ဗန်းမောက်မြို့နယ်တွင် တစ်သီးပုဂ္ဂလအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့် ကနန်းတိုင်းရင်းသား ဦး စိန်လွင် နှင့် ဆက်သွယ်မေးမြန်းခြင်း

ဗန်းမောက်မြို့နယ်တွင် တစ်သီးပုဂ္ဂလအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့် ကနန်းတိုင်းရင်းသား ဦး စိန်လွင် နှင့် ဆက်သွယ်မေးမြန်းခြင်း

ဗန်းမောက်မြို့နယ်လို့ ဆိုလိုက်ရက် ရှမ်းနီ၊ ကဒူး ၊ ကနန်း တိုင်းရင်းသားတွေ အတူနေထိုင်ကြတဲ့ ဒေသတစ်ခုလို့ ရှုမြင်ကြပါတယ်။ ဖွံ့ဖြိုးမှုနည်းပါးနေတဲ့ တစ်ခုလည်းဖြစ်ပါတယ်။ ဧရိယာကျယ်ပြောလှပြီး သယံဇာတတွေလည်း ပေါများတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ဒီဒေသမှာ လမ်းပန်းဆက်သွယ်ရေးအစ ကျန်းမာရေး ၊ လျှပ်စစ်မီးလင်းရေး စတဲ့ အခြေခံလိုအပ်ချက်တွေက အရပ်သားအစိုးရ (၂) ဆက်တိုင် ဖြည့်ဆည်းပေးနိုင်ခြင်းမရှိတဲ့ဒေသတစ်ခု တစ်ခုဖြစ်ပါတယ်။ ဒေသခံတွေက ၎င်းတို့ရဲ့ ဖွံ့ဖြိုးရေးတွေကို ကိုယ်တိုင်လုပ်ဆောင်မှ ရနိုင်တော့မယ်ဆိုတဲ့ ခံယူချက် တွေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဖြစ်လာခဲ့ကြပါတယ်။ ဗန်းမောက်မြို့နယ်ထဲမှာမှ တိုင်းဒေသ ကြီးလွှတ်တော် မဲဆန္ဒနယ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကနန်းတိုင်းရင်းသား ဦးစိန်လွင်နှင့် မေးမြန်းထားမှုတွေကို ဖော်ပြလိုက်ပါတယ်။

မေး။ ။ ဘယ်လိုကြောင့် တစ်သီးပုဂ္ဂလအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာလဲခင်ဗျ ။

ဖြေ။ ။ ကျွန်တော်တို့က ဘယ်ပါတီဘယ်အစိုးရကိုမှ မကြိုက်မနှစ်သက်လို့ ပုတ်ခတ်ချင်လို့မဟုတ်ပါဘူးခင်ဗျ။ ကျွန်တော်တို့က ဘယ်ပါတီဘယ်အစိုးရတက်တက် လုံးဝပြီးပြည့်စုံတဲ့ ဘက်ပေါင်းစုံအောင်ရှိနေတယ်ဆိုတာတော့ ရှားတယ်ပေါ့လေ။ တစ်ခုခု တစ်နေရာတစ်နေရာ လှစ်ဟာမှုတွေ ဒါမှမဟုတ်အားနည်းချက်တွေ လိုအပ်မှုတွေရှိနေတက်ကြတာပဲ ခင်ဗျ။ ဒါကြောင့်မို့ ကျွန်တော်တို့ ကဒူး ကနန်း ရှမ်းနီ တွေအနေနဲ့ ကျွန်တော့်ဘက်က ဒီလှစ်ဟာမှုတွေ လိုအပ်ချက်တွေ အားနည်းတဲ့နေရာကို ဒီတက်သွားတဲ့ အစိုးရနဲ့ ပူးပေါင်းပြီးတစ်ဒေါင့်တစ်နေရာကနေ ဘယ်လိုတွေ အားဖြည့်နိုင်မလဲ ဘယ်လိုတွေဖာထေးနိုင်မလဲ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့၀င်ပြိုင်ဖြစ်တာပါ။

အခုမှ ကိုယ်ထူကိုယ်ထစလုပ်ရတဲ့သဘောမျိုးဆိုရင်လဲ မှန်ပါတယ်။ ကျွန်တော်က စာသင်နေတယ် စာသင်တာကိုဝါသနာပါတယ် တစ်ခါကတော့ နိုင်ငံရေးပါတီတစ်ခုက စည်းရုံးရေးမှုးလုပ်ဖို့ ကမ်းလှမ်းလာတာတော့ရှိပါတယ်။ ကျွန်တော်စိတ်မ၀င်စားဘူး သို့ပေမယ် ကိုယ့်လူမျိုးဖွင့်ဖြိုးတိုးတက်မှုကိုတော့ ဘယ်သူမဆိုလိုလားတာကြီးပါပဲ ဆိုတော့ အခုကျွန်တော်တို့ တသီပုဂ္ဂလအဖြစ်၀င်ပြိုင်ဖြစ်တယ်ဆိုတာလဲ ကိုယ်တစ်ယောက်တည်းရဲ့ ခံစားချက်နဲ့မဟုတ်ပါဘူး ကျွန်တော်တို့ ကနန်းဒေသမှာရှိတဲ့ လူတွေရော ကဒူးဒေသမှာ ရှိတဲ့ သူတွေရော ရှမ်းနီဒေသမှာရှိတဲ့လူတွေရော ဒီလူကြီးတွေနဲ့ပေါင်းဆုံပြီးတော့ ဒေသဖွံ့ဖြိုးမှုအတွက် လူမျိုးဖွံ့ဖြိုးမှုအတွက် အတတ်နိုင်ဆုံးတိုင်းရင်းသားအခွင့်အရေးတွေရရှိဖို့အတွက်က ဒီလိုတွေလုပ်မှ အစဥ်ပြေနိုင်မယ့်အတွက်ကြောင့် အဲတာကို ကျွန်တော်တို့ ၂၀၁၈ ခုနှစ်ကတည်းက ကျွန်တော်တို့ အပြုသဘောဖြင့်အစည်းအ‌‌‌ဝေး တွေလုပ်ဖြစ်ခဲ့ဖူးပါတယ် အဲ ၂၀၁၈ ခုနှစ်ကနေပြီးတော့ စပြီးအခြေတည်ခဲ့တယ် ကျွန်တော်တို့ကနေပြီးတော့ ဖြစ်ချင်တယ် ကျွန်တော်မဟုတ်ဘူးဆိုရင်တောင် တခြားတစ်ဦးဦးကိုလုပ်စေချင်တယ် ကျွန်တော့ထက်အတွေ့အကြုံအားဖြင့်ရင့်ကျက်တဲ့သူတွေရှိမယ် ကျွန်တော့ထက်ပညာအရာမှာတော်တဲ့ သူတွေရှိမယ် ကျွန်တော့ထက် အသက်ဂုဏ်ရှိန်ကြီးတဲ့သူတွေကို လုပ်စေချင်တယ် ကျါန်တော့အနေနဲ့ အတက်နိုင်ဆုံး လုပ်ကူပေးမယ် သို့ပေမယ် တကယ့် ဒီနေ့ ၂၀၂၀ မှာ တစ်သီပုဂ္ဂလအဖြစ်၀င်ပြိုင်ရမယ်လို့ ဆုံးဖြတ်လိုက်တဲ့ အခါကျတော့ ဒါဘယ်လိုပြောရမလဲဆိုတော့ ဝင်ပါတာမဟုတ်ပဲနဲ့ ပါဝင်လိုက်ရတဲ့သဘောပေါ့နော်။ ကျွန်တော်ကလဲ ကျွန်တော်ပါဝင်လိုက်ရတဲ့ အလုပ်ပေါ်မှာ ကျွန်တော်တာဝန်ခံပြီးလုပ်တဲ့ အလုပ်ဖြစ်တဲ့အတွက် အတတ်နိုင်ဆုံးကျွန်တော်ကြိုးစားသွားမှပါ။



