မွန်ပြည်နယ်တွင် လာမည့် ရွေးကောက်ပွဲအတွက် စာရင်းသွင်းထားသူများအနက်မှ ကိုယ်စားလှယ် သုံး ဦး ပြန်လည် ရုတ်သိမ်းခဲ့ပြီး ကိုယ်စားလှယ်လောင်း တစ်ဦးကို ရွေးကောက်ပွဲ ကော်မရှင်က ပယ်ဖျက်ခဲ့ပြီး ကိုယ်စားလှယ်လောင်း ၃၀၂ ဦးကို သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့က အတည်ပြုထုတ်ပြန်လိုက်သည်။
သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မတို့နှင့် ကိုက်ညီမှုမရှိသည့်အတွက် ကျိုက်မရော မြို့ နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းထားသူ တစ်ဦးကိုလည်း ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခဲ့ခြင်းဖြစ်သည် ဟု မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အရာရှိ ဦးထင်ကျော်က ပြောသည်။
“မော်လမြိုင်ခရိုင်မှာ လွှတ်တော် သုံးရပ်အတွက် ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းထားတဲ့ထဲကမှ ကျိုက် မရောမြို့ နယ် ပြည်နယ်မဲဆန္ဒအမှတ် (၁) က ဦးမောင်မောင် ကိုတော့ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈(ခ)၊ ပုဒ်မ ၁၀ (င) တို့နဲ့ ကိုက်ညီမှုမရှိတဲ့အတွက်ကြောင့်မို့ ကိုယ်စားလှယ်လောင်းစာရင်းကနေ ပယ်ဖျက်လိုက်ခြင်းဖြစ်တယ်”
လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် မွန်ပြည်နယ်တွင် ကိုယ်စားလှယ်လောင်း ၃၀၆ ဦး အမည် စာရင်းတင်သွင်းခဲ့သော်လည်း အမျိုးသားလွှတ်တော်မှ ၁ ဦး၊ ပြည်နယ်လွှတ်တော်မှ ၁ ဦးနှင့် ဗမာတိုင်းရင်း သားရေးရာ ၁ ဦး စုစုပေါင်း ၃ ဦးတို့သည် ကိုယ်စားလှယ်လောင်းအမည် စာရင်းတင်သွင်းထားမှုမှ ပြန်လည် ရုတ်သိမ်းသွားခဲ့သည်။
ထိုကြောင့် လာမည့် ရွေးကောက်ပွဲတွင် ပါတီ ၁၇ ပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၂ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၃၀၂ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။
ကိုယ်စားလှယ်လောင်း ၃၀၂ ဦးတွင် ပြည်သူ့လွှတ်တော်အတွက် ၆၅ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၇၈ ဦး၊ ပြည်နယ်လွှတ်တော်အတွက် ၁၃၆ ဦး၊ ဗမာတိုင်းရင်းသားရေးရာနေရာအတွက် ၇ ဦး၊ ကရင်တိုင်းရင်းသားရေး ရာအတွက် ၈ ဦး၊ ပအိုဝ်းတိုင်းရင်းသားရေးရာနေရာအတွက် ၈ ဦးတို့ ဝင်ပြိုင်ကြမည်ဖြစ်သည်။
“လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ကြေညာလိုက်ပြီးဖြစ်တဲ့အတွက် အခု ကိုယ်စားလှယ်လောင်းတွေကို စိစစ်ရေးကဒ်တွေပေါ့ ထုတ်ပေးနေပါတယ်။ ဒီနေ့ (သြဂုတ် ၃၁ ရက်) ကစပြီးတော့ ထုတ်ပေးနေပါတယ်” ဟု မော်လမြိုင်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိက ဆက်ပြောသည်။
အတည်ပြု ကိုယ်စားလှယ်လောင်းများစာရင်းကို သြဂုတ်လ ၃၀ ရက်နေ့က ထုတ်ပြန်ထားပြီး ပြည်နယ် ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် သက်ဆိုင်ရာ ခရိုင်၊ မြို့ နယ်နှင့် ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ရုံးများတွင် ကပ်ထားကြေညာထားမည်ဖြစ်သည်။
မွန်ပြည်နယ်အခြေစိုက် အင်အားကြီးပါတီတစ်ခုဖြစ်သည့် မွန်ညီညွတ်ရေးပါတီက မွန်ပြည်နယ်၊ ကရင်ပြည် နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတို့တွင် ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည့် ကိုယ် စားလှယ်လောင်း ၆၇ ဦးတွင် ပယ်ဖျက်ခံရသူ မရှိဟု ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က ပြောသည်။
မွန်ပြည်နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၁၀ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၂၀ နေရာနဲ့ ဗမာ၊ ကရင်၊ ပအိုဝ်းတိုင်းရင်းသားရေးရာနေရာ ၃ နေရာရှိပြီး စုစုပေါင်း မဲဆန္ဒနယ် ၄၅ နေရာရှိသည်။







