နှင်းနွယ် — ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အထက်ပိုင်းရှိ ကျေးရွာများသို့ တပ်မတော်က ပစ္စည်းများသယ်ယူခွင့် တားမြစ်ထားသဖြင့် ယင်းဒေသများတွင် တာဝန်ကျနေကြသော အစိုးရဝန်ထမ်းများအခက်အခဲ ဖြစ်နေကြောင်း ဆိုကြသည်။
ယင်းသို့ တားမြစ်ထားခြင်းကြောင့် ကုန်ပစ္စည်းများမယူရဘဲ နေရပ်သို့ပြန်သွားကြသူအချို့ရှိသော်လည်း အချို့မှာ စားဝတ်နေရေးအခက်အခဲရှိသဖြင့် တာဝန်ကျရာကျေးရွာများသို့မသွားဘဲ ပလက်ဝမြို့ပေါ်တွင် နေထိုင်နေရကြောင်း မီးစာကျေးရွာတွင်တာဝန်ကျနေသည့် အထက်တန်းပြဆရာ ဦးကျော်ခင်ကပြောသည်။
“ကျွန်တော်တို့ တာဝန်ကျနေတဲ့ရွာမှာက စားဝတ်နေရေး အကျပ်အတည်းဖြစ်တယ်။ ဒါကြောင့် လစာလေးကို လာထုတ်ရင်း စားနပ်ရိက္ခာတွေ သယ်ယူသွားမယ်ဆိုပြီးလာတာ။ အခုတပ်မတော်က ပစ္စည်းပါရင် မသွားရဘူး ဆိုတော့ ကျွန်တော်တို့ဘယ်လိုပြန်လို့ဖြစ်မလဲ။ ရွာမှာကလည်း စားနပ်ရိက္ခာတွေက ရှိတာမဟုတ်ဘူး။ အဲဒါ ကြောင့် ဒီ(ပလက်ဝ)မှာပဲ သောင်တင်နေတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါမြို့နယ်အထက်ပိုင်းရှိ ကျေးရွာပေါင်း (၆၀)ကျော်မှ အစိုးရဝန်ထမ်းများမှာ ဇွန်လအတွက် လစာ ထုတ်ယူရန်လည်းကောင်း၊ ဒေသခံများမှာလည်း ဈေးဝယ်ရန်လည်းကောင်း ပလက်ဝမြို့ပေါ်သို့ ရောက်လာ ကြပြီး မိမိတို့နေထိုင်ရာဒေသများသို့အပြန်၌ တပ်မတော်က လူကိုသာသွားခွင့်ပြုကာ စားသောက်ကုန်နှင့် ဆေးဝါးပစ္စည်းများ စသည်တို့ကို ယူဆောင်ခွင့်မပြုကြောင်း အစိုးရဝန်ထမ်းများနှင့် ဒေသခံများက ပြောဆိုသည်။
“ပစ္စည်းတွေပါတဲ့သူဆိုရင် ဘေးဖယ်နေ မသွားနဲ့ဆိုပြီး ပြန်လွှတ်လိုက်တယ်။ လူ သီးသန့်ကိုပဲ သွားခွင့်ပေးတယ်။ ပလက်ဝမြို့ ကုလားတန်မြစ်အထက်ပိုင်းက ရွာတွေကိုဆိုရင် ဘာပစ္စည်းမှမယူရဘူး။ ဆရာ၊ ဆရာမတွေတောင်မှ ဘာမှသယ်ယူသွားခွင့် မရှိဖြစ်နေတယ် ” ဟု ပလက်ဝဒေသခံ ဦးတင်ထွန်းအောင်က ရှင်းပြသည်။
တပ်မတော်စစ်ဆေးရေးဂိတ်သည် ပလက်ဝမြို့နယ်အထက်ပိုင်းရှိ ကျေးရွာများသို့သွားကြသည့် စက်လှေများကို ရုပ်ဝကျေးရွာအနီးမှနေ၍ ယင်းသို့တားမြစ်ထားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းသို့တပ်မတော်ကတားမြစ်ထားသည်ဆိုသည့်အပေါ် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီတို့အား DMG ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။
ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေး နေရသည့် စစ်ဘေးရှောင်ဦးရေ ၇၀၀၀ ကျော်ရှိပြီး အစားအသောက်နှင့် ဆေးဝါးလိုအပ်ချက်များရှိနေကြသည်။