မေး- ဒီရွေးကောက်ပွဲမှာ ပြည်သူတွေကို ဘယ်လို ကတိကဝတ်ပေးနိုင်မလဲခင်ဗျ ။

ဖြေ- ကျွန်တော်တို့ကတော့ ကနန်းတိုင်းရင်းသားရယ်လို့တော့မဟုတ်ပါဘူး ဗန်းမောက်နယ်လို့ ပြောလိုက်တာနဲ့ ကဒူး ကနန်း ရှမ်းနီဆိုတာကို တွဲပြီးမြင်လိုရပါတယ် ကျွန်တော်တို့ ဗန်းမောက်မြို့နယ်အတွင်းမှာ ကဒူး ကနန်း ရှမ်းနီတွေနေကြတယ်။ ဒီကဒူး ကနန်း ရှမ်းနီတွေရဲ့ လိုအပ်မှုတွေ အားနည်းချက်တွေကလဲ အများကြီးရှိတယ်။ ဒီနေရာမှာ ကျွန်တော်တို့က ကျွန်တော်တို့လုပ်နိုင်တဲ့ အချက်တစ်ချက်က တိုင်းရင်းသားအခွင့်အရေးအပြည့်အ၀ရချင်တယ်။ အခွင့်အရေးဆိုတဲ့အထဲမှာ ကျွန်တော်တို့က ကြီးကြီးမားမားမမျှော်လင့်ဘူး လမ်းပန်းဆက်သွယ်ရေးကိုပဲကောင်းစေချင်တယ် လမ်းပမ်းဆက်သွယ်ရေးကောင်းခြင်းအားဖြင့် နောက်ဆက်တွဲအနေနဲ့ ပညာရေး ကျန်းမာရေး လူမှုရေး စီးပွားရေးစသဖြင့် တဖြည်းဖြည်းရှိန်တက်လာမယ်လို့ ကျွန်တော်မျှော်လင့်တယ်။

ကျွန်တော်တို့မှာ အခုလက်ရှိခံစားနေရတာက သွားရေးလာရေးတအားခတ်ခဲတယ်။ တခါတစ်လေကျရင်လူမှုကူညီရေးကားတွေနဲ့ ပရဟိတကားတွေနဲ့ လူနာပို့တဲ့အခါမှာ လမ်းက တစ်နာရီမောင်ရမယ်ခရီးကို နှစ်နာရီ သုံးနာရီလောက်မောင်းလိုက်ရတဲ့ အတွက် မိုးရွာတယ်ဆိုရင်ပိုဆိုးသွားပြီ ရေချောင်းကူး မြောင်းကူးတံတားတွေ ကလဲခက်ခဲတယ် ဒီလိုမျိုးကျတော့ လမ်းမှာ မသေဆုံးသင့်ပဲနဲ့ သေသွားတဲ့ လူနာတွေကလဲ ကျွန်တော်တို့ မျက်စိရှေ့မှာတင်အများကြီးပေါ့လေ။ ဒီလိုမျိုးတွေ ကျွန်တော်တို့ ကြုံနေရတယ်။ သူများတွေလို အပြည့်အဝ အများကြီးမမျှော်လင့်ပါဘူး လျှပ်စစ်မီးထိန်ထိန်လင်းရမယ်တို့ ဘာတို့ ကျွန်တော်တို့ မမျှော်လင့်ဘူး။ ဒါပေမယ့် အတတ်နိုင်ဆုံး ကျွန်တော်တို့ ဒီဗန်းမောက်မြို့နယ်ထဲမှာ လမ်းပမ်းဆက်သွယ်ရေးကောင်းချင်တယ်။ ကျွန်တော်တို့က ဘယ်ပါတီအစိုးရတက်တက် အပြည့်အ၀ကြီး ကြီးကြီးမားမားမတောင်းဆိုလိုပါဘူး တစ်ဖြည်းဖြည်းခြင်း တစ်နှစ်တစ်နှစ်အတွင်းမှာ ကျွန်တော်တို့ တိုင်းရင်းသားတွေအတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးကို အပြည့်အ၀ရချင်ပါတယ်။ ကျွန်တော်တို့ပြည်သူတွေအတွက် အာမခံနိုင်တာတစ်ခုကတော့ ကျွန်တော်တက်နိုင်တဲ့ဘက်ကနေ တို့ဝင်နေပြီဆိုကတည်းက ကျွန်တော်တို့ လိုချင်အရာတစ်ခုဖြစ်တဲ့ ဒီလမ်းပမ်းတက်သွယ်ရေးကို ကျတော့ အတက်နိုင်ဆုံးကောင်းအောင်ဆောင်ရွက်သွားမယ်။

