၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၆၂ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ MUP အတည်ပြု

၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၆၂ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ MUP အတည်ပြု

လာမည့် နိုဝင်ဘာ ၈ ရက်နေ့ ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၆၂ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ MUP ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဇူလိုင် ၂၆ ရက်နေ့ကျင်းပသောအစည်းအဝေးအပြီးတွင် မွန်သတင်းအေဂျင်စီက အတည်ပြုချက်ရရှိခဲ့သည်။

မွန်ညီညွတ်ရေးပါတီ၏ လက်ရှိအမျိုးသားလွှတ်တော်ကိုယ်စားလှယ် နိုင်သီဟနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးတို့ ယခင်မဲဆန္ဒနယ်မြေတို့တွင် ပြန်လည်အရွေးခံကြမည်ဖြစ်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းနှင့် ဒေါက်တာမင်းကြည်ဝင်းတို့မှာ ပြန်လည်ပါဝင်ခြင်း မရှိတော့ပေ။

မွန်ညီညတ်ရေးပါတီအနေဖြင့် မွန်ပြည်နယ် သထုံနှင့် ဘီးလင်း ၂ မြို့နယ်မှလွဲ၍ ကျန် ၈ မြို့နယ်၌ အမျိုးသားလွှတ်တော် ၁၀ နေရာ၊ ပြည်သူ့လွှတ်တော် ၈ နေရာနှင့် ဗမာတိုင်းရင်းသားရေးရာအပါအဝင် ပြည်နယ်လွှတ်တော် ၁၇ နေရာတို့တွင် စုစုပေါင်းကိုယ်စားလှယ်လောင်း ၃၅ ဦးတို့ဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်။

ကရင်ပြည်နယ် ကော့ကရိတ်၊ ဘားအံနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် အမျိုးသားလွှတ်တော် ၄ နေရာ၊ ပြည်သူ့လွှတ်တော် ၂ နေရာနှင့် မွန်တိုင်းရင်းသားရေးရာအပါအဝင် ပြည်နယ်လွှတ်တော် ၆ နေရာအတွက် စုစုပေါင်းကိုယ်စားလှယ်လောင်း ၁၂ ဦးယှဉ်ပြိုင်သွားမည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်နှင့် ရေဖြူမြို့နယ်တို့တွင် အမျိုးသားလွှတ်တော် ၂ နေရာ၊ ပြည်သူ့လွှတ်တော် ၁ နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် ၃ နေရာအတွက် စုစုပေါင်းကိုယ်စားလှယ်လောင်း ၈ ဦး ပါဝင်သည်။

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံ၊ စမ်းချောင်း၊ တောင်ဥက္ကလာ၊ ရွှေပြည်သာနှင့် ထန်းတစ်ပင်မြို့နယ်တို့တွင် အမျိုးသားလွှတ်တော် ၁ နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် ၆ နေရာတို့တွင် စုစုပေါင်းကိုယ်စားလှယ်လောင်း ၇ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

မွန်ညီညွတ်ရေးပါတီအဖြစ် ၂ ပါတီပူးပေါင်းနိုင်ခြင်းမရှိသေးသည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မွန်အမျိုးသားပါတီ MNP အနေဖြင့် ကိုယ်စားလှယ်လောင်း ၅၃ ဦးဖြင့်လည်းကောင်း၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP အနေဖြင့် ကိုယ်စားလှယ်လောင်း ၃၅ ဦးဖြင့်လည်းကောင်း လွှတ်တော် အသီးသီးမှာ ဝင်ရောက် အရွေးချယ်ခံခဲ့ ကြသည်။

Photo- မွန်ညီညွတ်ရေးပါတီ ဗဟိုမှအတည်ပြုထားသော ၂၀၂၀ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းစာရင်း (Copy)

Most read this week

January 15, 2026
မွန်ပြည်နယ်၊ ပေါင်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ကျင်းပမည့် (၇၉) ကြိမ်မြောက်...
Photo: Bobo Win Emr
January 14, 2026
နေပြည်တော်တွင် စစ်အုပ်စုရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု...
January 13, 2026
စစ်ကော်မရှင်၏ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူကို အမှန်တကယ် ကိုယ်စားပြုမည်မဟုတ်သည့်အတွက်...
January 12, 2026
ဇန်နဝါရီ ၁၁ ရက်နေ့ ယမန်နေ့က မြို့နယ် (၅) မြို့နယ်တွင် ကျင်းပခဲ့သည့် အပိုင်း (၂) ရွေးကောက်ပွဲတွင်...