“စစ်ဘေးရှောင်တွေ ဘယ်လိုအစိုးရသစ်ကို လိုလားနေကြသလဲ”

“စစ်ဘေးရှောင်တွေ ဘယ်လိုအစိုးရသစ်ကို လိုလားနေကြသလဲ”

မေးမြန်း - မင်းထွန်း

ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလကနေ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲနေသည်မှာ ၂ နှစ်ခန့်အထိ ကြာမြင့်လာခဲ့ပြီဖြစ်သည်။ တိုက်ပွဲအကျိုးဆက်ကြောင့် ဒေသခံ ၂ သိန်းကျော်မှာလည်း နေရပ်ကို စွန့်ခွာပြီး စစ်ဘေးရှောင်စခန်းများတွင် ဒုက္ခသည်အဖြစ် ခိုလှုံနေကြရသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမယ့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာလည်း တဖြည်းဖြည်းနဲ့ နီးကပ်လာနေပြီဖြစ်သည်။ သို့သော် ရခိုင်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများမှာ လျော့နည်း သွားခြင်းမရှိသေးဘဲ ဆက်လက်ဖြစ်ပွားနေသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည် များမှာလည်း တစ်နေ့တစ်ခြား ပိုများလာနေသည်။

ထိုသို့ နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည်များအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲအလွန်တွင် မည်သို့သောအစိုးရမျိုးကို လိုလားနေကြသလဲ၊ စစ်ဘေးရှောင်များလိုချင်သည့် အစိုးရက မည်ကဲ့သို့သော အစိုးရမျိုးလဲဆိုသည်ကို DMG က ရခိုင်ပြည်နယ်မှစစ်ဘေးရှောင်များနှင့် တွေ့ဆုံမေးမြန်းထားပါသည်။

ဒေါ်မဆန်းရီ (စစ်ဘေးရှောင်)

ရေမျက်ကျေးရွာ၊ ရသေ့တောင်မြို့နယ်

ဘယ်လိုအစိုးရကိုလိုချင်လဲဆိုရင် အကောင်းဆုံးလုပ်ပေးမယ့်လူမျိုးကိုလိုချင်တယ်။ အေးချမ်းဖို့လုပ်ပေးမယ့် အစိုးရကိုလိုချင်တယ်။ ဆူဆူညံညံနဲ့ ဒီလိုပြေးနေရမယ့် လူမျိုးကိုတော့ မလိုချင်ဘူး။ ကိုယ့်နေရာမှာ ကိုယ့်အိမ်ကလေးနဲ့ ဆင်းရဲပင်ပန်းပါစေ အေးချမ်းစွာနဲ့နေချင်တယ်။ အခုလို အိမ်ပစ်၊ အိုးပစ်ပြေးနေရမယ်ဆိုရင် ဘာမှ အဓိပ္ပါယ်မရှိဘူး။ တစ်ရက်လာရင် ပဲဟင်း၊ ကစွန်းဟင်း အဲလိုအခက်အခဲတွေ စားသောက်ပြီးနေရတယ်။ အေးချမ်းမယ့်အစိုးရကို လိုချင်တယ်။ အေးချမ်းမယ့် လူမျိုးကိုလိုချင်တယ်။

မဝင်းဝင်းရွှေ (စစ်ဘေးရှောင်)

 နမ္မတာကျေးရွာ ၊ ပလက်ဝမြို့နယ်

လိုလားတဲ့ အစိုးရသစ်က ပြည်သူလူထုအပေါ်မှာ စေတနာ၊ မေတ္တာတရားကောင်း ပေးရမယ်။ ပြည်သူတွေကို ချစ်ခင်ရမယ်၊သနားရမယ် အဲဒါတွေကိုလိုလားတယ်။ ပြည်သူလူထုတွေကို နှိပ်စက်တာကို မလိုလားဘူး။ အခုလိုမျိုး ဗုံးတွေကြဲနေတာကို မလိုလားဘူး။ ကိုယ့်မြေ၊ ကိုယ့်အိမ်၊ ကိုယ်ဒေသမှာ အေးချမ်းစွာလုပ်စားခွင့်ရဖို့ကို လိုလားပါတယ်။ ကိုယ့်ဒေသမှာ တစ်ရက်ပဲနေရပါစေ စိတ်အေးချမ်းစွာနဲ့ နေချင်တယ်၊ ဆားနဲ့ ထမင်းစားရပါစေ အဲလိုမျိုးနေချင်ပါတယ်။

