ဝှေ့ခါ မြေပြိုမှု အစီရင်ခံစာ မထွက်သေးသည့်အပေါ် အရပ်ဘက်အဖွဲ့များ အားမရ

ဝှေ့ခါ မြေပြိုမှု အစီရင်ခံစာ မထွက်သေးသည့်အပေါ် အရပ်ဘက်အဖွဲ့များ အားမရ

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ ဝှေ့ခါကျောက်စိမ်းမှော်အတွင်း ဖြစ်ပွားခဲ့သည့် မြေပြိုမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင်အနေဖြင့် ယနေ့အချိန်ထိ တစ်စုံတစ်ရာ ထုတ်ပြန်နိုင်ခြင်းမရှိသေးခြင်းအပေါ် အားမရကြောင်း ဖားကန့် ဒေသခံများနှင့် ဒေသအတွင်းက အရပ်ဘက်အဖွဲ့အစည်းများ က ပြောသည်။

ဝှေ့ခါကျောက်စိမ်းမှော်အတွင်း မြေပြိုမှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၈၀ ကျော်သေဆုံး၊ ၅၀ ကျော် ထိခိုက် ဒဏ်ရာရ ရှိခဲ့သည့် ဖြစ်စဉ်မှာ တစ်လကျော်ပြီဖြစ်သော်လည်း ယနေ့အချိန်ထိ တစ်စုံတစ်ရာ ထုတ်ပြန်နိုင်ခြင်း မရှိသေး သည့်အပေါ် ထောက်ပြပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဖားကန့်အခြေဆိုက် Greenland သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တာဝန်ခံ ဦးနောင်လတ်က “အဓိ ကတော့ ရှင်းရှင်းပြောရမယ်ဆိုရင် ဝှေ့ခါအရေးအခင်းက မီးမောင်းထိုးပြနေတာပေါ့နော်။ ဝှေ့ခါအရေးအခင်းက လူပေါင်း ၁၀၀ ကျော်သေဆုံးနေတာတွေ၊ တော်တော်များများ သေဆုံးနေတဲ့ကိစ္စတွေက အရေးပေါ်ကိစ္စပဲ၊ ဒါကို အရေးယူမှု ဘယ်လိုရှိလဲ၊ တာဝန်ခံမှု တာဝန်ယူမှုဘယ်လိုရှိသလဲဆိုတာ လက်ရှိအစိုးရရဲ့ လုပ်ကိုင်ပုံအပေါ် အဓိက ကျတယ်။ အခုချိန်ထိ တစ်လကျော်ကြာတဲ့အထိ အစီရင်ခံစာကို မထုတ်နိုင်ဘူးဆိုတာ ဘာတွေဖြစ်နေ တာလဲ၊ ဘာကြောင့် နှောင့်နှေးနေရတာလဲ၊ ဒါက အစိုးရရဲ့ ကိုင်တွယ်ပုံ လုပ်ပုံ ညံ့ဖျင်းပုံတွေက လုံးဝအဆင် မပြေဘူး။ ဒါမျိုးက မဖြစ်သင့်ဘူး။ အချိန်မှီထုတ်ပြန်ချက်၊ အစီရင်ခံစာမထုတ်နိုင်တာ၊ အရေးမယူနိုင်တာက လုံးဝကို စိတ်ပျက်စေတဲ့အနေအထားမှာ ပါတယ်” ဟု ပြောသည်။

ဝှေ့ခါ မြေပြိုကျမှုဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရက စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေသော်လည်း စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်များကို တရားဝင် တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးဟု ဆိုသည်။

သို့သော်လည်း စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ရရှိလာသည့် အစီရင်ခံစာကိုတော့ နိုင်ငံတော်သမ္မတထံသို့ ပေးပို့ထားပြီး ဖြစ်သည်ဟု ကချင်ပြည်နယ်အစိုးရရဲ့ ဇူလိုင်လ ၁၇ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က ပြောဆိုခဲ့သည်။

ဖားကန့်ဒေသတွင် လုပ်ကွက်ရထားသည့် ကုမ္ပဏီများသည် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းစေရေး ခေါင်းမိုးကျင်းတူးခြင်းကို လှေကားထစ် ပုံစံဖြင့် ဆောင်ရွက်ရန်၊ ကျောက်စိမ်းတူဖော်မှုများက ထွက်လာမည့် မြေစာများ ကို သတ်မှတ်ထားသည့် စုပေါင်း မြေစာပုံများတွင် စွန့်ပစ်ရန် စသည့် အချက်များ အပါအဝင် ကျောက်မျက် တူးဖော်ခြင်းများနှင့် ဆိုင်သည့် အခြား လိုက်နာရမည့် ဥပဒေများကို လိုက်နာခြင်းမရှိသလို အစိုးရကလည်း အရေးယူခြင်းလည်း မရှိကြောင်း ဒေသခံများက ပြောသည်။

ဖားကန့်မြို့ ဒေသရှိ ကချင်အမျိုးသားလူမှုဘဝ ဖွံ့ ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်လ ထော်ကိုင်ရိန် က “ခနခန မြေစာပုံတွေ ပြိုတယ် ပျက်တယ်ဆိုတာကတော့ နိုင်ငံတော်ကနေ ချမှတ်ထားတဲ့  ကျောက်မျက် ဥပဒေပေါ့ တူးဖော်ပြီးရင် ပြန်လည်ကုစားမှုလုပ်ရမယ်ဆိုတဲ့ အချက်အလက်တွေပါတယ်။ ဒါပေမယ့် ဒီနေ့မှာကတော့ ဖားကန့်ဒေသမှာ လာရောက်လုပ်ကိုင်တဲ့ ကုမ္ပဏီတိုင်းဟာ အဲ့ဒီအချက်အလက်ကို လိုက်နာဆောင်ရွက်တဲ့ ကုမ္ပဏီတစ်ခုမှမရှိသေးပါဘူးလို့။ ဒီကျောက်မျက်ဥပဒေမှာကတော့ လူနေတဲ့ရွာနဲ့ နီးကပ်အောင် ကျောက်မျက် တူးဖော်ခွင့်မရှိဘူး။ ပြီးရင် ဒီသဘာဝတောတောင်မှာတွေ တူးဖော်တယ်ဆိုရင် ဒီနေ့ သစ်ပင်ဆယ်ပင် ဒီနေရာမှာ ပေါက်တယ်ဆိုရင် တူးစားဖို့အခွင့် လေးနှစ်တန်သည် ငါးနှစ်တန်သည် အခွင့်ရရင် အဲ့ဒီအတိုင်းပဲ  ပြန်စိုက်ပြီးမှ ပြန်အပ်ရပါတယ်။ တကယ်လို့ လူနေတဲ့ဒေသရဲ့ အနီးစပ်မှာ လုပ်တယ်ဆိုရင် အဲ့ဒီဒေသရဲ့ ဖွံ့ဖြိုးမှုမှာ ပါဝင်ဆောင်ရွက်ပေးမယ် ကူညီဆောင်ရွက်ပေးမယ်ဆိုတဲ့ အချက်အလက်လည်းရှိတယ်” ဟု ပြောသည်။

ဖားကန့်ဒေသက ကျောက်စိမ်းတူးဖေါ်ရေးလုပ်ငန်းကုမ္ပဏီပေါင်း ထောင်ဂဏာန်းကျော်က လက်ရှိ၎င်းတို့တူးဖေါ်နေသည့် လုပ်ငန်းခွင်များထဲတွင် ကြီးမားသည့် စက်ယန္တရားကြီးများအသုံးပြုပြီး အားပြင်းသည့် မိုင်းများကို အရှိန်အဟုန်ဖြင့် အသုံးပြုလုပ်ဆောင်နေခြင်းများကြောင့် သဘာဝဘေးအန္တရာယ်များအပြင် ဒေသခံပြည်သူများ နှစ်စဉ် ရာနှင့်ချီ အသက်ဆုံးရှုံးနေကြရခြင်း ဖြစ်သည်ဟု ဒေါ်လထော်ကိုင်ရိန်က ဆက်ပြောသည်။

“ပြီးရင် ဒိုင်းနမိုက်ပေါ့နော် မိုင်း၊ ယမ်း ဖောက်ခွဲမှုကလည်း လုပ်ကွက်အကြီးဆိုရင် ဘယ်လောက်၊ လုပ်ကွက်အသေးဆိုရင် ဘယ်လောက် အတိုင်းအစလေးပဲ သုံးစွဲရပါ့မယ်ဆိုတဲ့ ဝန်ခံချက်တွေ ရှိတယ်။ ဒါပေမယ့် ဒီနေ့ ဖားကန့်မှာ မြေခနခနပြိုတာက အင်မတန်ပြင်းတဲ့ မိုင်းဖောက်ခွဲမှုတွေကြောင့်ဖြစ်တယ်။ ပြီးရင် နိုင်ငံတော်ရဲ့  ကျောက်မျက်ဥပဒေက ပေ ၅၀ ပဲ မြင့်ရမယ်။ ဘေးပတ်ဝန်းကျင်အန္တရာယ်ကင်းအောင် ဘယ်လောက်ပဲ တူးရမယ်ဆိုတဲ့ အတိုင်းအတာတွေရှိ တယ်။ နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေတွေကို ဘယ်ကုမ္ပဏီကမှ လိုက်နာတယ်ဆိုတာ မတွေ့ရသေးပါဘူးလို့။”

ကချင်ငြိမ်းချမ်းရေးကွန်ရက် က ဒေါ်ခေါန်ဂျာ က “ဒေါ်အောင်ဆန်းစုကြည် NLD ရောက်လာတဲ့အချိန်မှာတော့ ဒီလုပ်ငန်းလိုင်စင်တွေကို မချထားပေးပါဘူး။ ရှိနေတဲ့လုပ်ငန်းတွေဟာ သက်တမ်းမကုန်သေးတဲ့ လုပ်ငန်းတွေပဲ  ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ လိုင်စင်ကို ဘယ်သူနဲ့ချုပ်ဆိုပြီးတော့ ဘယ်သူတွေပဲ သိခွင့်ရှိသလဲဆိုတဲ့ အရာတွေအပေါ်မှာ အများကြီးမူတည်ပါတယ်ရှင့်။ အဲ့တော့ ဒေသခံတွေအတွက်ကိုက မပါသလောက် ဖြစ်နေ ပါတယ်။ အစကတည်းကနေပြီးမှ ဒီမှာလိုင်စင်အများဆုံးရတာဟာ ပွင့်လင်းမြင်သာစွာ ချပြတာ မဟုတ်တဲ့ အတွက် မြန်မာ့ဦးပိုင်နဲ့ သူ့နဲ့ မိတ်ဖက် အဖွဲ့အစည်းတွေအပေါ်မှာပဲ အများဆုံးရောက် ရှိသွားတာဖြစ်တယ်” ဟု ပြောသည်။

ကျောက်စိမ်း တူးဖော်ရေး လုပ်ကွက်များနှင့် ပတ်သက်၍လည်း အစိုးရနှင့် ကုမ္ပဏီများ အကြား လိုင်စင် ချပေး သည့် လုပ်ငန်းစဉ်များနှင့် ချုပ်ဆိုထားသည့် စာချုပ်များမှာ ပွင့်လင်းမြင်သာမှု မရှိခဲ့ခြင်းကလည်း ထိရောက်စွာ အရေးယူနိုင်ရေးအတွက် အခက်အခဲဖြစ်စေသည်ဟု ဒေါ်ခေါန်ဂျာ က ဆက်ပြောသည်။

“လိုင်စင်ကို ချပြတာ မရှိတဲ့အခါကြတော့ ဥပမာ ဖားကန့်က ဒေသခံ လွှတ်တော်အမတ်ဟာ ဘယ်လိုရှိလဲ ဘယ်လောက်အကျယ်အဝန်းနဲ့ ဘယ်လိုနည်းနဲ့ တူးဖော်မလဲဆိုတဲ့ဟာကို မသိတဲ့အခါမှာ သွားပြီး စောင့်ကြည့်မှု လုပ်ငန်းကို ဘယ်လိုမှ လုပ်ဆောင်လို့မရဘူးရှင့်။ စောင့်ကြည့်မယ်ဆိုရင် ငုတ်တုတ်ထိုင်နေတာပဲဖြစ်ပြီးမှ သူ့စည်းမျဉ်းစည်းကမ်း ကတိကဝတ်ကို လုပ်ဆောင်သလားဆိုတာ ဘယ်သူမှ မသိနိုင်တဲ့အတွက် အခက်အခဲ ရှိပါတယ်။”

ထို့အပြင် ယနေ့အချိန်ထိ ဝှေ့ခါဖြစ်စဉ်နှင့် ပတ်သက်၍ အရေးယူမှု၊ အစီရင်ခံစာ ထုတ်ပြန်နိုင်မှု မရှိခြင်းသည်  နောက်နောင်တွင်လည်း ယခုကဲ့သို့ ဖြစ်စဉ်များ ထပ်မံဖြစ်လာပါကလည်း အလေးထား ဆောင်ရွက်မှုများ မရှိနိုင်ကြောင်းကို သက်သေပြနေခြင်း   ဖြစ်သည်ဟု ဦးနောင်လတ်က ဆက်ပြောသည်။

“နောက်ဒီထက် ဖြစ်လာရင် အရေးယူမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုက ဘယ်လိုလုပ်ကြမလဲ၊ အခုချိန်ထိ အရေးယူ မှု တာဝန်ခံမှု မရှိဘူးဆိုရင် ဘယ်လိုလုပ်မလဲ၊ အဓိကက ဥပဒေလည်းမှားနေတယ်။ စနစ်လည်းမှားနေတယ်။ လူတွေကလည်း လူတစ်စုကို အထက်တန်းစားတစ်စုကို မျက်နှာလိုက်မှု ဘက်လိုက်မှုက ဖြစ်နေတဲ့အတွက် အခုလို အစီရင်ခံစာကို မြန်မြန်မထုတ်ပြန်နိုင်တာဖြစ်တယ်။ အဲ့ကိစ္စကို ကျနော်တို့ လုံးဝ စိတ်မကောင်း ဖြစ်ရ တယ်။”

ဇူလိုင်လ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဝှေ့ခါမြေပြိုကျမှုကြောင့် ရေမရေးကျောက်ရှာပြီး အသက်မွေးဝမ်းကျောင်းနေသူ ၁၈၂ ဦး သေဆုံးခဲ့ပြီး၊ ၅၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် စွန့်ပစ်မြေစာပုံများ ပြိုကျမှု၊ ကမ်းပါးပြိုကျမှု၊ ရေကြီးရေလျှံမှု၊ နွံကန် ပေါက် ကျမှု စသည့် ဘေးအန္တရာယ်များကြောင့် အစိုးရအာဏာပိုင်များအနေဖြင့် ဖြစ်ပွားနေသည့် အခြေအနေများကို အရေးတကြီး ကိုင်တွယ် ဖြေရှင်းပေးရန် Global Witness အပြင်၊ ဒေသအတွင်းက အရပ်ဘက်အဖွဲ့အစည်းများ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ဆောင်နေသူများနှင့် ဒေသခံများက တိုက်တွန်းတောင်းဆို ထားကြသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...