တရားမဝင်ငါးဖမ်းပိုက်ဖြင့် ငါးဖမ်းဆီးသူများအား အရေးမယူသည့်အပေါ် ငါးသယံဇာတရှားပါးလာမည်ကို စိုးရိမ်မှုရှိ

တရားမဝင်ငါးဖမ်းပိုက်ဖြင့် ငါးဖမ်းဆီးသူများအား အရေးမယူသည့်အပေါ် ငါးသယံဇာတရှားပါးလာမည်ကို စိုးရိမ်မှုရှိ
ပိုင်ရှင်မဲ့ ဖမ်းဆီးရမိသော ငါးများ(MNA)
ပိုင်ရှင်မဲ့ ဖမ်းဆီးရမိသော ငါးများ(MNA)

ရန်လင်းအောင် — တရားမဝင် ငါးဖမ်းပိုက်များဖြင့် ငါးဖမ်းဆီးနေသူများကို အစိုးရအနေဖြင့် အရေးယူဆောင်ရွက်မှုများ မလုပ်ဘဲ ပြန်လည်လွှတ်ပေးနေသည့် အတွက် ငါးသယံဇာတများ ရှားပါးလာမည်ကို စိုးရိမ်မိကြောင်း ကျိုက်ထိုမြို့နယ် ရေလုပ်သားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရွှေမောင်က ပြောကြားသည်။

 “သယံဇာတက ထိန်းဖို့က မလွယ်တော့ဘူးပေါ့နော် ကျွန်တော်တို့ ဖမ်းဆီးရေး အဖွဲ့က သွားမယ် ဆိုလို့ရှိရင်လည်း ဒီကောင်တွေက ငပေါတွေပါကွာ ဘာမှ မဟုတ်ပါဘူးဆိုပြီး ကျွန်တော်တို့ အတွက်လည်းအန္တရာယ် ကြီးမားတယ်ပေါ့ ကျွန်တော်တို့လည်း သယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းလုပ်တာ ခက်ခဲသွားသလို နောက်ပိုင်းမှာ သယံဇာတ တွေ ရှားပါးနိုင်ဖွယ် ရှိတယ်ပေါ့နော် ” ဟု ၎င်းက ဆိုသည်။

ဇွန်လကုန်ပိုင်းက ထိုတရားမဝင် ငါးဖမ်းပိုက်ဖြင့် ငါးဖမ်းစီးနေမှုများကို ဖမ်းစီးခဲ့ပြီး ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနသို့ လွဲပြောင်းမှု ပြုလုပ်ထားခဲ့သည်ဟု ဦးရွှေမောင်က ဆိုသည်။

ယင်းအပြင် ၂၀၁၈ ခုနှစ်မှာ စတင်ပြီး တရားမဝင် ငါးဖမ်းပိုက် ဖမ်းစီးအရေးယူမှုများ ပြုလုပ်ခဲ့ရာမှာ ၂၀၁၉ ခုနှစ်တွင် ငါးများ ပြန်လည်ပေါများလာပြီး လက်ရှိမှာ မျိုးတုန်းတော့မည့် ငါးများပါ ပြန်လည်တွေ့လာရသည်ဟု ရေလုပ်သားများက ပြောဆိုသည်။

ထို့သို့ ဖမ်းဆီးရမိသည့် ပစ္စည်းမျာကို ပိုင်ရှင်မဲ့ ပြုလုပ်လိုက်တာဟာ တရားမဝင် ငါးဖမ်းဖို့ လိုင်စင်ပေးလိုက်သလို ဖြစ်နေသည်ဟု မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်ရီက ပြောသည်။

“သူ့ကို တရာမဝင်ငါးဖမ်းဖို့ လိုင်စင်ပေးသလိုဖြစ်သွားတယ် ကြိုက်တဲ့သူ လာဖမ်းလေ ပြန်လွှတ်မှာပဲ ဆိုပြီးတော့ ကျွန်တော်တို့ကတော့ ရေလုပ်သားတစ်ယောက်ကို နောက်နောင် ဒီလိုမျိုး ဥပဒေ မဲ့ မလုပ်နိုင်အောင်ကိုတော့ တစ်နည်းနည်းနဲ့ လုပ်စေချင်တယ် အစဉ်အလာအားဖြင့် အဲလိုပဲ လုပ်ခဲ့ကြတာကို ကျွန်တော်တို့ သွားဖမ်းလာတယ် တာဝန်ရှိတဲ့သူတွေက အဲလိုဆုံးဖြတ်ချက် ချပြီး လုပ်ခဲ့ကြတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိ မှာ ငါးရစ်ငါးသန် ကာလ ငါးဖမ်းပိတ်သိမ်းချိန်မှာ ဖမ်းစီးရမိထားသည့် (၁)လက်မ ငါးဖမ်းပိုက် (၅၃) ဖုံ ဘောသီး (၁) လုံး ငါးဂါလံပုံး (၅) လုံးနှင့် ငါးပိသာချိန် (၅၄၃) ပိသာတို့ကို ဖမ်းစီးရမိထားပြီး ဖမ်းစီးရမိသည့် ငါးကို လေလံတင် ရောင်းချပေးခဲ့သည်ဟု မွန်ပြည်နယ် ငါးလုပ်ငန်း ဒုတိယပြည်နယ်ဦးစီးမှူး ဦးစိုးမင်းက ပြောသည်။

 “နောက်ပြည်သူဘဏ္ဍာအဖြစ် ငါးပိဿာချိန်(၅၄၃)ပိဿာကို ဖမ်းဆီးပြီး လေလံတင် ရောင်းချပေးခဲ့တယ်၊ လက်ရှိလူတွေတော့ အရေးယူဆောင်ရွက်ထားတာမရှိပါဘူး၊ မိတဲ့အခါပိုင်ရှင်မဲ့ပေါ့နော်၊ ထောင်ထားတာပဲရှိတယ်၊ထောင်ထားတဲ့ပိုက်ကို ချွတ်ရတာပဲရှိတယ် လူကိုတော့မမိပါဘူး” ဟု ဦးစိုးမင်းက ပြောသည်။

ယခင်က တရားမဝင် ငါးဖမ်းပိုက် သံဇကာပိုက်ဖြင့် ငါးဖမ်းစီမှုများကြောင့် ငါးသယံဇာတများ ရှားပါးခဲ့ရပြီး ရေလုပ်သားများက နိုင်ငံခြားထွက် အလုပ်လုပ်ခဲ့ရသည်ဟု ရေလုပ်သားဖြစ်သူ ဦးရဲအောင်က ဆိုသည်။

“ကျွန်တော်တို့ရဲ့ အသက်က သယံဇာတ ငါးတွေပဲဖြစ်တယ် ငါးတွေမရှိရင် ကျွန်တော်တို့ လုပ်စားဖို့ ဘယ်လိုမှ အဆင်မပြေဘူး  ကျွန်တော်တို့က သုံးလက်မ အကွက်တွေလေ ငါးတစ်ကောင်ကို ၁၅ ကျပ်သား ၁၀ ကျပ်သားက အသေးဆုံး သူတို့က သွားကြားထိုး တုတ်တံ ငါးတွေတောင် မိတယ်ဆိုတော့ ကျွန်တော်တို့ ဘဝပျက်ပြီပေါ့” ဟု ဆိုသည်။

လက်ရှိမှာ ငါးမျိုးပြုန်းတီးမှု ထိန်းသိမ်းကာကွယ်ရန်အတွက် ငါးရစ်ငါးသန် မျိုးပွားချိန်တွင် ရေချိုမှာ မေလမှ ဇူလိုင်လ အထိ ငါးဖမ်းတားမြစ်ထားပြီး ရေငန်တွင် မေလမှ ဩဂုတ်လ အထိ ငါးဖမ်းခွင့် ပိတ်သိမ်းထားတာလည်း ဖြစ်သည်။

မွန်ပြည်နယ် ငါးလုပ်ငန်းဥပဒေ အရတွင်လည်း ခွင့်ပြုချက်မဲ့ ငါးဖမ်းစီးခြင်း ဖြစ်သည့် ပုဒ်မ (၄၁)၊(၄၂)၊(၄၃)၊(၄၄) တို့ကို ချိုးဖောက်ပါက ထောင်ဒဏ် (၆)လ နှင့် ငွေဒဏ် ငါးသောင်း ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံနိုင်တာလည်း ဖြစ်သည်။

May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...
May 19, 2026
မွန်ပြည်နယ်တွင် ကွမ်းသီးအနု ဈေးကောင်းရရှိနေခြင်းကြောင့် အသီးခူဆွတ်ရောင်းချမှုများ၍ ရေရှည်တွင်...
May 18, 2026
မွန်ပြည်နယ်အတွင်း၊ မြို့နယ်အလိုက် ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ...