ရသေ့တောင် မြို့နယ်တွင် တိုက်ပွဲပြင်းထန်၊ တပ်မတော်က ဝေဟင်ထိုးစစ် အသုံးပြု

ရသေ့တောင် မြို့နယ်တွင် တိုက်ပွဲပြင်းထန်၊ တပ်မတော်က ဝေဟင်ထိုးစစ် အသုံးပြု

ညီနောင် မဟာမိတ် ၃ ဖွဲ့မှ အပစ်ရပ် ရက်တိုးကြောင်း ကြေညာအပြီး စက်တင်ဘာလ ၄ ရက်နေ့တွင် ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ်အတွင်းရှိ ကျောက်တန်း တိုက်နယ်ထဲတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

ယနေ့ဖြစ်ပွားသည့် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းတိုက်နယ်အတွင်းက တိုက်ပွဲများတွင် တပ်မတော် ဘက်က ဝေဟင်ထိုးစစ်များပါ ရှိခဲ့သည်ဟု ရသေ့တောင်မြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ပြောသည်။

“မနက်ပိုင်းကတော့ ဆရာမတို့ တိုက်ပွဲဖြစ်နေတာတော့ သိပါတယ်။ တိုက်ပွဲကလည်း တစ်ဖက်နဲ့တစ်ဖက် ပြင်းထန်တယ် ဆိုတာလည်း အဲဒီမှာ နေတဲ့လူ  ကျောက်တန်းတိုက်နယ်ဖက်မှာ  ဖြစ်တာပေါနော်။ အဲဒီဖက်မှာတော့ ပြင်းထန်တယ်။ နောက်ရဟတ်ယာဉ်တွေပါလာပြီး ကူတိုက်တယ်ဆိုတဲ့ အကြောင်းကိုတော့ ဆရာမတို့ကို ရွာသားတွေ ဖုန်းဆက်လို့သိရပါတယ်။ ဖြစ်တဲ့နေရာက ကျောက်တန်း တိုက်နယ်က အမျက်တောင်ဖက်” ဟု ပြောသည်။

လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးကို အထောက်အကူပြုရန် အတွက် ရက္ခိုင့်တပ်တော် AA ပါဝင်သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ရွေးကောက်ပွဲ ကာလလွန်သည့်အထိ အပစ်ရပ် ထားမည်ဟု ထုတ်ပြန်ထားသော်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲ ပြင်း ထန်စွာ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။

တိုက်ပွဲများ ဆက် လက် ဖြစ်ပွားနေ သည့်အပေါ် ညီနောင် မဟာမိတ် အဖွဲ့ဝင်ဖြစ်သည့် TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က ယခုကဲ့သို့ ပြောသည်။

“အရင်ကလည်း ကျနော်တို့ ထုတ်ပြန်တယ် ဒါပေမယ့် အရင်ကလည်း AA ဖက်မှာ ပြင်းထန်တယ်။ ဒီတပ် ဖက်က ထုတ်ပြန်တဲ့ဟာလည်း အရင်ကတည်းကလည်း ရခိုင်နယ်မြေ မပါဘူးပေါ့နော။ အခုလည်း မပါဘူး။ ရခိုင်ကို တစ်ဖက်သတ် ချေမှုန်းနေတယ်။ စစ်ရေးအရ ဖိအားပေးနေတယ်ပေါ့နော။ စစ်ရေးနှင့် ဖြေရှင်းနေ တယ် အဲလိုမျိုးကြောင့် တိုက်ပွဲဖြစ်လာတယ်လို့ အဲလိုမျိုးတော့ မြင်တယ်ပေါ့။”

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းမှာ တပ်မတော်၏ ထိုးစစ်များကြောင့် ဖြစ်ပြီး တိုက်ပွဲမဖြစ်အောင် တပ်မတော်ဖက်မှ ထိုးစစ်များကို ရပ်တန့်ရန်လိုသည်ဟု ညီနောင်ဟာမိတ် ၃ ဖွဲ့ကပြောသည်။

ဗိုလ်မှူး မိုင်းအိုက်ကျော်က “တိုက်ပွဲမဖြစ်အောင်ကတော့ ထိုးစစ်တွေလျှော့ချဖို့ လိုတယ်။ အခြားတိုင်းဒေ သနည်းတူ တပ်ဖက်က အပစ် ရပ်ဖို့တော့ လိုတယ် အပစ်ရပ်ကြေညာပြီးတဲ့နောက်ပိုင်းမှာ တကယ့် လက် တွေ့ကျကျ မြေပြင်မှာ ထိုးစစ်တွေလည်း ရပ်ဖို့တော့ လိုတာပေါ့” ဟု ပြောသည်။

