သဘာဝဘေးကြောင့် ပျက်စီးသွားသည့် တောင်ကုတ်မြို့နယ် ပညာရေးထောက်ပံ့ပစ္စည်းများကို ပြန်လည် ထောက်ပံ့ပေးတော့မည်မဟုတ်

သဘာဝဘေးကြောင့် ပျက်စီးသွားသည့် တောင်ကုတ်မြို့နယ် ပညာရေးထောက်ပံ့ပစ္စည်းများကို ပြန်လည် ထောက်ပံ့ပေးတော့မည်မဟုတ်

ခင်သရဖီဦး — ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ အထက်တန်းကျောင်းများနှင့် အထက်တန်းကျောင်းသားများအတွက် အစိုးရမှထောက်ပံ့သည့် ကျောင်းသုံးကွန်ပျူတာများနှင့် စက်ဘီးများမှာ သဘာဝဘေးအန္တာရာယ်ကြောင့် ပျက်စီးသွားခြင်းအား မှတ်တမ်းအဖြစ်သာထားရှိသွားမည်ဖြစ်ကာ ယခုနှစ်တွင် ပြန်လည်ထောက်ပံ့၍ မရတော့ကြောင်း မြန်မာနိုင်ငံ အခြေခံပညာဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ(၁၈)ရက်နေ့က စစ်တွေမြို့မှ တောင်ကုတ်မြို့သို့ ကွန်ပျူတာ (၃၉)စုံနှင့် စက်ဘီး (၆၀) စီး သယ်ဆောင်လာသည့် ပြည့်စုံအောင်ရေယာဉ်မှာ မြေပုံမြို့နယ် ဟန်တားပင်လယ်ဝတွင် လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် နစ်မြုပ်သွားခဲ့ကြောင်း တောင်ကုတ်မြို့နယ် ဒုတိယပညာရေမှူး ဦးလှထွန်းက ပြောသည်။

အဆိုပါပစ္စည်းများမှာ သတ်မှတ်ထားသည့် တင်ဒါစာရင်းများအရ ငွေလုံးငွေရင်းဖြင့် ဝယ်ယူထားခြင်း ဖြစ်သည့် အတွက် ယခုနှစ်တွင် ပြန်လည်ထောက်ပံ့ပေးနိုင်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံအခြေခံပညာဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက DMG သို့ ပြောသည်။

“အဲဒီပစ္စည်းတွေက ပြန်ထောက်ပံ့လို့ မရတော့ဘူးလေ။ ရှင်းရှင်းပြောမယ်ဆိုရင်တော့ စက်လှေမြုပ်သွားတဲ့အထဲ ပါသွားတာမဟုတ်လား။ အဲဒီမြုပ်တဲ့ကိစ္စကို သက်ဆိုင်ရာစက်လှေတို့ဘာတို့ ကုမ္ပဏီက အာမခံမရှိဘူးဆိုရင် ဆရာတို့ ရှင်းရှင်းပြောရရင် အလျော်လည်း ယူလို့မရဘူးဖြစ်နေတယ်”ဟု ဦးကိုလေးဝင်းက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးရုံးများသို့တင်ပြကာ ဆောင်ရွက်မှုများလုပ်ဆောင်နေပြီး နောက်နှစ်ပညာသင်နှစ်တွင်သာ ပြန်လည်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဦးကိုလေးဝင်းက ဆက်ပြော သည်။

ဆုံးရှုံးသွားသည့်ပစ္စည်းတန်ဖိုးမှာ ကျပ်သိန်း ၄၆၀ ကျော်အထိရှိနေပြီး ယင်းတန်းဖိုးကို ပြန်လည်ရရှိနိုင်ရန် အတွက် ဆက်လုပ်သွားမည့်ကိစ္စအား တောင်ကုတ်မြို့နယ်ဥပဒေရုံးမှ အကြုံပြုချက်တောင်းခံထားသည်ဟု တောင်ကုတ်မြို့နယ်ပညာရေးမှူး ဒေါ်ဦးကျော့ခင်က ဆိုသည်။

“ရေယာဉ်ပိုင်ရှင် ပြောတာကလည်း ရေယာဉ်ကနှစ်ခြမ်းကွဲသွားတာကြောင့် ကိုယ့်အသက်ကိုလုပြီး ပြေးလာရပြီး စက်လှေကိုလည်း ဖော်လို့မရတော့တာကြောင့် မလျော်နိုင်ဘူးလို့ အကြောင်းပြန်ပါတယ်။ အဲဒါကြောင့် ပစ္စည်း တန်းဖိုးကို ပြန်ရရှိဖို့အတွက် ဘယ်လိုလုပ်မလဲဆိုတာကို မြို့နယ်ဥပဒေရုံးက အကြုံပြုချက်တောင်းခံထားပါတယ်” ဟု ဒေါ်ဦးကျော့ခင်က ရှင်းပြသည်။

၂၀၁၇-၁၈ ပညာသင်နှစ်မှစ၍ မြန်မာနိုင်ငံအခြေခံပညာဦးစီးဌာနအနေဖြင့် တစ်နိုင်ငံလုံးရှိ အထက်တန်းကျောင်း များတွင် ကွန်ပျူတာများကို ထောက်ပံ့ပေးခြင်းဖြစ်ကာ ကျောင်းနှင့်ဝေးကွာလွန်းသည့် ကျောင်းသားများအတွက် ဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ စက်ဘီးများကို ထောက်ပံ့ပေးနေခြင်းဖြစ်သည်။

ယင်းသို့ စာသင်ကျောင်းများအတွက် သင်ထောက်ကူပစ္စည်းများ အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးသွားရခြင်းမှာ ဒေသခံကျောင်းသားများအတွက် ထိခိုက်နစ်နာမှုများရှိကြောင်း တောင်ကုတ်မြို့နယ်မှ ကိုခိုင်မျိုးလင်းထူးက မှတ်ချက်ပေးသည်။

“ကွန်ပျူတာတွေဆိုတာက နိုင်ငံတကာပညာရေးစနစ်မှာ အဓိကသုံးနေတဲ့ဟာပေါ့နော်။ ဒီဘက်မှာ စာအုပ်နဲ့ သွားနေတဲ့အခါ ပညာရေးစနစ်တိုးတက်ဖို့အတွက် နိုင်ငံတော်ကချပေးတာ။ အဲဒါမရဘူးဆိုတော့ ဒီဒေသက ပညာသင်နေတဲ့သူတွေအတွက် ထိခိုက်တာပေါ့ ” ဟု ကိုခိုင်မျိုးလင်းထူးက ဆိုသည်။

တောင်ကုတ်မြို့နယ်တွင် အခြေခံပညာကျောင်း (၂၃၃)ကျောင်းရှိပြီး ယင်းအထဲတွင် အထက်တန်းကျောင်း (၁၂)ကျောင်းနှင့် အထက်တန်းကျောင်းခွဲ (၁၂)ကျောင်းရှိကြောင်း ယင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...