မေး – ကဒူး ကနန်း ရှမ်းနီတွေက အတူတကွနေထိုင်ကျတယ်ဆိုပေမယ် ကနန်းတိုင်းရင်းသားတစ်ခုတည်းအတွက် အရေးကြီးလိုအပ်ချက်ကဘာဖြစ်မလဲဗျ။

ဖြေ – အဲ့တာကတော့ ကျွန်တော်သွားတိုင်းလာတိုင်း ပြောပါတယ် ကျွန်တော်တို့ ကနန်းတိုင်းရင်း သားတွေမှာလဲ လူမျိုးကြီးဝါးမျိုခြင်းကိုခံနေရပါတယ်။ ကဒူးတွေမှမဟုတ်ဘူး ရှမ်းနီတွေမှမဟုတ်ဘူး ကျွန်တော်တို့ ကနန်းတွေလဲ ကြုံနေရပါတယ်။ ကျွန်တော်တို့ ဒီ ကနန်းကနေပြီးတော့ တစ်စုအဝိုင်းကနေသူတွေကတော့ ကနန်း/ဗုဒ္ဓ ဆိုပြီးမှတ်ပုံတင်မှာရေးခွင့်ရပေမယ့် ကျွန်တော်တို့ ကနန်းဒေသကနေပြီးတော့ တစ်နယ်ကိုအခြေချနေထိုင်တာပဲဖြစ်ဖြစ် ဒါမှမဟုတ်သွားရောက်ပြောင်းရွေ့နေထိုင်တာပဲဖြစ်ဖြစ် အိမ်ထောင်ရပ်သားကျသွားတာပဲဖြစ်ဖြစ် ဒီလိုလူမျိုးကျတော့ ကျွန်တော်တို့အတွက် တအားနစ်နာပါတယ် ။

ဘာဖြစ်လို့လဲဆိုတော့ သူတို့မှတ်ပုံတင်မှာ အဖေကလဲ ကနန်း အမေကလဲ ကနန်း အဖိုးလဲကနန်း အဖွားလဲ ကနန်းဖြစ်နေပါလျှက်နဲ့  သားတွေသမီးတွေမှာ ဗမာ/ဗုဒ္ဓ ဆိုတဲ့ ထည့်သွင်းခြင်းခံရတာမျိုးတွေရှိပါတယ်ခင်ဗျ။ ဒါတွေကိုလဲ ကျွန်တော်တို့အတက်နိုင်ဆုံး တောင်းဆိုကြတယ်။ ကျွန်တော်တို့ ကနန်းဆိုရင် ကနန်းပြန်လိုချင်တယ် ကနန်းပြန်ဖြစ်ချင်တယ် မှတ်ပုံတင်ထဲမှာ ကနန်း/ဗုဒ္ဓ ပြန်ထည့်ချင်တယ် ဆိုတဲ့ ပုံစံမျိုးပေါ့ အတတ်နိုင်ဆုံးကျွန်တော်တို့ ကြိုးစားခဲ့တယ် ဒါပေမယ့်အဆင်မပြေခဲ့ဘူးပေါ့။ တကယ်လိုများ အခုလုပ်နေတဲ့ နိုင်ငံရေးနဲ့ ဖြေရှင်းလို့ရမယ်အရာထဲမှာ ကျွန်တော်တို့ လုပ်ဆောင်မယ် အပိုင်းထဲမှာလည်း ဒီဟာလဲပါဝင်ပါတယ် ။ ဒါတွေကို ဘယ်လိုလုပ်မလဲဆိုတာတွေကို ကျွန်တော်တို့ ကြိုးစားသွားဖို့လဲအစီအစဥ်ရှိပါတယ်ခင်ဗျ။



