ရခိုင့်ဦးဆောင်ပါတီ၏မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်များ - ပြည်သူများအတွက် ရွေးကောက်ပွဲကတိကဝတ် မပေးလိုဟု ရခိုင့်ဦးဆောင်ပါတီပြော

ရခိုင့်ဦးဆောင်ပါတီ၏မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်များ - ပြည်သူများအတွက် ရွေးကောက်ပွဲကတိကဝတ် မပေးလိုဟု ရခိုင့်ဦးဆောင်ပါတီပြော
by -
ထွန်းခိုင် (နိရဥ္စရာ)

နိုင်ငံရေး ပါတီများအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် လုပ်ပိုင်ခွင့် အကန့်အသတ်ဖြင့်ရှိနေခြင်း ကြောင့်  ရွေးကောက်ပွဲကတိကဝတ်မပေးလိုကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP)၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော် ဇောဦးက ပြောသည်။

“ကတိကဝတ်ကတော့ မပေးနိုင်တဲ့ဥစ္စာကို မပေးတာတော့ အကောင်းဆုံးပါ။ ကျနော်တို့ ရခိုင်ပြည်နယ်မှာ တိုင်းရင်းသားပါတီတွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ကျနော်တို့ လုပ်ပိုင်ခွင့်တွေ အရမ်းအကန့်အသတ်တွေများတယ်။ တကယ်လို့များ ပြည်မပါတီကြီးတစ်ခုက ရခိုင်ပြည်မှာ ပြိုင်လို့နိုင်ရင် လုပ်ပိုင်ခွင့်တွေက ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ပိုကျယ်တာပေါ့။ အဲတွက် ကျနော်တို့က ကြီးကြီးကျယ်ကျယ်တွေ အများကြီးလျှောက်ပြီးတော့ ငါတို့နိုင်ရင်၊ ဘာလုပ်မယ်၊ ညာလုပ်မယ်တို့ ပြောနေရင်လည်း အပိုပါဘဲ” ဟု ၎င်းကပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ လုပ်ဆောင်နိုင်သောအရာများနှင့် မလုပ်ဆောင်နိုင်သောအရာများကို ရှင်းရှင်းလင်းလင်း နားလည်ထားသည့်အတွက် လက်ရှိမှာ ဖြစ်နိုင်ခြေများကိုလုပ်ဆောင်ပြီး ရေရှည်မှာ ရခိုင်လူထုနှင့်အတူ ချီတက်မည့်ပါတီဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

သို့သော်လည်း ရခိုင့်ဦးဆောင်ပါတီအနေဖြင့် ရခိုင်ပြည်နယ်ရှိနေရာ ၄၅ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ အမျိုးသားလွှတ်တော်နေရာ ခြောက်နေရာ၊ ပြည်သူ့လွှတ်တော်နေရာ ၁၀ နေရာခန့်နှင့် ပြည်နယ်လွှတ်တော်နေရာ ၂၀ ကျော်တို့တွင် ဝင်ပြိုင်မည် ဖြစ်ကြောင်းသိရသည်။

ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များထဲတွင် လူငယ်ပါဝင်မှုများပြီး အမျိုးသမီးများလည်း အသင့်အတင့်ပါဝင်ကာ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် ပညာအရည်အချင်းကို သတ်မှတ်ထားခြင်းမရှိသဖြင့် တက္ကသိုဝင်တန်းမအောင်မြင်သူများလည်း လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ခွင့်ရခဲ့သည်ဟု ဆိုသည်။

ပါတီ၏ ရွေးကောက်ပွဲဆောင်ပုဒ်အနေဖြင့် “ရဲရင့်အသံရှင် မုန်တိုင်းပင်ဖြတ်သန်း အောင်ပွဲလှမ်းချီ ရခိုင့်ဦးဆောင်ပါတီ” ဟူ၍ဖြစ်ပြီး ရွေးကောက်ပွဲအနိုင်ရရှိခဲ့ပါက အစိုးရ သို့မဟုတ် ညွန့်ပေါင်းအစိုးရဖွဲ့ရန် ရည်မှန်းထားသည်။

ရွေးကောက်ပွဲတွင် ရခိုင့်ဦးဆောင်ပါတီအနေဖြင့် အင်အားကြီးပါတီများဖြစ်သည့် NLD နှင့် ပြည်ခိုင်ဖြိုးတို့ထက် ရခိုင်နိုင်ငံရေးပါတီများနှင့် အဓိကယှဉ်ပြိုင်ရမည်ဖြစ်သည်။

ရခိုင်ဦးဆောင်ပါတီအနေဖြင့် ယခု ၂၀၂၀ ခုနှစ်တွင် ပထမအကြိမ် ရွေးကောက်ပွဲဝင်ပြိုင်ခြင်းဖြစ်သော်လည်း ရွေးကောက်ပွဲ အတွေ့အကြုံရှိသော လွှတ်တော်ကိုယ်စားလှယ်များစွာ ပါဝင်သဖြင့် နေရာအများအပြားတွင် အနိုင်ရရှိရန် ရည်းမှန်းထားကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးက ပြောသည်။

ရခိုင်ဦးဆောင်ပါတီတွင် မူဝါဒခုနစ်ချက်ရှိပြီး ၎င်းတို့မှာ ရခိုင်အမျိုးသားများနှင့် ရခိုင်မျိုးနွယ်စုများအားလုံး ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော ရခိုင်အမျိုးသားပြည်နယ်အဖြစ် ပြည်ထောင်စုအတွင်း ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရန် ကြိုးပန်းဆောင်ရွက်သွားရန်၊  စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရာတွင် အခြားသော တိုင်းရင်းသားညီအစ်ကိုများနှင့် ပူးပေါင်းလက်တွဲဆောင်ရွက်သွားရန် စသဖြင့် ချမှတ်ထားသည်။

ရခိုင်ပြည်နယ်တွင် ကိုယ်စားလှယ်လောင်းဦးရေ အများဆုံးတင်သွင်းထားသောပါတီမှာ ရခိုင်အမျိုးသားပါတီဖြစ်ပြီး ဒုတိယအများဆုံးမှာ ရခိုင့်ဦးဆောင်ပါတီဖြစ်ကြောင်း သိရသည်။

ရခိုင်ဦးဆောင်ပါတီအနေဖြင့် လွှတ်တော်အတွင်း တပ်မတော်သားများပါဝင်မှုကို သုညရာခိုင်းနှုန်းအထိ လျော့ချရန် ရည်မှန်းထားသည့်ပါတီလည်းဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...