MCL ဘိလပ်မြေစက်ရုံ ရပ်နားတော့မည့်သတင်းထွက်ပေါ်၊ အလုပ်သမား ၁၅၀၀ ကျော် အလုပ်လက်မဲ့ဖြစ်မည်ကို စိုးရိမ်နေဟုဆို

MCL ဘိလပ်မြေစက်ရုံ ရပ်နားတော့မည့်သတင်းထွက်ပေါ်၊ အလုပ်သမား ၁၅၀၀ ကျော် အလုပ်လက်မဲ့ဖြစ်မည်ကို စိုးရိမ်နေဟုဆို

စသောင်းနွန် — မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပျားတောင်ကိုအခြေပြု၍ လည်ပတ်လျှက်ရှိသော Mawlamyine Cement Limited MCL ဘိလပ်မြေစက်ရုံသည် လာမည့် ဇူလိုင်လ ၁၅ ရက်နေ့တွင် ရပ်နားသွားတော့မည့် သတင်းထွက်ပေါ်နေသောကြောင့် ရွှေ့ပြောင်းအလုပ်သမား ၁၅၀၀ ကျော် အလုပ်လက်မဲ့ကြုံတွေ့ရမည့်အရေးကို စိုးရိမ်နေကြသည်ဟု ဆိုသည်။

MCL စက်ရုံသည် ထိုင်းနိုင်ငံ SCG-Siam Cement Group-SCG နှင့် မြန်မာဘက်က Pacific Link Cement Industries-PLCI တို့ ဖက်စပ်လုပ်ကိုင်လျှက်ရှိပြီး ရှယ်ယာကိစ္စပြဿနာရှိသောကြောင့် စက်ရုံရပ်ဆိုင်းတော့မည့်အခြေအနေကို စက်ရုံဝန်ထမ်းအချို့ထံမှ ကြားသိရသော်လည်း စက်ရုံတာဝန်ရှိပုဂ္ဂိုလ်များအား အတည်မပြုနိုင်ခြင်း မရှိသေးပေ။

MCL တွင် အလုပ်လုပ်ကိုင်နေသော ကိုစိုးဝင်း က “တကယ်လို့ စက်ရုံရပ်သွားမယ်ဆိုရင် နောက်အလုပ်ရှာဖို့လဲမလွယ်ဘူး။ အခုကာလကလဲ ကိုဗစ် ၁၉ ကာလလည်းဖြစ်နေတဲ့ အတွက်ကြောင့် ဘယ်စက်ရုံမှလဲ အလုပ်သမားအသစ်မခန့်တဲ့အတွက် ကျွန်တော်တို့မှာတော့ အခက်ခဲဖြစ်တာပေါ့။ ကျွန်တော်တို့လဲ ရွှေ့ပြောင်းအလုပ်သမားဖြစ်နေတဲ့အတွက်ကြောင့် မိသားစုအတွက် ဘယ်လိုမှထောက်ပံ့ပေးနိုင်တဲ့ အနေအထားတော့မရှိနိုင်ဘူးပေါ့” ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

စက်ရုံရပ်နားသည့်အခါ အလုပ်လက်မဲ့ဖြစ်သွားမည့် အလုပ်သမား ၁၅၀၀ ကျော်အတွက် နိုင်ငံတော်အနေဖြင့် လာရောက်ဖြေရှင်းပေးစေလိုကြောင်း MCL တွင်အလုပ်လုပ်နေသော ကိုစိုးကြည်က ပြောသည်။

“စက်ရုံကြီးကရပ်မယ်လို့တော့ ပြောထားတာပဲ။ အတိအကျတော့မသိဘူး။ ဒါပေမယ့် အစ်ကိုယ်တို့ကတော့ ရပ်သွားတဲ့ အတိုင်းတာတစ်ခုဆိုရင်တော့ အလုပ်သမားသက်တမ်းအနေနဲ့  အကျိုးခံစားခွင့်တော့ ရချင်တာပေါ့” ဟု ကိုစိုးကြည်က ဆက်ပြောသည်။

Mawlamyine Cement Limited- MCL (ကျိုက်မရောဘိလပ်မြေစက်ရုံ) သည် ၂၀၂၀ ခုနှစ် ဇွန်လ ၁ ရက်နေ့မှစ၍ ကျောက်မိုင်းခွဲခြင်းလုပ်ငန်းကို ရပ်ဆိုင်းခဲ့ပြီးဖြစ်သည့်အတွက် ကျောက်မိုင်းခွဲခြင်းကိစ္စအဝဝသည် MCL (ကျိုက်မရောဘိလပ်မြေစက်ရုံ) နှင့် လုံးဝမသက်ဆိုင်တော့ကြောင်း စက်ရုံ၏ Managing Director, Mr Hatsachai Prahanphap က ဇွန်လ ၈ ရက်နေစွဲဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ပြီးဖြစ်သည်။

 “အခုဇူလိုင်လလယ်မှာ လက်ကျန်ကုန်ကြမ်း(ကျောက်) တွေကုန်သလောက်ဖြစ်သွားပါပြီ၊ ထုတ်လုပ်တဲ့အပိုင်းက ရပ်နားပေမယ့် ကျန်တဲ့အပိုင်းတွေ လုပ်စရာနည်းနည်းပါးပါးရှိသေးတယ် သြဂုတ်လကုန်ရင်တော့ စက်ရုံလုံးဝပိတ်သိမ်းတော့မယ့်အနေအထားပါ” ဟု အမည်ဖော်ပြခွင့်မရှိသည့် မြန်မာနိုင်ငံသား စက်ရုံဝန်ထမ်းတစ်ဦးက ဆိုသည်။

ထို့အတူ စက်ရုံတွင်အလုပ်လုပ်ကိုင်နေကြသော ထိုင်းနိုင်ငံသားအားလုံး ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကတည်းက နေရပ်ပြန်သွားကြပြီဟု အဆိုပါမြန်မာဝန်ထမ်းထံမှ သိရသည်။

တစ်နေ့လျှင် ဘိလပ်မြေတန်ချိန် ၅၀၀၀ ထုတ်လုပ်သည့် MCL ဘိလပ်မြေစက်ရုံသည် ထိုင်း SCG က အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းနှင့် မြန်မာ PLCL က အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၄၀၀ ဖြင့် ရင်းနှီးမြှုပ်နှံထားသည့် ပုဂ္ဂလိကအကျိုးတူ ဖက်စပ်လုပ်ငန်းဖြစ်ပြီး စက်ရုံစတင်လည်ပတ်ခဲ့သည်မှာ ၃ နှစ်ကျော်ရှိပြီဖြစ်သည်။

Photo- MCL ဘိလပ်မြေစက်ရုံ (MNA)

March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...