မွန်ပြည်နယ် မသန်စွမ်းအများအပြား မဲစာရင်းမပါ

မွန်ပြည်နယ် မသန်စွမ်းအများအပြား မဲစာရင်းမပါ

လာမည့်ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူ သောင်းနှင့်ချီ မဲပေး ပိုင်ခွင့်ရမည်မဟုတ်ကြောင်း မွန်ပြည်နယ် မသန်စွမ်းသူများအသင်း က ပြောသည်။

မွန်ပြည်နယ် မသန်စွမ်းသူများအသင်း၏ ကောက်ခံရရှိထားသည့် စာရင်းအရ မွန်ပြည်နယ်အတွင်း၌ အသက် ၁၈ နှစ် နှင့် အထက် မဲပေးပိုင်ခွင့်ရှိသည့် မသန်စွမ်း အနည်းဆုံး နှစ်သောင်းခန့်ရှိနေသော်လည်း လက်ရှိ  ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည့် မဲစာရင်းတွင် မသန်စွမ်းမဲစာရင်း ထောင်ဂဏန်းသာရှိသည်ဟု  မွန်ပြည်နယ် မသန်စွမ်းသူများအသင်း ဥက္ကဋ္ဌ စောအောင်သိမ်းတင် က ပြောသည်။

“ဥပမာပြရရင် ရပ်ကွက်တစ်ခုမှာ ၉၈ ယောက်ရှိတယ်မသန်စွမ်း မဲပေးခွင့်ရှိတာ ၈၃ ယောက်ရှိတယ်ဆိုတော့ မသန်စွမ်းတွေ ၈၀ ရာခိုင်နှုန်းကျော်လောက် ပဲပေးခွင့်ရှိပါလျက်နဲ့ အဲဒီမှာ ချန်ခဲ့တာ ခုနပြောသလို မှတ်ပုံတင် မလုပ်ပေးတာတို့ မဲစာရင်းပြင်ဆင်မလုပ်ပေးတာတို့နဲ့ပေါ့” ဟု စောအောင်သိမ်းတင်က ပြောသည်။

မှတ်ပုံတင်မရှိခြင်း၊ မှတ်ပုံတင်ပြုလုပ်ရန် ငွေကြေးခက်ခဲခြင်း၊ မသန်စွမ်းများ ရွေးကောက်ပွဲဆိုင်ရာ သတင်း အချက်အလက်မရရှိခြင်း၊ ကော်မရှင်တို့၏ ဥပဒေ နားလည်မှု အားနည်းခြင်း အစရှိသည့်အကြောင်းများကြောင့် မသန်စွမ်းများ မဲပေးခွင့်မရရှိကြပဲ မဲပေးခွင့် အခွင့်ရေးဆုံးရှုံးရသည်ဟု စောအောင်သိမ်းတင်က ပြောသည်။

ထို့အပြင် မဲပေးပိုင်ခွင့်ရှိသည့် မသန်စွမ်းများအတွက်လည်း မဲရုံသို့ လွယ်ကူချောမွေ့စွာ သွားနိုင်ရန် စီစဉ်ဆောင် ရွက်ပေးထားခြင်းများ မရှိသည့်အတွက် မဲပေးပိုင်ခွင့်ရှိပါလျက်နှင့် မဲမပေးနိုင်သည့် မသန်စွမ်းများစွာလည်း ရှိသည်ဟု မွန်ပြည်နယ် မသန်စွမ်းသူများ အသင်း က ပြောသည်။

ပထမအကြိမ် ကြေညာထားသည့် မဲစာရင်းတွင် မွန်ပြည်နယ်၌ မသန်စွမ်းမဲစာရင်း ၄၀၇၀ ကျော်ရှိပြီး မဲပေးပိုင်ခွင့်ရှိသည့် မသန်စွမ်းများအတွက် မဲရုံများတွင် အလွယ်တကူ မဲပေးနိုင်ရန် စီစဉ်ထားသည်ဟု မွန်ပြည်နယ်  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။

“မသန်စွမ်းမဲဆန္ဒရှင်တွေ မဲလာပေးရင် ဘယ်လိုကူညီဆောင်ရွက်ပေးရမလဲ မဲရုံမှူးနဲ့ မဲရုံအဖွဲ့ဝင်တွေက အလား တူပဲ သင်တန်းတွေမှာလည်း မသန်စွမ်းမဲဆန္ဒရှင်တွေ လာရောက်မဲထည့်တဲ့အခါမှာ မဲရုံမှူးတွေ မဲရုံအဖွဲ့ဝင်တွေက ဝိုင်းကူညီပေးရမယ်ဆိုတာ မဲရုံမှူး သင်တန်းတွေမှာ တစ်ခါတည်း ထည့်ပြီးသား နည်းဥပဒေမှာရော လုပ်ငန်းလမ်းညွှန်မှာရော အဲ့ဒါပါပါတယ်။”

