မြောက်ဦးတွင် ပစ်ခတ်ခံရပြီး ဒေသခံတစ်ဦးဒဏ်ရာရ၊ တစ်ဦးမှာ ဖမ်းဆီးခံထားရ

မြောက်ဦးတွင် ပစ်ခတ်ခံရပြီး ဒေသခံတစ်ဦးဒဏ်ရာရ၊ တစ်ဦးမှာ ဖမ်းဆီးခံထားရ

မျိုးသီရိကျော် — ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ ငွေတောင်ပေါက်တံတားအနီးတွင် စက်တင်ဘာလ ၂၀ ရက်၊ ည ၈ နာရီ အချိန်က ဒေသခံနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။

၎င်းတို့နှစ်ဦးမှာ မြောက်ဦးမြို့ ဘီးလူးကန်ရပ်ကွက်နေ ဦးထွန်းထွန်းမြင့် ၃၄ နှစ်နှင့် ဆင်ချဆိပ်ရပ်ကွက်နေ ဦးထွန်းငြိမ်း ၃၃ နှစ်တို့ဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်စဉ်အတွင်း ဦးထွန်းထွန်းမြင့်တွင် ညာဖက်ပေါင်၌ ကျည်ထိမှန်သွားခဲ့ပြီး နောက်တစ်ဦးဖြစ်သည့် ဦးထွန်းငြိမ်းကို ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများကပြောသည်။

မြောက်ဦးဆေးရုံကြီးရှေ့ရှိ မြောင်၌ ငါးမြုံးထောင်ပြီးအပြန် ငွေတောင်ပေါက်တံတားအနီးအရောက်တွင် စစ်ဆေးရေးဂိတ်မှ သေနတ်ဖြင့် ၈ ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒဏ်ရာရရှိသွားသူ ဦးထွန်းထွန်းမြင့်က ပြောသည်။

“ကျွန်တော့ပေါင်ကို ကျည်ထိတော့ လဲကျသွားပြီး ထလို့မရလိုက်တော့ဘူး။ အဲ့မှာ ကျနော့်ကလှိမ့်ပြီးတော့ ချောင်းထဲကိုရောက်သွားတာပါ။ ကျွန်တော့ညီကိုတော့ ခေါ်သွားကြတယ်။ သူ့အော်သံကိုလည်း ကြားလိုက် ရတယ်။ ရိုက်တဲ့အသံတွေကိုလည်း ကျွန်တော့နားနဲ့ ကြားလိုက်တယ်” ဟု ဦးထွန်းထွန်းမြင့်က ဆိုသည်။

၎င်းတို့နှစ်ဦးမှာ ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေသူများဖြစ်သဖြင့် ဖမ်းဆီးခံရသည့် ဦးထွန်းငြိမ်းအား ပြန်လွှတ်ပေးစေချင်သည်ဟု အစ်ကိုဖြစ်သူက ဆက်ပြောသည်။

“ကျွန်တော်တို့က ဆင်းရဲပင်ပန်းတယ်၊ တစ်ရက်လုပ်မှ တစ်ရက်စားရတဲ့ ဆင်းရဲသားတွေပါ။ ဒီလိုမျိုးသာ ကျွန်တော့ညီကို ဖမ်းဆီးထားမယ်ဆိုရင် သူ့မိသားစုလည်း ထမင်းငတ်သွားမယ်။ ဒုက္ခတွေလည်းအကြီး အကျယ်ရောက်သွားမယ်။ ကိုဗစ်ကာလဖြစ်တဲ့အတွက် အလုပ်မရှိလို့ ဒီလိုမျိုး ငါးရှာစားတာပါ” ဟု ဦးထွန်းထွန်းမြင့်က ဆိုသည်။

မြောက်ဦးမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ငွေတောက်ပေါက်တံတားအနီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသေးစိတ်ကို မသိရှိသေးကြောင်း ပြောသည်။

အဆိုပါဖြစ်စဉ်တွင် ဖမ်းဆီးခံထားရသူနှင့်ပတ်သက်ပြီး မြောက်ဦးမြို့မရဲစခန်းအား DMG က ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် အဆက်အသွယ်မရရှိခဲ့ပါ။

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...