မေး – ကနန်းတိုင်းရင်းသား လူငယ်တွေ အမျိုးသမီးတွေဟာ နိုင်ငံရေးမှာ ပါ၀မှုနဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားအမြင်ရှိလဲခင်ဗျ

ဖြေ – ကျွန်တော့်ခံယူချက်တစ်ခုအနေနဲ့ကတော့ ကျွန်တော်တို့ ကနန်းတွေဆိုတာက ကဒူး ကနန်းအားလုံးလဲပါမှာပေါ့လေ ကျွန်တော်တို့ကို ဘယ်လိုထင်လဲဆိုတော့ နိုင်ငံရေးအတွေ့အကြုံမရှိဘူး အစစအရာရာနောက်ကျတယ် ဒီလိုပဲလာကြတယ် ကျွန်တော်တို့မှာ နိုင်ငံရေးအတွေ့အကြုံမရှိဘူး အစစအရာရာနောက်ကျတယ်ဆိုတာ ကျွန်တော်တို့မှာ ခြေလျှမ်းစမလှမ်းသရွေ့ ထိုင်နေသရွေ့ကတော့ ဘယ်တော့မှ အတွေ့အကြုံရင့်လာမှာမဟုတ်ဘူး ကျွန်တော်တို့မျှော်လင့်ချက်က အခုကျွန်တော်တို့ လျှောက်လှမ်းတဲ့ လမ်းဆိုတာက အောင်မြင်ချင်အောင်မြင်မယ် ရှုံးချင်ရှုံးမယ် သို့ပေမယ့် ကျွန်တော်တို့မှာ ပြိုင်ပွဲတစ်ခုပြိုင်လိုက်ပြီဆိုကတည်းက အရှုံးနဲ့ အနိုင်နှစ်မျိုးတည်းရှိတယ် ရှုံးရင်လဲခံနိုင်ဖို့လိုတယ် အနိုင်ကိုလဲ ခံနိုင်ရည်ရှိဖို့လိုတယ် အရှုံးကိုလဲ လက်ခံတက်ဖို့လိုတယ်ပေါ့ အဲတာကြောင့်မို့ ကျွန်တော်တို့က ရှုံးသွားခဲ့ရင်သည်ရှိရင်တောင် ကျွန်တော်တို့မှာ အတွေ့အကြုံတွေရမယ် တစ်ချက်အမြတ်ပေါ့လေ အရှုံးထဲကအမြတ်ဖို့ ပြင်ဆင်ထားပြီးသားပါ ရှုံးသွားရင် ကျွန်တော်တို့ လူငယ်တွေ အတွေ့အကြုံရမယ် ကျွန်တော်တို့ အခြလှမ်းတစ်လှမ်း ဒီနေ့လှမ်းထားတဲ့ ခြေလှမ်းဟာ မနက်ဖြန် ပြန်လှမ်းစရာမလိုတော့ဘူး။ ကျွန်တော်တို့က ယုံကြည်တယ် ဒီလိုပေါ့လေ ကျွန်တော်တို့မလှမ်းဘူးဆိုရင် ကျွန်တော်တို့ နောက်ကျနောက်ကျပြီး လိုသေးတယ်စောသေးတယ် နဲ့ နေခဲ့ကြမယ်ဆိုရင် နောက်မျိုးဆက်မျိုးဆက်တိုင်အောင်ကျွန်တော်တို့ ကျန်ခဲ့အုံးမှာပဲ ဒါကြောင့်မို့ ကျွန်တော်တို့ ပထမဆုံးခြေလှမ်းလှမ်းထားတယ် လှမ်းလိုက်တဲ့ခြေလှမ်း ကျွန်တော်တို့ ပြုလုက်လိုက်တဲ့ လှေကား ထစ်လိုက်တဲ့ လှေကားဟာဆိုရင် နောင်ကျွန်တော်တို့ရဲ့ နောက်မှာလိုက်လာမယ့် မျိုးဆက်တွေအတွက် သူတို့ ထစ်စရာမလိုပဲ အလွယ်တကူ နင်းလို့ တက်လို့ရသွားနိုင်တယ် ဒါကျွန်တော့ရင်ထဲမှာ ရှိတဲ့ ခံစားချက်ပေါ့လေနော်။