မွန်ပြည်နယ်တွင် မသန်စွမ်းကျောင်းများ၊ သင်တန်းများမရှိသည့်အတွက် မသန်စွမ်း မဲရုံသီးသန့်ထားရှိခြင်း မရှိဘူးလို့လည်း ဦးဟိဏ်းလင်းထက် က ဆက်ပြောသည်။

မဲပေးရာတွင်လည်း မဲရုံသို့ လာနိုင်သည့် မသန်စွမ်းများအတွက် လာရောက်မဲပေးနိုင်သလို မဲရုံမလာနိုင်သူ မသန်စွမ်းများအတွက် ကြိုတင်မဲပေးရန် ရပ်/ကျေးကော်မရှင်မှ အိမ်တိုင်ရာရောက် လိုက်လံကောက်ခံ သွားမည်ဟုလည်း ကော်မရှင်က ပြောသည်။

မွန်ပြည်နယ်ရှိ မသန်စွမ်းများသည် အမြင်အာရုံမသန်စွမ်းသူ အများဆုံးရှိပြီး ဒုတိယအများဆုံးသည် ကိုယ်အင်္ဂါမသန်စွမ်းသူ၊ တတိယအများဆုံးသည် အကြားအာရုံမသန်စွမ်းများဖြစ်ပြီး  ဉာဏ်ရည် မသန်စွမ်းသူ များလည်းရှိသည်ဟု မွန်ပြည်နယ် မသန်စွမ်းသူများအသင်း ဥက္ကဌက ပြောသည်။

ဆန္ဒမဲပေးသူသည် မသန်စွမ်းသူဖြစ်လျှင် သက်ဆိုင်ရာ မဲစာရင်း၌ ပါရှိသော မဲဆန္ဒရှင်၏ ဖခင်၊ မိခင်၊ ဇနီး၊ ခင်ပွန်း၊ သား၊ သမီး၊ ညီအစ်ကို မောင်နှမအရင်းတဦးဦး သို့မဟုတ် မသန်စွမ်းသူကိုယ်တိုင် စိတ်ကြိုက် ရွေးချယ်သောသူတဦး၏ အကူအညီဖြင့် ဆန္ဒမဲပေးခြင်းကိုလည်း ခွင့်ပြုရမည်ဟု ရွေးကောက်ပွဲ နည်းဥပဒေ ၄၂ (ခ) တွင် ဖော်ပြထားသည်။

ဆန္ဒမဲပေးသူသည် ဆန္ဒမဲလက်မှတ်ရှိ အမည်များကို မဖတ်တတ်လျှင်လည်းကောင်း ညွှန်ကြားထားသည့်အတိုင်း ဆန္ဒမဲမပေးတတ်လျှင်လည်းကောင်း၊ မဲစာရင်းပါ မဲဆန္ဒရှင်၏ ဖခင်၊ မိခင်၊ ဇနီး၊ ခင်ပွန်း သား သမီး ညီအစ်ကို မောင်နှမအရင်း တဦးဦးသည် ဆန္ဒမဲပေးသူက ညွှန်ကြားသည့်အတိုင်း လျှို့ဝှက်ဆန္ဒပြုရမည်။

ယင်းပုဂ္ဂိုလ်များမရှိလျှင် မဲရုံမှူးက ဆောင်ရွက်ပေးရမည်။ မဲလက်မှတ်ကိုမူ ဆန္ဒမဲပေးသူကို ခေါ်၍ မဲပုံးထဲသို့ ကိုယ်တိုင်ထည့်စေရမည်ဟု ပါရှိသည်။

ကျန်းမာ သန်စွမ်းခြင်းမရှိ၍ မဲပုံးထဲသို့ ဆန္ဒမဲလက်မှတ်ကို မထည့်နိုင်လျှင် မဲရုံအဖွဲ့ဝင်များသည် ထိုသူအား ဆန္ဒမဲထည့်နိုင်စေရန် ကူညီရမည်ဟု နည်းဥပဒေမှာ ဖော်ပြထားသည်။

Most read this week

ဓာတ်ပုံ - လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ရွှေကူမြို့နယ်အတွင်းမှ နေအိမ်တစ်လုံး
August 22, 2026
ကချင်ပြည် ရွှေကူမြို့နယ်အတွင်း လူနေရပ်ကွက်များနှင့် ကျေးရွာများကို စစ်တပ်က ဂျက်ဖိုက်တာများဖြင့်...
August 21, 2026
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ကျေးရွာဘုန်းကြီးကျောင်းတွင် ဒေသခံပြည်သူများ ဥပုသ်သီလ ဆောက်တည်...
ဓါတ်ပုံ - (ပေးပို့ / Crd)
August 21, 2026
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောင်ခြမ်းနှင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ကို စစ်အုပ်စုတပ်က...
August 21, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာတွင် စစ်ကျန် ဗုံးသီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ...