားတွေလည်း မဟုတ်ဘူး။ AA လည်းမဟုတ်ဘူး။ ဘာလို့ဖမ်းသွားတာလဲတော့ မသိဘူး။ ဒီမနက်က စစ်ကြောင်းက နှစ် ကြောင်း သုံးကြောင်းလောက်ရှိမယ်။ ရွာထဲကို ဝင်လာတာ။ အခုက ရွာက ဆေးခန်း၊ ဆေးရုံဝင်းပေါ့ အဲ့ထဲမှာရှိ တယ်။ စစ်သားတွေကတော့ အဲ့မှာလည်း ရှိတယ်။ တခြားနေရာတွေများလည်း နေနေကြတယ်” ဟု ပြောသည်။

သရက်တပင်ကျေးရွာမှ ရွာသားများ ဖမ်းဆီးခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးသလို တပ်မတော်သတင်းမှန် ပြန်ကြားရေး တာဝန်ရှိသူအား ဖုန်းဖြင့် ဆက်သွယ်ရာတွင်လည်း ဆက်သွယ်၍ မရခဲ့ပေ။

မဟာမုနိ ဘုရားအနီးတွင် တည်ရှိသည့် သရက်တပင်ကျေးရွာသည် အိမ်ခြေ တစ်ထောင်ကျော်ခန့်ရှိပြီး ရွာသားများမှာ စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးနေကြရသည်ဟု သိရသည်။

Most read this week

ဓာတ်ပုံ - လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ရွှေကူမြို့နယ်အတွင်းမှ နေအိမ်တစ်လုံး
August 22, 2026
ကချင်ပြည် ရွှေကူမြို့နယ်အတွင်း လူနေရပ်ကွက်များနှင့် ကျေးရွာများကို စစ်တပ်က ဂျက်ဖိုက်တာများဖြင့်...
August 21, 2026
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ကျေးရွာဘုန်းကြီးကျောင်းတွင် ဒေသခံပြည်သူများ ဥပုသ်သီလ ဆောက်တည်...
ဓါတ်ပုံ - (ပေးပို့ / Crd)
August 21, 2026
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောင်ခြမ်းနှင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ကို စစ်အုပ်စုတပ်က...
August 21, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာတွင် စစ်ကျန် ဗုံးသီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ...