မွန်ပြည်နယ်တွင် မဲစာရင်းထဲမပါ၍ ပြန်လည်လျှောက်ထားသူ ၁၃၀၀၀ ကျော်ရှိသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ တာဝန်ခံအရာရှိ က ပြောသည်။
မဲစာရင်း စတင်ကြေညာသည့် ဇူလိုင်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့အထိ ၁၄ ရက်အတွင်း မဲစာရင်း လာကြည့်သူ ၁၈၇၀၀၀ ကျော်ရှိနေပြီး မဲစာရင်းထဲအမည်မပါ၍ ပုံစံ(၃) ဖြင့် ပြန်လျှောက်ထားသူ ၁၃၀၀၀ ကျော်ရှိသည် ဟု ပြောသည်။
ထို့အပြင် ပုံစံ (၄) ဖြင့် ကန့်ကွက်သူ ၂၅၀၀ ကျော်၊ ပုံစံ(၄-ဂ) ဖြင့် ပြင်ဆင်သူ ၄၃၀၀ ကျော် ရှိသည် ဟု လည်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ က ဆက်ပြောသည်။
မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက် က “နောက်ထပ်လာ ကြည့် မယ်ဆိုလို့ရှိရင်လည်း ပိုမိုပြည့်စုံတဲ့မဲစာရင်း ရရှိမှာဖြစ်ပါတယ် မပါတဲ့လူကိုလည်း ကျနော်တို့ စိစစ်ပြီး ထည့်ပေးတယ်၊ နောက် ပုံစံ(၄) နဲ့ ကန့်ကွက်တဲ့ကိစ္စမှာ မဲဆန္ဒရှင်ပြည်သူအပြင် ရပ်ကျေးကော်မရှင် မြို့နယ် ကော်မ ရှင်တွေ ဥပဒေအရ လုပ်ပိုင်ခွင့်ရှိပါတယ်။ တကယ်လို့ ထပ်နေတာတွေ့ရင် တခါတည်း ဖျက်၊ သေတာပါ နေရင်လည်း တခါတည်းဖျက်၊ ပြီးရင်အချက်အလက်မှားနေရင်လည်းတခါတည်းပြင် ဒါက ဥပဒေအရ ဆောင်ရွက် ခွင့်ရှိတယ်” ဟု ပြောသည်။
မဲစာရင်းကပ်ထားစဉ် မိမိအမည်မပါလျှင် ပုံစံ (၃) ဖြင့်လည်းကောင်း၊ အချက်အလက်များ မမှန်လျှင် ပုံစံ (၄-ဂ) ဖြင့်လည်းကောင်း၊ ကွယ်လွန်ပြီးသူများနှင့် မဲပေးပိုင်ခွင့်မရှိသူများ ပါဝင်နေလျှင် အထောက်အထားနှင့်အတူ ပုံစံ (၄) ဖြင့် ကန့်ကွက်ရမည်ဆိုပြီး ပုံစံ ၃ မျိုးဖြင့် ပြန်လျှောက်နိုင်သည်။
ပိုမိုပြည့်စုံမှန်ကန်သည့် မဲစာရင်းရရှိရန်နှင့် မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းပြင်ဆင်လျှောက်ထားမှုကို ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းကြေညာသည့် ရက်ကို သြဂုတ် ၁၄ ရက်နေ့အထိ ၇ ရက် ထပ်မံ တိုးထားပေးသည်။
ရက်ထပ်တိုးထားသည့် ၇ ရက်တာ ကာလအတွင်း မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းများအား လာရောက်ကြည့် ကြရန် ကော်မရှင်က လိုက်လံနှိုးဆော်နေသကဲ့သို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လည်း ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် လိုက်လံနှိုးဆော်နေသည် ဟု ပြည်နယ်ရွေးကောက် ပွဲကော်မရှင်က ပြောသည်။
“မဲစာရင်းလာကြည့်ဖို့ ကော်မရှင်ဘက်ကလည်းလုပ်တယ် မဲဆန္ဒရှင်ပြည်သူကလည်း လာကြည့်မယ် ပြင်ဆင် ဖြည့်စွတ် တောင်းဆိုတာတွေလုပ်မယ်ဆိုရင် ကျနော်တို့ နောက်ဆက်တွဲ မဲစာရင်းသည် ပိုမိုပြည့် စုံမှန်ကန်တဲ့ မဲစာရင်း ဖြစ်လာမှာ။ ဒါကြောင့် ၇ ရက် ကာလ ကြေညာတဲ့အချိန်မှာ မဲစာရင်းလာရောက်ကြည့်ရှုပေးဖို့ ကြည့်ရှု ပြီးရင် နိုင်ငံသားကို ဥပဒေအရ အခွင့်အရေးပေးထားတဲ့အတိုင်း တောင်းဆိုမလား ပြင်ဆင်မလား ကန့်ကွက်မလား ဒါတွေကို ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု ဦးဟိဏ်းလင်းထက်က ပြောသည်။
မြေပြင်အခြေအနေတွင် မဲစာရင်းကို လူစိတ်ဝင်စားမှု နည်းပါးနေသလို မဲစာရင်းလာကြည့်ခြင်းများလည်း နည်းနေသေးသည်ဟု မဲစာရင်းကြည့်ရန် ကိမ်ပိန်း လုပ်ဆောင် နေသူများနှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိ သူများ က ပြောသည်။
“မဲစာရင်းလာကြည့်တဲ့လူက နည်းတယ်၊ တချို့မဲရုံတွေဆို လာကြည့်တာဆယ်ဂဏန်းလောက်ပဲရှိသေးတယ်။ အထူးသဖြင့် အလှမ်းဝေးတဲ့နေရာတွေ နောက် မြို့ပေါ်မှာဆိုရင် လက်လုပ်လက်စားတွေများတဲ့ရပ်ကွက်မှာဆို ကြည့်တဲ့လူတောင်မရှိဘူး” ဟု မဲစာရင်းကြည့်ရန် ကမ်ပိန်းလုပ်ဆောင်နေသူ မခိုင်ခိုင်ချိုမြင့်က ပြောပါတယ်။
လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၆ သောင်းကျော်ရှိသည်။







