အပစ်အခတ်ရပ်စဲရေးကို ရွေးကောက်ပွဲလွန်ကာလအထိ မြောက်ပိုင်း မဟာမိတ်များ တိုးမြှင့်

အပစ်အခတ်ရပ်စဲရေးကို ရွေးကောက်ပွဲလွန်ကာလအထိ မြောက်ပိုင်း မဟာမိတ်များ တိုးမြှင့်

မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က အပစ်အခတ် ရပ်စဲမှုကို ရက်ပေါင်း ၇၀ ထပ်မံတိုးချဲ့လိုက်ကြောင်း ကြေညာသည်။

အစိုးရ၊ တပ်မတော်တို့နှင့် နိုင်ငံရေး ဆွေးနွေးပွဲများ လုပ်ဆောင်နိုင်ရန် အပါအဝင် COVID- 19 ရောဂါကို ထိန်းချုပ် ကာကွယ်ရန်နှင့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန် ရည်ရွယ်ပြီး ရက္ခိုင့်တပ်တော် AA ပါဝင်သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့က အခုလို အပစ်အခတ်ရပ်စဲမှုကို ရက်တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သည့် တအန်းအမျိုးသား လွတ် မြောက်ရေး တပ်မတော် TNLA က သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ယခုကဲ့သို့ ပြောသည်။

“အဓိကကတော့ ကျနော်တို့က အရင်တုန်းကလည်း ကျနော်တို့ ထုတ်ပြန်ပြီးသားဖြစ်တယ်။ ဒီလကုန်မှာ  တော့ သက်တမ်းကုန်သွားပြီပေါ့နော်။ ဒီဟာကို ကျနော်တို့ ထပ်မံပြီးမှ ပြန်တိုးတာဖြစ်တယ်။ အခုက ထူး ထူးခြားခြားပါတာကတော့ ကိုဗစ် ဒုတိယလှိုင်းပေါ့ ကြိုတင်ကာကွယ်ဖို့ လုပ်ငန်းတွေ ထိထိရောက်ရောက် လုပ်နိုင်ဖို့ရယ်၊ ဆွေးနွေးပွဲမှာ အထောက်အကူဖြစ်နိုင်အောင် လက်တွေ့ကျကျ လုပ်နိုင်အောင် အဲဒီအချက် နဲ့ နောက်တစ်ခုက ဒီလာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ လူထုတွေက လွတ်လွတ်လပ်လပ် ဆန္ဒမဲပေးလို့ ရအောင်ပေါ့နော်။ ကျနော်တို့က ရွေးကောက်ပွဲရဲ့ ဟိုဖက်အထိကို ကျနော်တို့က သက်တမ်း တိုးလိုက်ခြင်း  ဖြစ်ပါတယ်။”

ညီနောင် မဟာမိတ် ၃ ဖွဲ့မှာ ရက္ခိုင့်တပ်တော် AA၊ တအာန်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA (ကိုးကန့်တပ်ဖွဲ့) တို့ ဖြစ်သည်။

ဤကဲ့သို့ အပစ်ရပ်ကြေညာထားစဉ်ကာလအတွင်း နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးမည့် ကိစ္စရပ်များနှင့်  တွေ့ဆုံဆွေးနွေးသည့် လုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရေးတို့အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကူညီပံ့ ပိုးပေးမှုများ ကိုလည်း ၎င်းတို့ ၃ ဖွဲ့ အနေဖြင့် လိုလားပြီး ငြိမ်းချမ်းရေး လုပ်ငန်စဉ်များ၌ ယခင်ကူညီ ဆောင်  ရွက်ခဲ့သည့် နည်းတူ ယခုလည်းထပ်မံ ကူညီဆောင်ရွက်ပေးရန်ကိုလည်း အလေးအနက် မေတ္တာရပ်ခံအပ်ပါသည် ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

