ထိုင်းနယ်စပ် ရှမ်းဒုက္ခသည်များ မဲပေးခွင့်ရအုံးမည်မဟုတ်

ထိုင်းနယ်စပ် ရှမ်းဒုက္ခသည်များ မဲပေးခွင့်ရအုံးမည်မဟုတ်

ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းစစ်ဘေးရှောင်များအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးချင်သော် လည်း အထောက်အထား တစ်စုံတစ်ရာ မရှိသည့်အတွက် မဲပေးခွင့်ဆုံးရှုံးနေဦးမည်ဟု ရှမ်းစစ်ဘေးရှောင်စခန်းမှ တာဝန်ရှိသူနှင့် စစ်ရှောင်များက ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်တွင် ရှမ်းIDPs စစ်ရှောင်စခန်း ၅ ခုနှင့် Refugee ဒုက္ခသည်စခန်း ၁ ရှိပြီး အဆိုပါ စခန်းများရှိ ဒုက္ခသည်များမှာ နိုင်ငံသားဖြစ်လျက် အထောက်အထားတစ်စုံတစ်ရာမရှိသည့်အတွက် မဲပေးနိုင်မည့် အလားအလာ မရှိသလောက်ဖြစ်နေသည်ဟု ကုန်းကျော် ဒုက္ခသည်စခန်းမှ စခန်းတာဝန်ခံလည်းဖြစ် ရှမ်းစစ်ဘေး ဒုက္ခသည်များ ကူညီရေး ကော်မတီ (ထိုင်း-မြန်မာနယ်စပ်) ကော်မတီဝင်လည်းဖြစ်သည့် စိုင်းလင်းက ပြော သည်။

“ဒီ Camp တွေမှာကျတော့ အများစုက ရှမ်းတွေက မှတ်ပုံတင်မရှိတာ များတယ်လေနော်။ ဘာလို့ မရှိလဲ ဆိုတာက ရှမ်းတွေက တစ်ခြားလူမျိုးစုနဲ့ မတူတာက တောလက်ကျေးရွာမှာ အနေများတဲ့ ရှမ်းတွေက ဗမာ လို မတတ်ဘူးပေါ့နော်။ ဗမာလို မတတ်ဘူးဆိုတော့ မှတ်ပုံတင်ရဖို့က အတော်ကြီးကို ခက်ပါတယ်။ အဲဒါ ကြောင့်မို့လို့ မှတ်ပုံတင်တွေက အများစုက မရှိဘူးပေါ့ မြန်မာမှတ်ပုံတင် မရှိဘူး။ မရှိဘူး ဆိုတော့ ဘယ်လို လုပ်မဲပေးရမလဲ မဲပေးဖို့ အလားအလာ လုံးဝမရှိဘူးဖြစ်တာပေါ့နော်။”

အထောက်အထား တစ်စုံတစ်ရာ မရှိသော်လည်း မဲပေးခွင့်ရှိမည်ဆိုပါက မဲပေးသွားမည်ဟု စိုင်းလင်း က ဆက် ပြောသည်။

“တကယ်တမ်း အခြေအနေရှိရင်တော့ ပေးချင်တာပေါ့ ဦးတို့က ထိုင်းမှာလည်း မှတ်ပုံတင်မှ မရှိပဲ ထိုင်းမှာ လည်း မဲပေးခွင့်မှ မရှိပဲနော်။ ရှမ်းပြည်မှာကတော့ ရွေးကောက်ပွဲ ရှိမယ်ဆိုလို့ရှိရင်တော့ တကယ်တမ်းကျတော့ မဲပေးချင်တဲ့ ဆန္ဒရှိတာပေါ့။ ဒါပေမယ့် အခုလက်ရှိကတော့ မဖြစ်နိုင်တော့ဘူးလေ။”

ထိုင်း-မြန်မာနယ်စပ် မြန်မာဖက်ခြမ်းရှိ ရှမ်း IDPs စစ်ဘေးရှောင်စခန်း ၅ ခုမှာ ကောင်းမုမိန်း၊ လွယ်ဆမ် စစ်(ပ်)၊ လွယ်လန်၊ လွယ်တိုင်းလျန်း နှင့် လွယ်ကော်ဝမ်းတို့ဖြစ်ပြီး ထိုင်းဖက်ခြမ်းရှိ Refugee ဒုက္ခသည် စခန်းမှာ ကုန်းကျော် စခန်းဖြစ်သည်ဟု သိရသည်။

ထိုစခန်း ၆ ခုရှိ လူဦးရေ ခြောက်ထောင့်နှစ်ရာ ခန့်မှာ လာမည့်ရွေးကောက်ပွဲတွင် မဲပေးခွင့် ဆုံးရှုံးမည့် အနေအထားတွင် ရှိနေသည်ဟု ရှမ်းစစ်ဘေး ဒုက္ခသည်များ ကူညီရေး ကော်မတီ (ထိုင်း-မြန်မာနယ်စပ်)  ဆိုသည်။

ရှမ်းစစ်ဘေးရှောင် IDPs များနှင့် Refugee ဒုက္ခသည်များ မဲပေးခွင့် မရှိသည့် အခြားတစ်ဖက်တွင် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် ရှမ်းရွှေ့ပြောင်းအလုပ်သမားများ မဲပေးခွင့်ရရှိအောင် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က ထိုင်းနိုင်ငံရှိ အရပ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ လုပ်ဆောင်နေသည်ဟု SNLD အထွေထွေ အတွင်းရေးမှူးချုပ် စိုင်းလိတ်က ပြောသည်။

“သူတို့အနေနဲ့ မဲထည့်ချင်တယ်ဆိုလို့ရှိရင် သံရုံးနဲ့ ချိတ်ဆက်ပြီးလုပ်ပေးပါဆိုပြီး ကျနော်တို့ တရားဝင်လက် မှတ်တွေ ကိုင်ဆောင်ထားတဲ့ လူတွေအဖို့ပေါ့နော်။ အဲဒါကို ထိုင်းဖက်မှာ ရှိနေတဲ့ လူထုအခြေပြု အဖွဲ့အ စည်း တစ်ချို့နဲ့ ချိတ်ဆက်ပြီးတော့မှ ကျနော်တို့ စာရင်းကောက်ပြီးတော့မှ သံရုံးကို ပေးဖို့ထားတာရှိတယ်။ အဲဒါ လူပေါင်း တစ်ထောင်နီးပါးလောက်ရှိတာပေါ့နော်။”

လက်ရှိ ကောက်ယူရရှိထားသည့် စာရင်းများအားလုံး မဲထည့်ခွင့်ရရှိမည်ဆိုပါက အရပ်ဖက်အဖွဲ့အ စည်း များနှင့် ချိတ်ဆက်ကာ အထောက်အထားရှိသည့် ရွှေ့ပြောင်းအလုပ်သမားများ မဲထည့်နိုင်အောင် ထပ်မံ ကူညီ လုပ်ဆောင်ပေးသွားရန်ရှိသည်ဟု ဆိုသည်။

နိုင်ငံသားများ ဖြစ်လျှက် နိုင်ငံသားဖြစ်ကြောင်း အထောက်အထား စာရွက်စာတမ်း တစ်စုံတစ်ရာ မရှိသည့် ဒုက္ခသည်များ မဲပေးခွင့်ရရှိအောင် ချိတ်ဆက်ပေးထားသော်လည်း အဆိုပါ ဒုက္ခသည်များ မဲပေးခွင့် ရှိ/မရှိ တာဝန်ရှိသူများအပေါ်တွင်သာ မူတည်သည်ဟု စိုင်းလိတ်က ပြောသည်။

ထိုင်းနိုင်ငံရှိ ရှမ်းရွှေပြောင်းအလုပ် အလုပ်သမားများ နှင့် စစ်ဘေးရှောင်များ၏ မဲပေးခွင့် ဆုံးရှုံးမှု ပမာဏမှာ အလွန်များပြားနေသည့်အတွက် လာမည့် အနာဂတ် ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲ ဝင်မည့် ရှမ်းနိုင် ငံရေးပါတီများ အနေဖြင့် ရှမ်းရွှေပြောင်းအလုပ် အလုပ်သမားများ နှင့် စစ်ဘေးရှောင်များ မဲပေးခွင့် ရရှိ  အောင် ကြိုတင်စီစဉ်လုပ်ဆောင်ထားပေးရန် ဦးစိုင်းလင်းက တိုက်တွန်းပြောဆိုသည်။

ဦးစိုင်းလင်းက “ဒီဥစ္စာတွေက အများကြီးကိုဖြစ်နေတာ နည်းနည်းပါးပါး မဟုတ်ဘူး ရှမ်းတွေရဲ့ အသိုင်းအ ဝန်းကြားမှာ ဆိုလို့ရှိရင် မဲပေးဖို့အခွင့်အရေးက ဒါဟာ နည်းနည်းပါးပါး မဟုတ်ဘူး အတော်တော်များများ ဖြစ်နေတာ အဲဒါ တွေက အဓိကက ရှမ်းပါတီတွေအနေနဲ့ နောင်လာမယ့် အနာဂတ်မှာ ဆိုလို့ရှိရင် ကြိုကြို တင်တင်လေးကို ဒီဥစ္စာကို စီစဉ်ထားဖို့ သင့်တယ်လို့ အဲဒါဆိုလို့ရှိရင်တော့ ရှမ်းတွေ အနေနဲ့ အခွင့်အရေး ဆုံးရှုံးမှုနည်းသွား မှာပေါ့နော အခုက အခွင့်အရေး ဆုံးရှုံးမှု တော်တော်လေးများနေတာလို့ ထင်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများတွင်လည်း ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များမှာ အနေအထား အခက်အခဲ အမျိုးမျိုးကြောင့် မဲပေးခွင့် မရရှိခဲ့ပေ။

သို့သော် စစ်ဘေးရှောင်များ မဲပေးခွင့် မရခဲ့သော်လည်း ထိုင်းနိုင်ငံအတွင်းသို့ သွားရောက် အလုပ်လုပ်ကိုင် နေသည့် ရှမ်း ရွှေ့ပြောင်းအလုပ်သမား အနည်းအကျဉ်းသာ မဲပေးခွင့်ရခဲ့သည်ဟု ရှမ်းစစ်ဘေး ဒုက္ခသည်များ ကူညီရေး ကော်မတီ (ထိုင်း-မြန်မာနယ်စပ်) က ဆိုသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...