ဦးသိန်းစိုးအောင် (စစ်ဘေးရှောင်)

ရွှေပြည်ကျေးရွာ ၊ ကျောက်တော်မြို့နယ်

ဒီပြည်သူလူထုတွေအားလုံး ကိုယ့်နေရာမှာ၊ ကိုယ့်အိမ်လေးတွေနဲ့ တည်တည်မြဲမြဲ နေထိုင်လုပ်ကိုင် စားသောက်နိုင်အောင်၊ အားလုံးပြည့်ပြည့်စုံစုံနဲ့ ကိုယ့်နေရပ်တွေကိုအခက်အခဲမရှိဘဲပြန်နိုင်ပြီး လုပ်ကိုင် စားသောက်နိုင်မယ့် အစိုးရသစ်တစ်ရပ်ဖြစ်နိုင်ရေးကို ဆုတောင်းပါတယ်။ ဒီတိုက်ပွဲတွေ ရပ်ဆိုင်းပြီးတော့ ကိုယ့်နေရာကိုယ့်ဒေသမှာ ချောမောစွာနေထိုင် လုပ်ကိုင်စားသောက်နိုင်ဖို့ အဲဒီလိုအဆင်ပြေအောင် လုပ်ပေး နိုင်မယ့် အစိုးရသစ်တစ်ရပ် ပေါ်ပေါက်ဖို့အတွက် ဆုတောင်းပါတယ်။ ဖြစ်နိုင်ပါစေလို့လည်း ဆန္ဒပြုပါတယ်။ အများပြည်သူအကျိုးရှိတဲ့ စိတ်ချမ်းသာနိုင်ရေးအတွက် အဖြူအမဲမခွဲခြားတဲ့ အစိုးရသစ်တစ်ရပ်ကိုတော့ လိုလားတယ်။

ဦးမောင်ကျော်ဇံ (စစ်ဘေးရှောင်)

ရေမျက်ကျေးရွာ ၊ ရသေ့တောင်မြို့နယ်

တယောက်တည်းအနေနဲ့ပြောရမယ်ဆိုရင် ကိုယ့်လူမျိုး၊ ကိုယ့်အစိုးရနဲ့ပဲ နေချင်တယ်လို့ ပြောချင်တယ်။ ကျနော် တို့ဟာ ကိုယ့်အစိုးရနဲ့ဆိုရင် အတိဒုက္ခတွေကို ဒီလောက်ခံရမှာမဟုတ်ဘူး။ ကိုယ့်လူမျိုးအုပ်ချုပ်တာမဟုတ်ဘဲနဲ့ တခြားသူတွေ အုပ်ချုပ်တာဖြစ်တဲ့အတွက် ဒီအတိုင်းခံနေရတယ်၊ တနေ့မှာ သုံးကြိမ်ထွက်ပြေးရတယ်။ အသက် ၆၀ ကျော်အဘိုးတစ်ယောက် ဘယ်လိုနေမလဲစဉ်းစားကြည့်ပေါ့။ နေ့လယ်လည်း နေဖို့မရ၊ ညဉ့်လည်းနေဖို့ မရဘူး။ ဒီလိုပြေးနေရတဲ့ဘဝဆိုတေ့ာ အခက်အခဲတွေကများတယ်။

