ကျောက်တော်မြို့နယ်တွင် ရွာသားတစ်ဦး ကျည်ဆံထိမှန်ဒဏ်ရာရ

ကျောက်တော်မြို့နယ်တွင် ရွာသားတစ်ဦး ကျည်ဆံထိမှန်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ လောင်းရှည်ကျေးရွာတွင် ရွာသားတစ်ဦး သေနတ်ကျည်ဆံထိမှန်ပြီး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူမှာလောင်းရှည်ကျေးရွာမှ ကိုစိန်ဝင်း အသက် (၂၉) နှစ် ဖြစ်ကြောင်း သိရသည်။

၎င်းသည် ဇူလိုင် ၂၃ ရက်နေ့ ညနေ ၆ နာရီခန့်က နွားများကို ရှာဖွေရန် ရွာ၏ အရှေ့ဘက်သို့ သွားရောက်စဉ် သေနတ်ပစ်ခတ်ခဲ့ရခြင်း ဖြစ်ပြီး သေနတ်လေးချက်ပစ်ခတ်ခံရကာ တစ်ချက်မှာ သူ၏ ဘယ်ဖက်ပေါင်တွင် ထိမှန်ခဲ့သည်ဟု ဆိုသည်။

လောင်းရှည် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြကျော်က သေနတ်ပစ်ခတ်ခံရခြင်းကို အတည်ပြုသည်။

“ ကျွန်တော်က လက်ရှိ ကျောက်တော်မြို့ပေါ်ကို ရောက်နေပါတယ်။ မနေ့က ညနေမှာ နွားတွေကို လိုက်ရှာစဉ်မှာ ပစ်ခတ်ခံရတယ်လို့ ပြောတယ်။ ညနေဆိုတော့ နွားတွေအိပ်ဖို့ လိုက်ရှာတာပါ။ အဲဒီမှာ ပစ်ခတ်ခံရတယ်လို့ သိရပါတယ်။ အခု ကျောက်တော်ဆေးရုံကို ယူလာတယ်လို့ သိရပါတယ်။ ဆေးရုံရောက်မှ အကြောင်းစုံကို သိရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အမည်မဖော်လိုသူ ကျေးရွာသားတစ်ဦးက ၎င်းပစ်ခတ်မှုကို ရွာအနီးရှိငန်းတောင်ထက်က ပစ်ခတ်ခြင်းဟု ပြောဆိုသည်။

“ သေနတ်သံလေးချက်လောက်ကြားလိုက်ရတယ်။ ငန်းတောင်ထက်က လှမ်းပြီးပစ်တာပါ။ တောင်ပေါ်မှာက တပ်က တပ်စွဲထားပါတယ်။ အရင်လည်း ခုလိုမျိုးပစ်တာတွေရှိပါတယ်။ သေနတ်တစ်ချက်က လာထိတယ်။ ဘယ်ဘက်ပေါင်ကို ဖောက်သွားတယ်။ ညာဘက်ပေါင်မှာတော့ နည်းနည်းရှပ်ထိသွားတယ်” ဟု၎င်းက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်သို့ ဆက်သွယ် မေးမြန်းရာ ၎င်းသတင်းကို သူအတိအကျမသိရသေး၍ အတည်ပြုရန်ခက်ခဲနေသည်ဟု ပြောကြားသည်။

လောင်းရှည်ကျေးရွာတွင် ၂၀၂၀ မတ်လ ၁၀ ရက်နေ့ကလည်း ရွာထဲလက်နက်ကြီးကျည်ကျ၍ ဒေါ်သန်းစိန်း (၄၀) နှစ်သေဆုံးခဲ့သလို မတ်လ ၂၁ ရက်နေ့ကလည်း စိတ်မနှံ့သူတစ်ဦးဖြစ်သူ ဦးကုလားချေ (၆၁) နှစ်ကျည်ဆံထိမှန် သေဆုံးခဲ့သည်။ ယခုနှစ် မေလ ၁၅ ရက်နေ့က ရွာပြင်သို့ နွားရှာရန် သွားစဉ် လယ်ကွင်းပြင်တွင် လက်နက်ကြီး ကျည်ကျ၍ ဦးမောင်စံအေး (၅၆) နှစ် ဒဏ်ရာရရှိသွားခဲ့သည်။

ယခုကိစ္စနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့နှင့် ရခိုင်ပြည်နယ် နယ်လုံဝန်ကြီးသို့ ဆက်သွယ်ရာတွင် ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါ။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...