သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှု ပြည်နယ်အစိုးရ ပူးပေါင်းဆောင်ရွက်ခြင်းမရှိသေးဟု လူမှုကူညီရေး အသင်းများဆို

သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှု ပြည်နယ်အစိုးရ ပူးပေါင်းဆောင်ရွက်ခြင်းမရှိသေးဟု လူမှုကူညီရေး အသင်းများဆို

ရန်လင်းအောင်  - မွန်ပြည်နယ်၏ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုနှင့် ပတ်သက်၍ မွန်ပြည်နယ် အစိုးရအနေဖြင့် လက်ရှိတွင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသေးကြောင်း လူမှုကူညီရေး အသင်းများက ပြောကြားသည်။

ပြည်နယ်အစိုးရ အနေဖြင့် လူမှုကူညီရေး အဖွဲ့များနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုများကို ညှိနှိုင်းဆောင်ရွက်ထားသင့်သည်ဟု ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုဘိုဘိုဝင်းက ဆိုသည်။

“ပြင်ဆင်မှုအပိုင်းမှာတော့ သူတို့တွေလုပ်နေတာတော့ရှိတယ် ဒါပေမဲ့ ပြည်သူတွေကိုတော့ ဘာတွေပြင်ဆင်နေလဲဆိုတာ ချပြတာမရှိဘူး အဲ့တော့ ဘာတွေ ပြင်နေလဲဆိုတာ မသိတဲ့အတွက် အားရလားမေးရင် အားရစရာတော့မရှိဘူး သဘာဝဘေးအန္တရာယ် မဖြစ်ခင်မှာ ကျွန်တော်တို့ ညှိနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ်ထားရမယ် Covid အတွင်းမှာ ဖြစ်မယ့် သဘာဝဘေးက ပိုပြီးဆိုးရွားစွာဖြစ်နိုင်တယ် အဲ့တော့ ကျွန်တော်တို့ ကြိုတင် ညှိနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ်ရမယ်” ဟု ၎င်းကဆိုသည်။

သဘာဝဘေးအန္တရာယ်ကြိုတင်ကွယ်ရေးကို အစိုးရအနေဖြင့် စဉ်းစားရန် လိုအပ်သည်ဟု  ကျိုက်ဖနဲ ၁၆ နယ်မြေ လူမှုကူညီရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးထွန်းရွှေက ဆိုသည်။

“အစိုးရပြင်ဆင်မှုက လောလောဆယ် မရှိသလောက်ပဲ သဘာဝဘေးနဲ့ ပတ်သက်လို့ပေါ့ ကျွန်တော်တို့နဲ့ တွေ့ဆုံဆွေးနွေးခြင်းလည်း မရှိဘူး အခုလောလောဆယ်ပေါ့နော် Covid 19 ကိစ္စနဲ့ အလုပ်ရှုပ်နေလို့လား ပြင်ဆင်မှုကလည်း လောလောဆယ် ဘာမှမတွေ့နေဘူး ဒါပေမယ့် မီးသတ်အပိုင်းကတော့ရှိတယ် သဘာဝဘေး အန္တရာယ်နဲ့ပတ်သက်လို့ သင်တန်းပေးတယ် ကျွန်တော်တို့ကိုဖိတ်ခေါ်တယ်” ဟု ၎င်းကဆိုသည်။

သို့ရာတွင် ကြိုတင်ပြင်ဆင်မှု အနေဖြင့် ချောင်းဆုံ၊ မော်လမြိုင် နှင့် ကျိုက်မရောမြို့များတွင် Shelter များ အစိုးရ တည်ဆောက်ထားပြီး စားနပ်ရိက္ခာများဖြည့်ခြင်းကို ဆောင်ရွက်နေသည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့် ဆောင်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်က ဆိုသည်။

“အခု Shelter  တွေ ဘာတွေ ဆောက်နေပြီ ဥပမာ ဘီလူးကျွန်း ကျိုက်မရော မော်လမြိုင် အဲ့အတွက် စားနပ်ရိက္ခာ အဓိက ဖြည့်ရမယ့် အခြေအနေပေါ့နော် အဲ့အတွက် ဘတ်ဂျက်ကိုလည်း ကိုဗစ်မှာ သုံးထားတော့ အဲ့အတွက်ကို ပြန်ရှာနေရတာပေါ့နော် ခုက တဖြည်းဖြည်းနဲ့ မနှစ်က ဇွန်၊ မနှစ်က ဇူလိုင် အခုက ဇူလိုင်ကို တို့စိတ်ပူနေရတယ် ဇူလိုင်ပြီး ဩဂုတ်အတွက်ပေါ့နော် မဖြစ်အောင်တော့ အစိုးရက ဆောင်ရွက်နေတယ်” ဟု ဦးမင်းကျော်လွင်က ဆိုသည်။

ယင်းအပြင် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ကော်မတီများကို မွမ်းမံဆောင်ရွက်မှုများ ပြုလုပ်နေပြီး ယင်းကော်မတီထဲတွင် လူမှုကူညီရေးအဖွဲ့များနှင့် ကြက်ခြေနီ အဖွဲ့များကိုပါ ထည့်သွင်းထားသည်ဟု ဦးမင်းကျော်လွင်က ဆိုသည်။

ထိုသို့ ကော်မတီထဲတွင် လူမှုကူညီရေးအဖွဲ့များအား ထည့်သွင်းထားမှုကို လူမှုကူညီရေး အဖွဲ့များက ၎င်းတို့ထံကို အစိုးရက အကြောင်းကြားထားခြင်း မရှိသေးကြောင်း လူမှုကူညီရေး အဖွဲ့ထံမှ သိရသည်။

ကိုဘိုဘိုဝင်းက “မြေပြင်မှာ လူမှုအဖွဲ့အစည်းတွေအနေနဲ့ ပါဝင်တယ် မပါဝင်ဘူးဆိုတာ အခုချိန်ထိ မသိရသေးပါဘူး ပါဝင်ခဲ့တယ် ဆိုလို့ရှိရင်လည်း ကျွန်တော်တို့ကို မိတ္တူနဲ့ပေါ့လေ ပါဝင်တယ် ဘယ်လိုအဆင့်မှာပါဝင်တယ် ပြည်နယ်အဆင့်မှာပါဝင်တယ် မြို့နယ်အဆင့်မှာပါဝင်တယ်၊ ကျွန်တော်တို့က စာရွက်ထဲမှာ ပါဝင်ဖို့ ပူးပေါင်းတာမဟုတ်ဘူး လက်တွေ့မှာပါဝင်ဖို့အတွက် ပူးပေါင်းတာ စာရွက်မှာ ပါဝင်ဖို့ထက် လက်တွေ့မှာပါဝင်ဖို့ ကျွန်တော်တို့ ပူးပေါင်းတာဖြစ်တယ်” ဟု ဆိုသည်။

၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်အတွင်း ၂ နှစ်ဆက်တိုက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ်တစ်ခုလုံး ရေကြီးမှု ဖြစ်ပေါ်ခဲ့သလို ယမန်နှစ်က ကျိုက်မရော ၊ မော်လမြိုင် ၊ ရေးမြို့နယ်တို့တွင် ရေကြီးရေလျှံဖြစ်ပွားခဲ့၍ လူပေါင်း သောင်းချီ ရေဘေးဒုက္ခ ခံစားခဲ့ရပြီး ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာအနီး မလတ်တောင် မြေပြိုကျမှုကြောင့် လူပေါင်း ၇၀ ကျော် သေဆုံးခဲ့ရသည်။

Photo- ယမန်နှစ်တွင် မော်လမြိုင်-ကျိုက်မရောကားလမ်း ရေလွှမ်းခဲ့စဉ်(MNA)

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...