မွန်ပြည်သစ်ဒေသ ငှက်ဖျား ဖြစ်ပွားမှု တိုးများလာနေ

မွန်ပြည်သစ်ဒေသ ငှက်ဖျား ဖြစ်ပွားမှု တိုးများလာနေ

COVID- 19 ကာလအတွင်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ နယ်မြေများတွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုမှာ ယခင်နှစ်များထက်ပိုမို များလာနေသည်ဟု မွန်ပြည်သစ်ပါတီ NMSP က ပြောသည်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ ဒေသများတွင် ငှက်ဖျားရောဂါသည် ယခင်နှစ်များက လျော့ကျသွားခဲ့သော်လည်း ယခုနှစ်အတွင်း  တစ်ဖန်ပြန်လည်ဖြစ်ပွား လာသည်ဟု မွန်ပြည်သစ်ပါတီ NMSP က ပြည်တွင်းရေးရာ တာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ကော်မတီ နိုင်ဗညားလယ် က ပြောသည်။

“ခါတိုင်းတော်တော်ကြာတော့ ပါးလာတယ်။ ဒါပေမယ့် ဒီနှစ်ကျတော့ ငှက်ဖျားကျတော့ ပြန်ပြီးတော့ တစ်ဖန် နလန်ထလာတယ် အခု။”

မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်ရှိ ၎င်းတို့ထိန်းချုပ်ရာ ဒေသများတွင် ပြန်လည်ဖြစ်ပွားနေ သည်ဟု ဆက်ပြောသည်။

“အဓိက ရေချောင်းဖျားတို့ ရေဖြူမြို့နယ်တို့ ဒီဘုရားသုံးဆူတို့ ဖက်ခြမ်းမှာပေါ့ အဓိက နယ်စပ်နဲ့ နီးတဲ့ နေ ရာပေါ့။”

လက်ရှိတွင် မွန်ပြည်သစ်ပါတီ NMSP က ကျန်းမာရေး လုပ်သားများက ရောဂါဖြစ်ပွားနေသည့် ဒေသ အ လိုက်၊ မြို့နယ်အလိုက် ကုသမှုများကို လုပ်ဆောင်နေသည်ဟု ဆိုသည်။

COVID- 19 ကပ်ရောဂါကို ကာကွယ်တားဆီးနေစဉ်အတွင်း ငှက်ဖျားရောဂါလည်း ထပ်မံဖြစ်ပွားလာသည့်အတွက်  ရောဂါကုသကာကွယ်တားဆီးမှု လုပ်ဆောင်သည့်နေရာတွင် အခက်အခဲနှင့် စိန်ခေါ်မှုများစွာရှိနေသည်ဟု မွန်ပြည်သစ်ပါတီ NMSP က ပြောသည်။

ထို့ကြောင့် ၎င်းတို့၏ ရောဂါကာကွယ်တားဆီးနေသည့် အခြေအနေကို ပြည်သူများက နားလည် ပေးကြရန် NMSP က မေတ္တာရပ်ခံတောင်းဆိုသည်။

“အဓိကကတော့ ဒီ COVID- 19 ကျတော့ WHO က ကြေညာပြောဆိုထားသလိုပေါ့နော်။ သူက လူတွေနဲ့အတူ တော်တော်ကြာကြာ နေအုံးမယ်ဆိုတော့ ကျနော်တို့ ဒီ ကာကွယ်ကုသမှုအပိုင်းမှာ ပြည်သူလူထုတွေ နဲ့ WHO က ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ကျတော့ အစိုးရတို့ ကျနော်တို့ မွန်ပြည်သစ် ပါတီက ထုတ်ပြန် ထားတဲ့ညွှန်ကြားချက်တွေကို လိုက်နာဖို့တော့ လိုတယ်ပေါ့နော ဒါပေမယ့် ဒီ COVID- 19 ကာလမှာ သွား လာခွင့်ကျတော့ တစ်ချို့တွေ တကယ်လို့ အခက်အခဲဖြစ်နေမယ် နားလည်ပေး ဖို့အတွက်တော့ ပြောချင် တယ်။”

ထို့အပြင် ဒေသအတွင်း တုတ်ကွေးရောဂါဖြစ်ပွားများကလည်း ရှိနေသေးသည်ဟု ဆိုသည်။

အဆိုပါအနေအထားမျိုးတွင် COVID- 19 ရောဂါကာကွယ်တားဆီးရေး ကာလရှည်ကြာလာမည် ဆိုပါက အဖက်ဖက်မှ ပိုမို ခက်ခဲလာနိုင်သည်ဟု နိုင်ဗညားလယ်က ပြောသည်။

“အဓိကကြုံတွေ့နိုင်တာကတော့ ကျနော်တို့ ခုနပြောသလိုပေါ့နော် ကျနော်တို့ ဒီနယ်စပ် ဒေသမှာ ငှက်ဖျား  ရောဂါလည်း မပျောက်သေးဘူး။ ဒီတုတ်ကွေးလည်း ရှိနေတယ်ဆိုတော့ တကယ်လို့ COVID ပါ ထပ်ပြီး  တော့ ကူးစက်လာမယ်ဆိုတော့ ကျနော်တို့ ပြည်သူလူထုတွေအတွက်တော့ အများကြီး စားဝတ်နေရေး ပညာရေးတို့ စီးပွားရေးတို့ အများကြီးတော့ ထိခိုက်လာမှာဖြစ်တယ်” ဟု ဆက်ပြောသည်။

တစ်ဖက်တွင်လည်း COVID- 19 ရောဂါဖြစ်ပွားနေသည့် ကာလတွင် မွန်ပြည်သစ်ပါတီ NMSP ထိန်းချုပ်ရာဒေသရှိ ပြည်သူများမှာ ငှက်ဖျားရောဂါကို ခံစားနေရသည့်အပြင် စားဝတ်နေရေး အခက်အခဲ စိန်ခေါ်မှုများလည်း ရှိနေသည်ဟု ဆိုသည်။

အထူးသဖြင့် ကြာအင်ဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်အတွင်းရှိ မွန်ပြည်သစ်ပါတီ NMSP ထိန်းချုပ်ရာ ဒေသများတွင် စားဝတ်နေရေး အခက်အခဲများနှင့် ပိုမိုကြုံတွေ့နေရသည်ဟု NMSP က ပြောသည်။

မွန်ပြည်သစ်ပါတီ NMSP သည် အခြားတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၁၀ ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုင်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်သည်။

ဓါတ်ပုံ - (ပုံဟောင်း - Crd)
August 25, 2026
ဧရာဝတီတိုင်း၊ ရခိုင်ရိုးမနှင့် တဆက်တည်းရှိသည့် ရေကြည်မြို့နယ်၊ တောင်ခြေသစ်တောကြိုးဝိုင်း အစပ်...
ဓါတ်ပုံ - KRCEE (ပုံဟောင်း)
August 25, 2026
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေသည့် ကျောင်းနေအရွယ် ကလေးများကို ကန့်သတ်...
ဓာတ်ပုံ - Crd
August 24, 2026
လူ့အခွင့်အရေး လှုပ်ရှားသူများ၊ နိုင်ငံရေးသမားများ၊ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
August 24, 2026
ရခိုင်ရိုးမဘက်သို့ ထိုးစစ်ဆင်ရန်အတွက် စစ်တပ်က မကွေးတိုင်း၊ မင်းတုန်းမြို့နယ်နှင့် ပဲခူးတိုင်း၊...