“သောက်ရေရော၊ သုံးရေပါ တော်တော် အခက်အခဲရှိနေပါတယ်။ သောက်ရေသန့် ဗူးကြီးတစ်ဗူးကို ရ၀၀ ကျပ်ထိ ပေးဝယ်နေရပါတယ်။ ချမ်းသာတဲ့လူတွေအတွက်ကတော့ ကိစ္စမရှိဘူး။ ဆင်းရဲတဲ့ ပြည်သူအတွက် တော်တော့်ကို အခက်အခဲပါပဲ”ဟု ဦးသိန်းစံက နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

မင်းပြားမြို့ပေါ်တွင်ရှိ အသုံးပြုလျက်ရှိသော ရေကန် ၃၅ ကန်မှာ ရေလုံးဝခမ်းခြောက်သွား၍ လူထု ဒုက္ခရောက်နေသည်မှာ တစ်ပတ်ခန့် ရှိနေပြီး ယခုအခါ မီးသတ်၊ စည်ပင်၊ လူမှုအဖွဲ့အစည်းများနှင့် ပုဂ္ဂလိက အလှူရှင်များက မင်းပြားတစ်မြို့လုံး အတွက် ရေရှိရာ နေရာများမှ ရေကို သယ်ယူပြီးကို ဖြန့်ဖြူးနေရသည်ဟု သိရသည်။
ရေများကို ငါးစင်ရိုင်းချောင်းဆည်နှင့် မင်းပြားမြို့ ကျိန်းတောင်အနီးရှိ ပန်းပေါင်းစုံဆည်မှ မီးသတ်ကားများဖြင့်၄င်း၊ လေးမြို့ချောင်း များမှ ရေများကို စက်လှေများဖြင့်၄င်း သယ်ယူနေရသည်ဟု သိရသည်။
မင်းပြားမြို့ပေါ်တွင် ရပ်ကွက်သုံးရပ်ကွက်ရှိပြီး အိမ်ခြေတစ်သောင်းခန့်ရှိကာ လူဦးရေ ၅ သောင်းခန့်ရှိသည်ဟု သိရသည်။

ယခုကဲ့သို့ မိုးခေါင်ရေရှားဖြစ်ရခြင်းမှာ၊ တောတောင်များ၌ သစ်တောများပြုန်းတီးခြင်း၊ ဒီရေတောများ ပြုန်းတီးခြင်း၊ ကမ်းလွန်ရေနံတူးဖေါ်ခြင်း၊ သဘာဝ ဓါတ်ငွေ့ တူးဖေါ်ခြင်းတို့ကြောင့် ဖြစ်သည်ဟု ဦးသိန်းစံက သူ့အမြင်ကို ပြောသည်။
မင်းပြားမြို့ ရေအခက်အခဲကိုဖြေရှင်းနိုင်ရန် မြောက်ဦးမြို့ကို အကူအညီတောင်းထားသည်ဟု သိရသည်။
ယခုအခါ မင်းပြားမြို့အပြင် ပုဏ္ဏားကျွန်းမြို့တွင်လည်း ရေအခက်အခဲကို အထူးရင်ဆိုင် နေရသည်ဟု လေ့လာသိရှိရသည်။