ဗိုလ်မှူးမိုင်းအိုက်ကျော်က “အရင်က တွေ့ဆုံဆွေးနွေးပွဲတွေမှာကတော့ တရုတ်ဖက်က လုံခြုံရေး ကူညီဆောင်ရွက်ပေးတာရှိတယ်။ နောက်တစ်ခုက တရုတ်ကကြားကနေညှိနှိုင်းပေးတော့ တွေ့ဆုံဆွေးနွေးပွဲကလည်းဖြစ်နေတယ်ပေါ့။ အခုလိုမျိုးဒီလိုမျိုး တွေ့ဆုံဆွေးနွေးမှု ဒီလိုမျိုးကြားမှာ ရပ်တန့်နေတဲ့ အချိန်ပေါ့နော်။ ဖြစ်နိုင်မယ့် နည်းလမ်းတွေ တစ်ခြားနည်းလမ်းတွေ ဒီတရုတ်ဖက်က ကူညီဆောင်ရွက်ပေးနိုင်ဖို့ ကျနော်တို့က ထည့်သွင်းတောင်းဆိုထားခြင်းဖြစ်တယ်” ဟု ပြောသည်။

သို့သော် တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်ပြီး အစိုးရမှ ယခုအချိန်အထိ ကမ်းလှမ်းလာခြင်းမျိုး မရှိသည့် တစ်ဖက်တွင် ကိုဗစ်ဒုတိယလှိုင်း ကပ်ရောဂါကြောင့် တွေ့ဆုံဆွေးနွေးမည့် နည်းလမ်းများမှာ လက်ရှိ အခြေအနေအရ မဖြစ်နိုင်သေးသည့် အနေအထားတွင် ရှိနေသည်ဟု ဆိုသည်။

ညီနောင် မဟာမိတ် ၃ ဖွဲ့က စက်တင်ဘာလ ၁ ရက် ထုတ်ပြန်ချက်ထဲတွင် မြန်မာ့တပ်မတော်နှင့် ၎င်းတို့ အဖွဲ့အစည်းများအကြားတွင် နှစ်ဦးနှစ်ဖက် အမှန်တကယ် အပစ်အခတ်ရပ်စဲနိုင်ရေး၊ နိုင်ငံရေး တွေ့ ဆုံဆွေးနွေးနိုင်ရေး၊ မိမိတို့ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးဖြစ် ထွန်းစေရေး၊ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို အကာအကွယ် ပေးနိုင်ရေးတို့ အပြင် ယခု တစ်ကြိမ်တွင် ကိုရိုနာကူး စက်ရောဂါ၏ ဒုတိယလှိုင်းအား တားဆီးထိန်းချုပ်နိုင်ရေး၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေး  ကောက်ပွဲကာလတွင် အထောက်အကူပြုနိုင်ရေးတို့အတွက် တစ်ဖက်သတ် အပစ်အခတ် ရပ်စဲခြင်းအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်မှ နိုင်ဝင်ဘာလ ၉ ရက်နေ့အထိ ရက်ပေါင်း ၇၀ ကြာ သတ္တမအကြိမ်ထပ်မံ တိုးမြှင့်လိုက်ပါသည်ဟု ရေးသားထားသည်။

တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA လှုပ်ရှားရာဒေသတွင် တိုက်ပွဲဖြစ်ပွားမှု သိသိသာ သာ လျော့နည်းသွား သော်လည်း ၎င်းတို့၏ ညီနောင် မဟာမိတ် ရက္ခိုင့်တပ်တော် AA လှုပ်ရှားရာ ဒေသ ဖက်တွင် တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် အဆိုပါ ဒေသများတွင်လည်း တိုက်ပွဲများ ရပ်တန့်ရန် လည်း မျှော်လင့်သည်ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်မတော် ULA/AA၊ တအန်း(ပလောင်) အမျိုးသားလွတ်  မြောက်ရေး တပ်မတော် PSLF/TNLA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် တပ်မတော် MNTJP/MNDAA တို့သည့် ကချင်လွတ်လပ်ရေး KIA ပါဝင်နှင့်အတူ အစိုးရ၊ တပ်မတော်နှင့် ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ်ရေးထိုးရန် ဆွေးနွေးနေသည့် မြောက်ပိုင်း မဟာမိတ် အဖွဲ့များဖြစ်သည်။

ထို့အပြင် ၎င်းအဖွဲ့များသည် မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များဖြစ်ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များဖြစ်သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...