ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့နယ် ခါကာဘိုဒေသအတွင်းရှိ ကျေးရွာ ၁၄ ရွာ ခန့်တွင် ဝမ်းပျက် ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေပြီး သေဆုံးသူ ၉ ဦး ရှိပြီဟု သိရသည်။
ပန်းနန်းဒင်မြို့နယ်အတွင်း ကျေးရွာပေါင်း ၁၆ ရွာ ရှိသည့်အနက် ၁၄ ရွာတွင် ဝမ်းပျက် ဝမ်းလျော ရောဂါများဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။
“ပြီးခဲ့တဲ့ နှစ်လမှာပဲ ဝမ်းလျှောလို့ သေသွားတာပေါ့၊ အားလုံးပေါင်း ၉ ယောက်ပေါ့။ ဖြစ်နေတာက ပန်နန်းဒင် မှာက ရွာပေါင်း အားလုံး ၁၆ ရွာရှိတယ်နော်။ တောင်ပေါ်ပဲ တစ်ရွာနဲ့ တစ်ရွာလည်းအရမ်းတော့ဝေးတယ်။ အခုဖြစ်တာက ရွာ ၁၄ ရွာမှာ ရောဂါဖြစ်တယ်။ ဒီသြဂုတ်လမှာတော့ ပူတာအို၊ နောင်မွန်းက ဆေးဆရာ၊ ဆရာမ တွေလာမယ်လို့တော့ ပြောတယ်။ ကျမက အခု ဒီပူတာအိုရောက်နေတော့ ဆရာမတွေလာသလား မလာသေးဘူးလား မသိသေးဘူး။ ဟို ဖုန်းလိုင်းလည်း မရဘူးလေနော် ဟိုပန်နန်းဒင်မှာကလေ” ဟု ဒေသခံ ဒေါ်မေရမ် က ပြောသည်။
ပန်နန်းဒင်ဒေသခံများအနေဖြင့် သက်ဆိုင်ရာမှ အမြန်ဆုံး ဆေးကုသမှုများ လာရောက်လုပ်ဆောင်ပေးစေချင် သည် ဟု ပြောသည်။
လက်ရှိတွင် တိုင်းရင်းဆေးဝါးများကိုသာ အဓိက အားထားပြီး ဆေးကုသမှု လုပ်ဆောင်နေရသည် ဟု ဒေသခံ ကိုဆန်လုရမ်ဆိန်း က ပြောသည်။
“ရောဂါဖြစ်တာ အစက လွန်ခဲ့တဲ့ လေးလပိုင်းမှာ စဖြစ်ပေမယ့် အခု ဇွန်လနဲ့ ဇွန်လိုင်လမှာ ပိုပြီး ဆိုးလာတယ်။
ဒီမှာက လမ်းပန်းဆက်သွယ်ရေး အရမ်းခက်ခဲတယ်။ ဆေးရုံ ဆေးခန်းက မရှိတော့ ဆေးကုသတာက တော ထွက် ဆေးတွေကို အသုံးပြုကြတယ်။ အမြဲတမ်းသုံးနေကြတယ်။ ဆေးရုံ ဆေးခန်းက မရှိတဲ့အခါကြတော့ ဘာမှ လုပ်လို့မရဘူးလေ”
ထို့အပြင် ဇွန်လနှင့် ဇူလိုင်လတို့တွင်လည်း မိုးအဆက်မပြတ်ရွာသွန်းခဲ့သည့်အတွက် လမ်းပန်းဆက်သွယ်ရေး အတော်ခက်ခဲနေသည်ဟု ဆိုသည်။
ဒေသခံ ဒေါ်မေရမ် က “ကျမတို့ဆီမှာ ပြီးခဲ့တဲ့ ဇွန်လ၊ ဇူလိုင်လ နှစ်လလုံးမိုးက ဆက်တိုက်ရွာတယ်။ လမ်းတွေကလည်းသွားလို့မရတော့ဘူး။ တစ်ခုခုဖြစ်လို့ နောင်မွန်းသွားမယ်ဆိုလည်း သွားလို့မရဘူး။ တစ်နေရာကနေ တစ်နေရာသွားမယ်ဆိုလည်း အရမ်းခက်ခဲတယ်။ အခုလို မိုးတွင်းဆိုရင် နောင်မွန်းကို လာဖို့တောင် တစ်ပတ် နှစ်ပတ်အဲ့လိုကြာတယ်။ ပန်နန်းဒင်ထဲမှာက ဆေးခန်းလည်းမရှိဘူး။ ဆေးဆရာ၊ ဆရာမတွေလည်း မလာနိုင် ဘူး။ မိုးကုန်ရင် တစ်ခါခါတော့ အစိုးရဝန်ထမ်းတွေရောက်လာတာမျိုးတော့ ရှိတယ်နော်။ အခုအချိန်တော့ တော်တော်နဲ့ မလာဘူး” ဟု ပြောသည်။
ပန်နန်းဒင် မြို့နယ်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဆေးရုံ/ဆေးခန်း မရှိသောကြောင့် ဒေသခံပြည် သူများ ဆေးကုသရေး အခက်အခဲရှိနေသည်ဟု သိရသည်။
ပန်နန်းဒင်မြို့နယ်၊ ခါကာဘိုဒေသသည် အစိုးရဌာနဆိုင်ရာများနှင့် သက်ဆိုင်သော ရုံးများ လာရောက် အခြေစိုက်ထားခြင်း မရှိသေးသည့် ဒေသဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ထို့ကြောင့် “အဓိကတော့ ကျနော်တို့ ဒီခါကာဘိုဒေသမှာ အစိုးရအနေနဲ့ ဆေးပေးခန်းတို့ ဖွင့်စေချင်တာပေါ့ နော်။ အဲဒါက ကျနော်တို့အမြဲတမ်း တောင်းဆို နေတဲ့အရာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဆေးရုံတွေနဲ့ မနီးတဲ့ အခါကြတော့ အခက်အခဲတွေအများကြီး သူ့ရာသီနဲ့သူ အမြဲရင်ဆိုင် နေရတယ်။ အဲ့ဒါကြောင့် ကျနော်တို့ ဆေးနဲ့ ပတ်သက်ပြီးတော့မှ ဆေးရုံ ဆေးပေးခန်းတို့ ပြည်သူလူထုက အမြန်ဆုးံအစိုးရ အကောင်အထည်ဖော် စေချင်တယ်။ အဓိက တော့ လမ်းပန်းဆက်သွယ်ရေးမကောင်းတာလည်းပါတယ်” ဒေသခံ ဆန်လုရမ်ဆိန်း က ပြောသည်။
ပန်နန်းဒင်မြို့သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အတွက် ပညာရေး၊ ကျန်းမာရေး နှင့် ဒေသဖွံ့ဖြိုးရေး ကဏ္ဍအသီးသီးတို့တွင် ပူတာအိုခရိုင်အတွင်းရှိ ဖွံ့ဖြိုးမှု အနောက်ကျဆုံး မြို့နယ် တစ်ခုဖြစ်သည်ဟု ဒေသခံများ က ပြောသည်။
ပန်နန်းဒင်မြို့သည် မလိခမြစ်ဖျားတွင်တည်ရှိပြီး ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် ပါဝင်သော မြို့နယ်ခွဲအဆင့်မြို့ ဖြစ်သည်။ မြန်မာပြည်မြောက်ဖက်ဆုံးမြို့ တစ်မြို့ ဖြစ်သည်။