လူမျိုးရေးမတူတဲ့အတွက် အများနှိပ်စက် ခံရတယ်လို့ ခံရစားရတယ်။ ကိုယ့်လူမျိုးက အစိုးရအုပ်ချုပ်မယ်ဆိုရင် ပိုကြိုက်တယ်။ အရင်ကလည်း ကိုယ့်ရခိုင်ကို မဲထည့်ရင်လည်း ဗလာဖြစ်သွားတယ်။ ဒီနေ့မှာလည်း ကိုယ့်ရခိုင်က အုပ်ချုပ်လာမယ်ဆိုရင် အများ ပိုပြီးကြိုက်တယ်။ ဒီလိုအခက်အခဲတွေကို မတွေ့ကြုံဖူးဘဲ တွေ့ကြုံရတဲ့အတွက် မကြုံစေချင်ဘူး။ နောက်တက် လာမယ့်အစိုးရကိုလည်း ကျနော်တို့ ဒီလိုစစ်ဘေးရှောင်အဖြစ်နဲ့ ပြေးနေရတဲ့ဘဝတွေကို မလိုချင်တော့ပါ။ အေးအေးဆေးဆေး ကိုယ့်မြေ၊ ကိုယ့်ဌာနမှာ လုပ်ကိုင်စားသောက်ချင်ပါတယ်။ ကျနော်တို့မှာ ဥယျာဉ်တွေ၊ ခြံတွေ၊ ကျွဲနွားတွေ၊ စပါးဆန်တွေကို အကုန်လုံးစွန့်ပစ်ခဲ့ရတယ်။ ဒီလို အခက်အခဲတွေကို ပြောရင်ဝမ်းနည်းပါတယ်။ ကျနော်တို့မှာ အကုန်လုံးဆုံးရှုံးပါတယ်။ နောက်တက်လာတဲ့အစိုးရ ဒီဟာတွေငြိမ်းချမ်းရင် ကျနော်တို့ လုပ်စားလို့ရရင်အေးချမ်းပါပြီ။ လုပ်စားဖို့မရဘဲ ဒီလိုပဲပြေးနေရမယ်ဆိုရင် လူ့ပြည်မှာနေလို့ ဘာမှမထူးဘူး။

ဒေါ်မိုးမိုးရီ (စစ်ဘေးရှောင်)

ရွှေပြည်ကျေးရွာ ၊ ကျောက်တော်မြို့နယ်

ကိုယ့်ဒေသကိုလည်း မပြန်နိုင်တော့ဘူးဆိုတော့ ကိုယ့်တိုင်းပြည်ကိုအေးချမ်းစေချင်တယ်။ အဲဒီလိုမှ ကျွန်မ တို့လည်း လုပ်ကိုင်စားသောက်လို့ရမယ်။ အစိုးရဆိုရင်လည်း အဲဒီလိုအေးအေးချမ်းချမ်းနဲ့ လုပ်စားလို့ရမယ့် အစိုးရဆိုရင်တော့ ကောင်းပါတယ်။ အခုလိုအခြေအနေနဲ့ဆိုရင်မဖြစ်နိုင်ပါဘူး။

၂၀၂၃ ခုနှစ်အတွင်းက စစ်တွေမြို့ မြင်ကွင်း။ ဓာတ်ပုံ - DMG
May 28, 2026
ရခိုင်ပြည်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို...
ရခိုင်လူထုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(RCDF)မှ အသင်းသူတစ်ဦး သွေးလှူဒါန်းနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Ko Htun Iin (ပေးပို့)
May 26, 2026
စစ်အုပ်စု၏ လေကြောင်း အန္တရာယ်နှင့် ဒေသတွင်း စက်သုံးဆီ ဈေးနှုန်းများ အဆမတန်မြင့်...
ရခိုင်ပြည်အတွင်းက ကုန်စုံဆိုင်တစ်ဆိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ - DMG
May 26, 2026
ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းနေသည့် မကွေးတိုင်း ဆောမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က နေရာယူ...
May 25, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်နေသည့် မကွေးတိုင်းနှင့် ချင်းပြည်တောင်ပိုင်းက...