လျောက်ထားခွင့်ပြုသည့်ရက်တစ်လ ရှိလာပြီးဖြစ်သော်လည်း ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာရန် လျှောက်ထားသည့် အဖွဲ့ တစ်ဖွဲ့မှ မရှိသေးဟု ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ခံ အရာရှိက ပြော သည်။
ပြည်နယ်အတွင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာလိုသည့် ပြည်တွင်းရွေးကောက်ပွဲလေ့လာသူများသည် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင်လည်းကောင်း နိုင်ငံတကာလေ့လာသူများ သည် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတွင်လည်းကောင်း ဇူလိုင် ၇ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ ရွေးကောက်ပွဲလေ့လာခွင့်ကို လျှောက်ထားရမည်ဖြစ်သည် ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်ထားသည်။
“ဘယ်သူမှ ဆက်သွယ်လာခြင်းမရှိသေးဘူး၊ မြို့ နယ်တွေမှာလည်း အဲဒါတွေလုပ်ဖို့ အကုန်လုံးညွှန်ကြားထားတာ တစ်လတောင်ရှိနေပြီး။ လက်ခံဆောင်ရွက်ဖို့ ဘယ်သူမှမလာကြသေးဘူး” ဟု ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအပေါ် စည်းမျဉ်းစည်းကမ်း တင်းကြပ်မှုရှိလာခြင်းကြောင့်လည်း လာမည့်ရွေးကောက်ပွဲတွင် ၂၀၁၅ ရွေးကောက်ပွဲ အချိန်ကကဲ့သို့ စောင့်ကြည့် လေ့လာမည့်အဖွဲ့ မများနိုင် ဟု လေ့လာသုံးသပ်သူအချို့ က ပြောသည်။
“ရွေးကောက်ပွဲတစ်ခုကျင်းပတယ်ဆိုရင် အဲဒီရွေးကောက်ပွဲ လွတ်လပ်ရဲ့လာ တရားမျှတမှုရှိရဲ့ လား ဘက်လိုက် မှုရှိနေလား။ စတဲ့အခြေအနေတွေကို နိုင်ငံတကာကရော မဲဆန္ဒရှင်ပြည်သူတွေရော နိုင်ငံရေးပါတီတွေရော အားလုံးပေါ့ သိနိုင်အောင် ရွေးကောက်ပွဲအပေါ်မှာ သံသယကင်းကင်းနဲ့ ယုံကြည်နေဖို့ က စောင့်ကြည့်လေ့လာ တဲ့အဖွဲ့တွေ မရှိမဖြစ်လိုအပ်တယ်” ဟု မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ဦးမင်းမင်းနွယ်က ပြောသည်။
ထို့အပြင် ယုံကြည်စရာကောင်းသည့် ရွေးကောက်ပွဲ ဖြစ်ရန်လည်း အားနည်းနိုင်သည်ဟု လေ့လာသူများ က ပြောသည်။
စောင့်ကြည့်လေ့လာမည့်အဖွဲ့ရှိမှသာ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု ရှိ မရှိ ထောက်ပြ ပြောဆို နိုင်မည် ဖြစ်သည် ဟု မွန်ပြည်နယ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဥက္ကဌ နိုင်ဖေသောင်း က ပြော သည်။
“ဥပဒေစိုးမိုးရေးနဲ့ ပတ်သက်၍သော်လည်းကောင်း မဲရုံမှာ လက်ရှိလုပ်နေတဲ့တာဝန်ရှိသူတွေရဲ့ မသမာမှု ကို သော်လည်းကောင်း ပြည်သူတစ်ယောက်ချင်းစီရဲ့ မဲပေးနိုင်မှု အသိအမြင်တွေကို စောင့်ကြည့်လေ့လာတဲ့ အဖွဲ့တွေက သုံးသပ်တယ်။ သူတို့ရဲ့ သုံးသပ်ချက်က နောင်ဆို UEC ကိုသွားမှာပဲ။ ဒါတွေက UEC သိအောင် ဒီအဖွဲ့တွေက ပြောတယ်။”
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက မွန်ပြည်နယ်တွင် ပြည်နယ်အဆင့် လျှောက်ထားသည့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် အဖွဲ့များရှိသကဲ့သို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှလည်း ခွင့်ပြုပေးသည့် အဖွဲ့ ၁၁ ဖွဲ့ ခန့် ရှိသည်။
လူအင်အား ၄၀၀ ကျော်ဖြင့် ၂၀၁၅ ရွေးကောက်ပွဲအား စောင့်ကြည့်မှုများ ပြုလုပ်ခဲ့ကြသည်ဟု ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးရှိ အချက်အလက်များအရ သိရသည်။
ထို့အပြင် မြို့နယ်အဆင့် စောင့်ကြည့်လေ့လာသည့်အဖွဲ့ များ၊ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့ များ ဖြစ်သည့် EU အဖွဲ့ ၊ ကာတာစင်တာ စသည့်အဖွဲ့ များလည်း ရှိခဲ့သည်။
ယခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်တွင်း မဲရုံပေါင်း ၉၅၀ ကျော် လျာထားပြီး မဲပေးပိုင်ခွင့်ရှိသူမှာ ၁၇၄၀၀၀၀ ကျော်ရှိသည်။







