မောတောင်အနီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး ဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်နေရ

မောတောင်အနီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး ဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်နေရ
ဓာတ်ပုံ - Crd
ဓာတ်ပုံ - Crd

စစ်အုပ်စုတပ် ပြန်လည်ထိန်းချုပ်ထားသည့် တနင်္သာရီတိုင်း၊ မောတောင်မြို့သို့ သွားသည့် လမ်းကြောင်းပေါ်၌ စက်တင်ဘာလအတွင်း တိုက်ပွဲများ မကြာခဏ ပြန်လည်ဖြစ်ပွားနေကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ထုံခါ-မောတောင် လမ်းကြောင်းတစ်လျှောက် ထိန်းချုပ်ထားသည့် စစ်အုပ်စုတပ်ကို တော်လှန်ရေး အင်အားစု ပူးပေါင်းတပ်များက ကြားဖြတ် တိုက်ခိုက်ရာမှ နှစ်ဖက် ထိတွေ့တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

မြေပြင်တိုက်ခိုက်မှုအတွင်း ပါဝင်သည့် တော်လှန်ရေး အင်အားစုတစ်ခုမှ တာဝန်ရှိသူတစ်ဦးက “အင်အားတွေက (စစ်အုပ်စု အင်အားတွေက) လမ်းတစ်လျှောက်လုံး ရှိနေတယ်။ တော်လှန်ရေးဘက်ကတော့ ကြားဖြတ် တိုက် ခိုက်တာတွေတော့ ရှိပါတယ်” ဟု ပြောသည်။

လက်ရှိတွင် စစ်အုပ်စုတပ်က ထုံခါ-မောတောင် လမ်းကြောင်းအတိုင်း မောတောင်မြို့ရှိ စစ်အုပ်စု အင်အားများ ထံသို့ စားနပ်ရိက္ခာနှင့် ခဲယမ်းများ ဖြည့်တင်းလျက်ရှိပြီး တစ်ဖက်တွင်လည်း မောတောင်မြို့၌ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်း ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်လျက်ရှိသည်။

KNLA သတင်းရင်းမြစ်တစ်ဦးကလည်း “အခြေအနေတွေကတော့ မကောင်းဘူး။ အရမ်းကြီး အပြင်းအထန် ကြီးတော့ မဟုတ်ပါဘူး” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်မှု အခြေအနေများနှင့် ပတ်သက်၍ ဆက်လက် စုံစမ်းနေဆဲ ဖြစ် သည်။ ထို့ပြင် ထုံခါ-မောတောင် လမ်းကြောင်း၌ စစ်အုပ်စုတပ်က လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ အရပ်သား များကို သတ်ဖြတ်ခြင်းနှင့် အရပ်ဘက် အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်။

“ပြည်သူတွေကို စစ်ကောင်စီတပ်တွေနဲ့ အနီးကပ် အသွားအလာ မလုပ်ကြဖို့ရယ် မလိုအပ်ဘဲ ခရီးမထွက်ကြဖို့ ပြောချင်ပါတယ်။ ဖမ်းဆီးပြီး သတ်ဖြတ်တာတွေလည်း လုပ်ဆောင်တယ်ဆိုတော့ ဒါလေးတော့ သတိပေး ပြော ချင်ပါတယ်ဗျ” ဟု KNLA သတင်းရင်းမြစ်က ဆက်ပြောသည်။

လက်ရှိတွင် ဖောင်ဆိပ်၊ သိန်ခွန်း၊ သဲဖြူ၊ ချောင်းနှစ်ပေါက်နှင့် ထုံခါ အနီးတဝိုက် ကျေးရွာများ၌ တိုက်ပွဲဖြစ်ပွားမှု များပြားနေသဖြင့် ထိုရွာများမှ ဒေသခံများမှာ စစ်ဘေးတိမ်းရှောင်နေကြရပြီး အကူအညီများစွာ လိုအပ်လျက်ရှိ သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့က တိုက်ပွဲများဖြစ်ပွားနေသည့် သိန်ခွန်းရွာအနီး ထုံခါ-မောတောင် လမ်းပိုင်းအတိုင်း ဖြတ်သန်းသွားလာသည့် အရပ်ဘက် လူမှုကူညီရေးအသင်းပိုင် လူနာတင်ယာဉ်တစ်စီး ပစ်ခတ် ခံရသဖြင့် ယာဉ်ပေါ်ပါလာသူတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့သည်။

ထို့ပြင် စက်တင်ဘာလ ၃ ရက်နေ့ကလည်း မောတောင်မြို့အဝင် အမှတ် (၃) ရွာအနီးရှိ စစ်ဘေးရှောင်များ အတွက် ရည်ရွယ်ဖွင့်လှစ်ထားသည့် စာသင်ကျောင်း အဆောက်အအုံ အားလုံးကို စစ်အုပ်စုတပ်က မီးရှို့ဖျက် ဆီးခဲ့သည်။

စစ်အုပ်စုတပ် ပြန်လည်နေရာယူထားသည့် မောတောင်မြို့အား စစ်ဆင်ရေး ပြုလုပ်ရန်အတွက် မောတောင်မြို့ အဝင် အမှတ် (၉) ကျေးရွာအထိ ကုန်သွယ်ရေးလမ်း၌ ကုန်ကားများ ဖြတ်သန်းသွားလာခွင့် မပြုတော့ကြောင်း နှင့် ထုံခါလမ်းဆုံမှ အမှတ် (၉) ရွာအထိ လမ်းပိုင်းကို အထူးတားမြစ်ဇုန်အဖြစ် သတ်မှတ်ကြောင်း KNLA တပ်ရင်း (၁၁) လက်အောက်ခံ Black Cobra Column က ဇူလိုင်လ ၁၀ ရက်နေ့တွင် ကြေညာထားသည်။

ထိုင်းနိုင်ငံ၊ ပရာကျော့ခီရီခန်ပြည်နယ်၊ ဆင်ခွန်းမြို့နှင့် ထိစပ်နေသည့် နယ်စပ်ကုန်သွယ်ရေးဂိတ် ရှိရာ မောတောင်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များက ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထို့နောက် စစ်အုပ်စုတပ်က နာရီဝက်မက ဘက်ပေါင်းစုံမှ ထိုးစစ်ဆင်ခဲ့ပြီး နှစ်ဝက်ခန့်အကြာ ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက်တွင် ပြန်လည်သိမ်းယူခဲ့ခြင်းဖြစ်သည်။

မောတောင်မြို့သည် ယခင်က ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄)၊ မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ် ရုံးစိုက်ရာ မြို့တစ်မြို့ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်တွင် စစ်အုပ်စုတပ်၏ တိုက်ခိုက်သိမ်းယူခြင်းကို ခံခဲ့ရသည်။

Most read this week

ဓာတ်ပုံ - စစ်အုပ်စု (ညောင်တုန်းချောင်းဝတာ ပြိုကျပျက်စီးမှုများအား ပြင်ဆင်ထားသည်ကို ဩဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။)
September 14, 2026
ကြံ့ခိုင်မှုမရှိခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပင်မတာဘောင် မကြာခဏ ပြိုကျမှုများ ဖြစ်ပွားနေသည့်...
ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...