MCL ဘိလပ်မြေစက်ရုံပိတ်သိမ်းကြောင်း တရားဝင်ထုတ်ပြန်၊ SCG ဘိလပ်မြေများ ဈေးကွက်အတွင်း ပြတ်လပ်မည်ဟုဆို

MCL ဘိလပ်မြေစက်ရုံပိတ်သိမ်းကြောင်း တရားဝင်ထုတ်ပြန်၊ SCG ဘိလပ်မြေများ ဈေးကွက်အတွင်း ပြတ်လပ်မည်ဟုဆို
စက်ရုံပိတ်သိမ်းကြောင်း SCG ကြေညာဓါတ်ပုံ(SCG)
စက်ရုံပိတ်သိမ်းကြောင်း SCG ကြေညာဓါတ်ပုံ(SCG)

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ Mawlamyine Cement Limited-MCL ဘိလပ်မြေစက်ရုံ ပိတ်သိမ်းလိုက်ပြီဖြစ်သည့်အတွက်  SCG အမှတ်တံဆိပ်ဘိလပ်မြေများ ဈေးကွက်အတွင်း ပြတ်လပ်မှုကြုံတွေ့နိုင်ကြောင်း SCG Brand facebook page ၌ ဇူလိုင်လ ၁၅ ရက် နံနက်တွင် တရားဝင်သတင်းထုတ်ပြန်ထားသည်။

 “SCG နှင့် MCL ၏ လေးစားတန်ဖိုးထားရသော မိတ်ဟောင်းမိတ်သစ်များခင်ဗျာ၊ ကျွန်တော်တို့၏ MCL ဘိလပ်မြေစက်ရုံတွင် ဘိလပ်မြေထုတ်လုပ်ရာမှာ အဓိကကျသည့်ကုန်ကြမ်းဖြစ်သော ထုံးကျောက်ကုန်ကြမ်း ပြတ်လပ်မှုကြောင့် ကုန်ထုတ်လုပ်ခြင်း လုပ်ငန်းများကို ဇူလိုင်လ ၁၅ ရက်နေ့တွင် ရပ်တန့်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါသောကြောင့် သြဂုတ်လကုန်ပိုင်းတွင် ကျနော်တို့ SCG အမှတ်တံဆိပ်ဘိလပ်မြေများ ဈေးကွက်အတွင်း ပြတ်လပ်မှုကြုံတွေ့နိုင်ပါကြောင်းကို လေးစားစွာဖြင့်အသိပေးအပ်ပါသည်” ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ယင်းကဲ့သို့ စက်ရုံပိတ်သိမ်းမှုအပေါ် ပြည်တွင်း ရွှေ့ပြောင်းအလုပ်သမား ၁၅၀၀ ကျော် အလုပ်လက်မဲ့ဖြစ်သွားမည်ကို စိုးရိမ်နေကြောင်း သိရသည်။

“စက်ရုံရပ်တန့်မယ်ဆိုရင် ကျွန်တော်တို့ရွှေပြောင်းအလုပ်သမားတော့ အတော်ကိုခက်ခဲမယ်၊ စိုးရိမ်တာကတော့ မိသားစု ပြဿနာပေါ့၊ ကိုယ်သားသမီးတွေကလည်း ၉ တန်း ၁၀ တန်းရောက်နေပြီ၊  ကျောင်းထားစရိတ်တော့ မတတ်နိုင်ဘူးလေ” ဟု MCL စက်ရုံအတွင်းအလုပ်လုပ်နေသော ကိုစိုးဝင်းက ပြောသည်။

ယင်းကဲ့သို့ စက်ရုံရပ်ဆိုင်းလိုက်သည်ကို မွန်သတင်းအေဂျင်စီမှ စက်ရုံတာဝန်ရှိသူများအား ဖုန်းဆက်မေးမြန်းသော်လည်း လက်ခံဖြေဆိုမည့်သူ မရှိပေ။

ထို့အတူ  “စက်ရုံကတကယ်ကြီးပိတ်လိုက်ရမယ်ဆိုရင်တော့ အလုပ်သမားရေးရာဥပဒေမှာ ထုတ်ပြန်ထားတဲ့အတိုင်း အလုပ်သမားအလုပ်ရာဇသတ်မှုဆိုင်ရာ အလုပ်ရှင်အလုပ်သမားများအနေနဲ့ ထုတ်ပြန်ထားတဲ့ အလုပ်ရပ်စဲမှုနစ်နာကြေး လုပ်ပေးမယ်လို့ မျှော်လင့်ထားတာပေါ့” ဟု MCL စက်ရုံအတွင်အလုပ်လုပ်နေသော ကိုစိုးကြည်က ဆိုသည်။

သို့ရာတွင် MCL နှင့် အလုပ်လုပ်ကိုင်ရာ၌ တရားဝင်စာချုပ် ချုပ်ဆိုမထားသော အလုပ်သမားအများအပြားရှိနေပြီး ၎င်းတို့အတွက် နစ်နာကြေးများရရှိရန် မလွယ်ကူကြောင်း သိရသည်။

၂၀၂၀ ခုနှစ် ဇွန်လ ၁ ရက်နေ့မှစ၍ ကျောက်မိုင်းခွဲခြင်းလုပ်ငန်းကို ရပ်ဆိုင်းခဲ့ပြီးဖြစ်သည့်အတွက် ကျောက်မိုင်းခွဲခြင်းကိစ္စအဝဝသည် MCL (ကျိုက်မရောဘိလပ်မြေစက်ရုံ) နှင့် လုံးဝမသက်ဆိုင်တော့ကြောင်း စက်ရုံ၏ Managing Director, Mr Hatsachai Prahanphap က ဇွန်လ ၈ ရက်နေစွဲဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ပြီး ဖြစ်သည်။

MCL ဘိလပ်မြေစက်ရုံသည် ထိုင်းနိုင်ငံ SCG – Siam Cement Group- SCG က အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းနှင့် မြန်မာ Pacific Link Cement Industries Ltd.- PLCI က အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၄၀၀ ဖြင့် ရင်းနှီးမြှုပ်နှံထားသည့် ပုဂ္ဂလိကအကျိုးတူ ဖက်စပ်လုပ်ငန်းဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ဧပြီလမှ စတင်လည်ပတ်ခဲ့တာဖြစ်ပြီး တစ်နေ့လျှင် ဘိလပ်မြေတန်ချိန် ၅၀၀၀ ထုတ်လုပ်သည့် စက်ရုံတစ်ခုဖြစ်သည်။

May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...
May 19, 2026
မွန်ပြည်နယ်တွင် ကွမ်းသီးအနု ဈေးကောင်းရရှိနေခြင်းကြောင့် အသီးခူဆွတ်ရောင်းချမှုများ၍ ရေရှည်တွင်...
May 18, 2026
မွန်ပြည်နယ်အတွင်း၊ မြို့နယ်အလိုက် ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ...