7 July အောက်မေ့ဖွယ် အထိမ်းအမှတ်ပွဲကျင်းပ

7 July အောက်မေ့ဖွယ် အထိမ်းအမှတ်ပွဲကျင်းပ

ဇူလိုင် ၇ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ ကျောင်းသားသမိုင်းမှာတော့ မေ့ဖျောက်လို့မရတဲ့ ကြေကွဲဖွယ်ရာ နေ့တစ်နေ့ဖြစ်ပါတယ်။

 ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ တက္ကသိုလ်ကျောင်းဆောင်စည်းကမ်းတွေနဲ့ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေကို စစ်တပ်က မောင်းပြန်ရိုင်ဖယ်တွေ၊ စက်သေနတ်တွေသုံးပြီး ပစ်ခတ်ခဲ့လို့ ကျောင်းသားတွေသေဆုံး၊ ဒဏ်ရာရခဲ့ပါတယ်။ အခုဆိုရင် ၅၈ နှစ်ကြာမြင့်ပြီဖြစ်ပေမယ့် မမေ့ဖျောက်ဘဲ အောက်မေ့သတိရတဲ့အနေနဲ့ အထိမ်းအမှတ်ပြုလုပ်တာလည်း ဖြစ်ပါတယ်။

အင်္ဂါနေ့ ဇူလိုင် ၇ ရက်နေ့ နံနက် ၈နာရီက ရန်ကုန်တက္ကသိုလ်ဝင်းထဲက  သမဂ္ဂအဆောက်အဦးနေရာ ဗိုလ်အောင်ကျော်ကျောက်တိုင်ရှေ့မှာ သမဂ္ဂအသီးသီးက လွမ်းသူ့ပန်းခွေချပြီး ချီတက်အလေးပြုခဲ့ကြပါတယ်။

“ကျွန်တော်တို့က နှစ်စဉ်နှစ်တိုင်း ဆဲဗင်းဇူလိုင်ရောက်လာတဲ့အခါမှာ စစ်အာဏာရှင်တွေရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ချေမှုန်းမှုကို ခံခဲ့ရတဲ့ ကျောင်းသား၊ အာဇာနည်တွေကို အထိမ်းအမှတ် ဂုဏ်ပြုသောအားဖြင့်၊ ပြီးတော့နောက်တစ်ခုက သူတို့ကိုင်စွဲခဲ့တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး အလံကို ဆက်လက်လွှင့်ထူပြီးတော့ ဆက်လက်ကိုင်စွဲတဲ့အနေနဲ့ ဒီလိုနေမျိုးရောက်တိုင်း လာရောက်ဂုဏ်ပြုရခြင်း၊ ဦးညွတ်ရခြင်း ဖြစ်ပါတယ် ” ဟု ဗမာပြည်လုံးဆိုင်ရာ (ဗ.က.သ)များ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးက ပြောသည်။

စစ်အာဏာသိမ်းပြီးကာစ တော်လှန်ရေးကောင်စီက ကျောင်းဆောင်စည်းကမ်းသစ် ၂၂ ချက်ကို ချမှတ်ပြဋ္ဌာန်းလာ ခဲ့ပါတယ်။

စည်းကမ်းတွေထဲမှာ ည (၈)နာရီထိုးရင် အဆောင်တံခါးတွေပိတ်၊ လုံးဝအပြင်မထွက်ရ။ အဆောင်မှူးက စစ်ဆေးရင် မိမိအခန်းမှာ ရှိနေရမယ် စတဲ့အချက်တွေပါဝင်ပါတယ်။

ကျောင်းသားတွေက ကန့်ကွက်ဆန္ဒပြကြကြတော့ ဇူလိုင် ၇ ရက်နေ့မှာ မောင်းပြန်ရိုင်ဖယ်တွေ၊ စက်သေနတ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ စစ်အစိုးရက သေဆုံးသူ ၁၇ ဦးရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ သေဆုံးသူရာနဲ့ချီပြီး ဒဏ်ရာရသူ ဒါဇင်ပေါင်းများစွာရှိခဲ့မယ်လို့ ခန့်မှန်းချက်တွေရှိပါတယ်။

ပစ်ခတ်ဖြိုခွင်းမှုအပြီး  ဗိုလ်ချုပ်နေဝင်းက ငါးမိနစ်ကြာမိန့်ခွန်းတစ်ရပ်ကို ရေဒီယိုကနေပြောကြားတာမှာ ဓါးကိုဓါးချင်း လှံကိုလှံချင်း ရင်ဆိုင်သွားမယ်လို့ဆိုခဲ့ပါတယ်။  

အခင်းဖြစ်ပွားလို ရက်သတ္တပတ်တစ်ပတ်မပြည့်ခင်မှာပဲ ဗိုလ်ချုပ်နေဝင်းဟာ သြစတြီးယား၊ ဆွစ်ဇာလန်နဲ့ ယူကေတို့ကို ကျန်းမာရေးဆေးစစ်ဖို့ ခရီးထွက်သွားခဲ့ပါတယ်။

နောင်မှာတော့ သမဂ္ဂအဆောက်အဦးကို ဖြိုချဖို့ အမိန့်ပေးခဲ့သူအဖြစ် အဲဒီအချိန်က  စစ်အစိုးရ ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးအကြား အပြန်အလှန်လွှဲချပြောဆိုခဲ့ကြသလို ဝန်ခံပြောဆိုမှုလဲ မရှိခဲ့ကြပါဘူး။

ဒါပေမယ့် ကျောင်းသားသမဂ္ဂတွေကတော့ လက်ရှိအချိန်ထိ ခေတ်အဆက်ဆက် အသွင်သဏ္ဍန်မျိုးစုံနဲ့ ဆက်လက်ပေါ်ထွန်းနေကြဆဲလည်း ဖြစ်ပါတယ်။

Most read this week

December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...
December 10, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဦးတည် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်း က ဒေသခံ ၁၂...
December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...
December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...