မေး – ဖြည့်စွက်ပြောချင်တာများရှိရင် ဖြည့်စွက်ပေးပါအုံးခင်ဗျာ့ ။

ဖြေ – ကျွန်တော်တို့နေထိုင်နေတဲ့ ကျွန်တော်တို့ ကနန်းဆိုတာ ဟိုတုန်းက ကွန်မြူနစ်တွေ ကြီးစိုးပြီးတော့ သိပ်ကို စားရေးသောက်ရေးခတ်ခဲခဲ့တဲ့အချိန်တွေဖြစ်ခဲ့တယ်။ အဲတုန်းက လူကြီးတွေက ကျွန်တော်တို့ ဘိုးဘေးဘီဘင်တွေက သွေးနဲ့ချွေးနဲ့ ရင်းပြီးတော့ ဒီဒေသကို အေးချမ်းအောင်လုပ်ထားခဲ့လို့ ကျွန်တော်တို့က သူတို့စိုက်ထားခဲ့တဲ့ အပင်အရိပ်မှာ ခိုနားခွင့်ရတယ် သူတို့ပျိုးထားခဲ့တဲ့ အသီးတွေကို စားခွင့်ရတယ် ကျွန်တော်တို့လက်ထပ်မှာရော ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ နောင်မျိုးဆက်တွေအတွက် ကျွန်တော်တို့က ဘယ်လိုပုံစံမျိုးထားခဲ့မလဲ ဘယ်လိုအပင်တွေစိုက်ခဲ့မလဲ ဘယ်လိုအရပ်အာဝါသကောင်းတဲ့အပင်မျိုးကို စိုက်ခဲ့မလဲ ကျွန်တော်တို့ ချိုမြိန်တဲ့ အသီးတွေကို ထားခဲ့မလဲဆိုတာ ကျွန်တော်တို့မှာ သမိုင်းပေးတာဝန်ရှိပါတယ်လို့ ယုံကြည်တယ် ဘယ်သူကမှလဲ ခိုင်းတာမဟုတ်ဘူး နိုင်ငံရေးအတွေ့အကြုံနည်းလိုက်တာ သေချာပါတယ် ကျွန်တော်တို့နည်းပါတယ် ဝန်ခံပါတယ် သို့ပေမယ့် ကျွန်တော်တို့ အခုမှ‌ခြေလှမ်းစလှမ်းထားတာပါ  ကျွန်တော်တို့လှမ်းတယ် အတတ်နိုင်ဆုံး ကျွန်တော်တို့ပူးပေါင်းမယ် လေ့လာမယ် လိုက်စားမယ် ကျွန်တော်တို့လဲကျမှာ ကြောက်နေလို့ရှိရင် လမ်းတောင်လျှောက်တက်လာမှာမဟုတ်ပါဘူး ဒါကျွန်တော့စိတ်ထဲမှာ ခံယူထားတဲ့ ကျွန်တော့်ခံယူချက်ပါ ကျွန်တော့် ယုံကြည်မှုပါ။

ကျေးဇူးတင်ပါတယ်ခင်ဗျာ ။

စိုင်းဆီခမ်း ဆက်သွယ်မေးမြန်းသည်။

Most read this week

May 15, 2024
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် မေလ ၁၄ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်း...
May 7, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီနှင့်...
May 2, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအားလုံးနီးပါးတွင်...