မူဆယ် ရွေး/ကော်က စက်တင်ဘာ ၁၄ နောက်ပိုင်း မဲဆွယ် လျောက်လွှာများ လက်မခံကြောင်း ကြေညာ

မူဆယ် ရွေး/ကော်က စက်တင်ဘာ ၁၄ နောက်ပိုင်း မဲဆွယ် လျောက်လွှာများ လက်မခံကြောင်း ကြေညာ

မဲဆွယ်ခွင့် ပိတ်ကြောင်းထုတ်ပြန်ချက် ရုတ်သိမ်းပေးရန် မူဆယ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အား ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က တောင်းဆိုထားကြောင်း ပြောသည်။

စက်တင်ဘာလ ၁၄ ရက်နေ့ နောက်ပိုင်းတွင် လျှောက်ထားလာမည့် မဲဆွယ် စည်းရုံးခွင့်အား ခွင့်ပြုမည်မဟုတ်ကြောင်း မူဆယ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်သည် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် UEC ၏ ထုတ်ပြန်ချက်နှင့် ဆန့်ကျင်နေသည့်အတွက် ပြန်လည် ရုပ်သိမ်းပေးရန် တောင်းဆိုထားခြင်းဖြစ်သည်ဟု SNLD အထွေထွေအတွင်းရေးမှူးချုပ် စိုင်းလိတ်က ပြောသည်။

“မနေ့ကနေပဲ ကျနော်တို့ ပါတီ တာဝန်ရှိပုဂ္ဂိုလ်ကနေပြီးတော့မှ သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့နဲ့သွားတွေ့ပြီး ရှင်းထားပါတယ်။ အဲဒီဥစ္စာဟာ ညွှန်ကြားချက်ဟာ UEC က ထုတ်ပြန်ထားတဲ့ ကြေညာ ချက်နဲ့ ကွဲလွဲနေတယ်။ ဆန့်ကျင်နေတယ် အဲဒီအတိုင်း လိုက်ပြီး လုပ်မယ်ဆိုလို့ရှိရင် ကျနော်တို့ ရက်ပေါင်း ၆၀ ဆိုတဲ့ အကန့်အသတ်ကို ဘယ်လိုမှ ဘောင်မဝင်တော့ပါဘူးလို့ အဲလိုသွားပြောတော့လည်း သူတို့က ပြန်လည်ပြီးတော့မှ ညှိနှိုင်းပေးပါမယ်ဆိုတဲ့ သဘောမျိုးတော့ ပြန်ပြောခဲ့တာပေါ့ဗျာ။”

စက်တင်ဘာလ ၉ ရက်နေ့ နေ့စွဲဖြင့် မူဆယ်ခရိုင် ရွေးကောက်ပွဲကော်မရှင်က ရှမ်းတိုင်းရင်းသားများ ဒီမိုက ရေစီ အဖွဲ့ချုပ် SNLD ပါတီ မူဆယ်ရုံးသို့ မဲဆွယ်စည်းရုံးခွင့် လျှောက်ထားခြင်းနှင့် ပတ်သက်သည့် အကြောင်းကြားစာကို ပေးပို့လာခြင်းဖြစ်ပြီး အဆိုပါ အကြောင်းစာသည် မူဆယ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်တစ်ခုတည်းကသာထုတ်ပြန်ထားသည့် အကြောင်းကြားစာ ဖြစ်သည်ဟု စိုင်းလိတ်ကဆက် ပြော သည်။

“ရှမ်းပြည်နယ် တစ်နယ်လုံး ကျနော်မေးကြည့်ပါတယ်။ ကချင်ပြည်နယ် ကယားပြည်နယ် အကုန်မေးကြည့် ပါ တယ်။ ဘယ်မှာမှ အဲလိုမျိုး မရှိပါဘူးခင်ဗျား။ မူဆယ်ခရိုင်တစ်ခုထဲပဲ ထူးပြီးတော့မှ ထွက်လာတာပါ။”

ထို့အကြောင်းကြားစာထဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေဖြင့် စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်အမှတ် (၁/၂၀၁၄) အားလည်း ထုတ်ပြန်ထားပြီး ဖြစ်ပါ၍ ရက်ပေါင်း ၆၀ အတွင်း စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းအား လွှတ်တော်ကိုယ်စားလှယ်လောင်းကြေညာပြီး ၁၅ ရက်အတွင်း တင်ရမည်ဖြစ်ပါ၍ (၁၄-၉-၂၀၂၀) နောက်ဆုံးထားပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် တင်ပြသွားရန်နှင့် အချိန်ကျော်လွန်တင်ပြသော မဲဆွယ်စည်းရုံးခွင့် လျှောက်လွှာများအား ခွင့်ပြုပေးမည်မဟုတ်ကြောင်း အကြောင်းကြားသည်ဟု ပါရှိသည်။

သို့သော် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲ  ကော်မရှင်၏ မဲဆွယ်စည်းရုံးရေး နှင့် ပတ်သက်သည့် ညွှန်ကြားချက်များထဲတွင် သက်ဆိုင်ရာ ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲသို့ လျှောက်ထားသည်နှင့် တစ်ပြိုင်နက်တည်း မဲဆွယ်စည်းရုံးခြင်းကို ဆောင်ရွက်နိုင် သည် ဟု ဆိုသည်။

စိုင်းလိတ်က “မြို့နယ်နှင့် ခရိုင် ရွေးကောက် ပွဲ ကော်မရှင်တွေက ဥပဒေကို သူတို့ UEC က ထုတ်ပြန်ထား တဲ့ ဥပဒေစည်းကမ်း လမ်းညွှန်ချက်တွေကို အတိ အကျ မလိုက်နာပဲနဲ့ အသေအချာ ကြေညက်အောင် မ  လေ့လာပဲနဲ့ သူတစ်လူ ငါတစ်မင်း ဆိုသလို မျိုးပေါ့ နော်။ အမိန့်ကို ထပ်ထပ်ပြီးတော့ ထုတ်ပြန်နေတာ က လည်း အခက်အခဲဖြစ်စေတယ်ခင်ဗျား။ ဆိုလိုတာက ဒီလ ၁၄ ရက်နေ့ မတိုင်ခင်တင်တဲ့ စာတွေအရပဲ မဲ ဆွယ်စည်းရုံးရေး လုပ်လို့ရမယ်။ အဲဒီကာလ ကျော်လွန် သွားရင် မဲဆွယ်စည်းရုံးဖို့အတွက် သူတို့ ခွင့်ပြုမ  ပေး နိုင်တော့ဘူးဆိုတဲ့ သဘောမျိုး သက်ရောက်သွားပါတယ်။ အဲဒါဟာ ၂၀၁၄ ခုနှစ်က ထုတ်ပြန်တဲ့ ကြေညာချက် နောက်ပြီးတော့မှ ၂၀၁၅ ခုနှစ် မှာ ထုတ်ပြန်တဲ့ ကြေညာချက် ဒါတွေကို သူတို့ ကြေညက်အောင် မလေ့လာထားတဲ့ သဘောလို့ ကျနော်တွေ့ ရပါ တယ်ခင်ဗျာ” ဟု ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲသည် ကိုဗစ်ကာလတွင် ပြုလုပ်ကျင်းပသည့် ရွေးကောက်ပွဲဖြစ်သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များကြောင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို လုပ်ဆောင်ရာတွင် ခက်ခဲမှုကို ဖြစ်စေသည့်အပြင် ယခုကဲ့သို့ မူဆယ်ခရိုင် ရွေးကောက်ပွဲ  ကော်မရှင်၏ ထုတ်ပြန်ချက်သည် မဲဆွယ်စည်းရုံးရေးကို အဟန့်အတားဖြစ်စေသည်ဟု ဆိုသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံး ခွင့်ကာလကို ရက်ပေါင်း ၆၀ (၈-၉-၂၀၂၀ ရက်နေ့ နံနက် ၀၆း၀၀ နာရီမှ ၆-၁၁-၂၀၂၀ ရက်နေ့ ည ၁၂း၀၀ နာရီအထိ) ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေေးကာက်ပွဲ ကော်မရှင်က စက်တင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်ထားသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...