ဒေါ်ခင်စောဝေကလည်း “တပ်မတော်ဖက်က အပစ်ခတ်ရပ်စဲတယ် အကြမ်းဖက်အဖွဲ့အစည်းမပါဆိုတော့ ရခိုင်မပါဘူး ဆိုတဲ့သဘောဖြစ်နေတယ်။ ဟိုဖက်ကလည်း တောထဲက အဖွဲ့ကလည်း အပစ်ခတ်ရပ်စဲမယ် စက်တင်ဘာ ၁ ရက်နေ့ကနေ နိုဝင်ဘာ ၉ ရက်နေ့အထိ ရပ်စဲမယ်ဆိုပြီး စာထုတ်ထားပါတယ်။ ဒီလိုစာ ထုတ်ထားတယ်ပေါ့နော ထုတ်ထားတော့လည်း အခုဆိုရင် တော်တော်များများ တိုက်ပွဲတွေ ပြင်းထန်လာ တာကို တွေ့ရတယ်။ အဲဒီအတွက်ကြောင့် ဒီဖက်ကလည်း မလျော့ဘူး ဟိုဖက်ကလည်း မလျော့ဘူး ဆိုရင်တော့ တိုက်ပွဲတွေကတော့ ဆက်တိုက်ဖြစ်နေအုံးမှာပါပဲလို့ ပြောချင်ပါတယ်” ဟုပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့က ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် TNLA (တအန်း)၊ MNDAA (ကိုးကန့်)၊ AA (ရခိုင်) တို့က ၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးကို အထောက်အ ကူပြုရန် အချက်အပါအဝင် အဓိက အချက် ၃ ချက်ပါသည့် ပူးတွဲထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာလ ၁ ရက်နေ့က ပူးတွဲ ထုတ်ပြန်ထားသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကာလတွင်  အထောက်အကူပြုနိုင်ရေးတို့အတွက်  တစ်ဖက်သတ် အပစ်အခတ်  ရပ်စဲခြင်းအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်မှ နိုင်ဝင်ဘာလ ၉ ရက်နေ့အထိ ရက်ပေါင်း ၇၀ ကြာ သတ္တမအကြိမ် ထပ်မံ တိုးမြှင့်လိုက်ပါသည်ဟု ရေးသားထားသည်။

ဗိုလ်မှူး မိုင်းအိုက်ကျော်က “ဒီလာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ လူထုတွေက လွတ်လွတ်လပ်လပ် ဆန္ဒမဲပေးလို့ ရအောင်ပေါ့နော ကျနော်တို့က ရွေးကောက်ပွဲရဲ့ ဟိုဖက် အထိကို ကျနော်တို့က သက်တမ်း  တိုးလိုက်ခြင်း ဖြစ်ပါတယ်။” ဟုပြောသည်။

ထို့အပြင် ၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်ပနိုင်ရေးကို အထောက်အကူပြုရန် ကိစ္စရပ်အပါအဝင် အစိုးရ၊ တပ်မတော်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးဆွေးနိုင်ရေး၊ ကိုဗစ်ဒုတိယလှိုင်းအား ထိရောက်စွာ တားဆီး ထိန်းချုပ်နိုင်ရေးတို့အတွက် ရက်ပေါင်း ၇၀ ကြာ အပစ်ရပ်စဲခြင်း ဖြစ်သည်ဟု ညီနောင် မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်က ဆိုသည်။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကို လျော့ချနိုင်ရန်နှင့် ၂၀၂၀ တွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို ရခိုင် ပြည်နယ်တွင် အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် အမြန်ဆုံး တွေ့ ဆုံညှိနှိုင်းရန်လိုသည် ဟု ဒေါ်ခင်စောေ၀ က ပြောသည်။

“ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ဟိုနေ့က ပြောသွားတာ မီဒီယာတွေရော ကျမတို့ရော ကြားလိုက်ရတယ်  ပေါ့နော်။ သူတို့ကလည်း ရွေးကောက်ပွဲ ကျင်းပဖို့အတွက် ဆိုရင် သူတို့ကလည်း လက်ခံတယ်ပေါ့။ ဒါ ကြောင့် ဒီတစ်ခေါက်လည်း ရွေးကောက်ပွဲအတွက်လည်း မဲဆွယ်စည်းရုံးဖို့ကာလမှာလည်း သူတို့ အပစ် ရပ်ခတ် ရပ်စဲထားပြီဆိုတော့ ဒါကတော့ အကုန်လုံးညှိနှိုင်း တိုင်ပင်ဆွေးနွေးပြီး လုပ်ရင်တော့ ဒါကောင်း မွန်တဲ့ အဖြေတစ်ခုကို ထွက်လာမယ်လို့တော့ ပြောချင်ပါတယ်။”

ညီနောင်မဟာမိတ် ၃ ဖွဲ့၏ စက်တင်ဘာလ ၁ ရက်နေ့က အပစ်ခတ်ရပ်စဲကြောင်း ထုတ်ပြန်ချက်သည် ပြီးခဲ့ သည့် ဇွန်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့ အထိ ဆဋ္ဌမအကြိမ် ၃ လတာ တစ်ဖက်သတ် အပစ်ရပ်စဲ ကြောင်း ထုတ်ပြန်ချက်ကို ၎င်းတို့အနေဖြင့် ထပ်မံသက်တမ်းတိုး လိုက်ခြင်းဖြစ်သည်ဟု ဗိုလ်မှူးမိုင်းအိုက်  ကျော် က ပြောသည်။

ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်မတော် AA၊ တအန်း(ပလောင်) အမျိုးသား လွတ်မြောက်  ရေး တပ်မတော် TNLA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် တပ်မတော် MNDAA (ကိုးကန့်) တို့သည့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့်အတူ အစိုးရ၊ တပ်မတော်နှင့် ပဏာမ အပစ်ရပ် စာချုပ် Bilateral လက်မှတ်ရေးထိုးရန် ဆွေးနွေးနေသည့် မြောက်ပိုင်း မဟာမိတ် အဖွဲ့များဖြစ်သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...