ရသေ့တောင်မြို့နယ် မူစဲကမ်းကံပြင်ကျေးရွာမှပိတ်မိနေသည့်သက်ကြီးရွယ်အိုများ စားရေးသောက်ရေးအခက်ကြုံ

ရသေ့တောင်မြို့နယ် မူစဲကမ်းကံပြင်ကျေးရွာမှပိတ်မိနေသည့်သက်ကြီးရွယ်အိုများ စားရေးသောက်ရေးအခက်ကြုံ

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မူစဲကမ်း၊ ကံပြင်ကျေးရွာထဲသို့ တပ်မတော်စစ်ကြောင်းတစ်ကြောင်း ဝင်လာ၍ ရွာသားများထွက်ပြေးသွားကြသဖြင့် ရွာထဲတွင် ကျန်နေခဲ့သည့် သက်ကြီးရွယ်အို ၂ဝ ဦးခန့် မှာ စားရေးသောက်ရေး အခက်အခဲ ဖြစ်နေကြသည်ဟု သတင်းရရှိသည်။

ရွာထဲတွင် ကျန်နေခဲ့သူ အသက် (၆ဝ) အရွယ် ဦးသံလုံးက “ စစ်သားတွေက မနေ့ညကလည်း သေနတ်တွေ ဖောက်တော့ အကုန်ကြောက်နေကြတယ်။ အသက် ခြောက်ဆယ်ကနေ ရှစ်ဆယ်ကျော်အထိ လူနှစ်ဆယ်နီးပါး ကျန်ခဲ့တယ်။ ဦးလေးတို့နဲ့ အတူတစ်အုပ်စုနဲ့ ရွာအနောက်ဖက်မှာ တစ်စုကျန်ခဲ့တယ်။ ကြောက်နေကြတယ်။ သူတို့ စစ်ကြောင်း ပြန်ထွက်သွားရင် အကြောင်းမဟုတ်ဘူး။ ဦးလေးတို့ကို ရွာထဲကနေလည်း ထွက်ခွင့် မပေးတော့ဘူး။ အခုဆို စားသောက်ရေးနဲ့ နာမကျန်းတဲ့လူတွေအတွက် အခက်အခဲဖြစ်နေတယ်”ဟု ပြောသည်။

၎င်းတပ်မတော်စစ်ကြောင်းသည် ဇွန် ၂၉ ရက် ညနေ ၅ နာရီကျော်ခန့်က ကံပြင် ကျေးရွာထဲ ဝင်ရောက်လာပြီး စခန်းချနေသည့်အတွက် တိုက်ပွဲဖြစ်ပွားမည်ကို ရွာထဲတွင် ပိတ်မိကျန်ခဲ့သည့် သက်ကြီးရွယ်အိုများက အထူး စိုးရိမ်နေကြသည်ဟု ပြောသည်။

“ သေနတ်ပစ်သံတွေကို မကြခဏ ကြားရတော့ ကြောက်ကြတာပေါ့။ တစ်ခုခု ဖြစ်ရင် ပြေးလည်း မပြေးနိုင်ကြတော့ အထူးစိုးရိမ်နေကြရတယ်။ တိုက်ပွဲမဖြစ်ဖို့ကိုဘဲ ဘုရားကို အာရုံပြု ဆုတောင်း နေကြရတယ်”ဟု ဦးသံလုံးက ပြောကြားသည်။

၎င်းသက်ကြီးရွယ်အိုများမှာ လက်ရှိတွင် မိသားစုများနှင့်လည်း အဆက်အသွယ်ပြတ်နေသည်ဟု ဦးသံလုံးက နိရဉ္စရာသတင်းဌာနအားပြောသည်။

ကံပြင်ကျေးရွာတွင် စခန်းချနေသည့် စစ်ကြောင်းသည် ယမန်နေ့ ညနေက ဇက်ရေယာဉ်နှစ်စီးပေါ်မှ မူစဲကမ်း ပေါ်သို့ သေနတ်များပစ်ဖောက် တက်ရောက်လာသဖြင့် ကူတောင်၊ ရွှေလောင်းတင်၊ ကံပြင်၊ မြင်းကန်းချောင်း အပါအဝင် ကျေးရွာ ၆ ခုမှ ကျေးရွာသားများမှာ ကြောက်လန့်ပြီး ရွာလုံးကျွတ်ထွက်ပြေး သွားခဲ့ကြသည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောဆိုသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ ရွာသားတွေ ပိတ်မိကျန်ခဲ့တာ ဟုတ်တယ်။ ဒါပေမဲ့ စစ်ကြောင်းထွက်သွားရင် ရွာပြန်ချင်ပြန်လို့ရမယ်။ ကြောက်လို့ထွက်ပြေးကြတာ။ တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး။ ပိတ်မိကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေ အတွက် သက်ဆိုင်ရာကို တင်ပြပြီး စီစဉ်ရမယ်။ ထွက်ပြေးကြတဲ့ ရွာသားတွေ စားသောက်နေထိုင်ရေးတွက် စီစဉ်စရာရှိတာတွေ စီစဉ်ထားတယ်” ဟုပြောသည်။

အဆိုပါ ကံပြင်ကျေးရွာတွင် အိမ်ခြေ ၁၅ဝ ကျော်နှင့် လူဦးရေ တစ်ထောင်ခန့် နေထိုင်ကြောင်း သိရသည်။

လွန်ခဲ့သည့် ဇွန်လ ၂၄ ရက်နေ့ကလည်း တပ်မတော်မှ ရသေ့တောင်မြို့နယ် ကျောက်တန်းနယ်မြေအား နယ်မြေရှင်းလင်းရန်အတွက် ဖယ်ရှားပေးရမည်ဟု အစိုးရမှ ထုတ်ပြန်ချက်ကြောင့် ၎င်းနယ် တစ်ခုလုံးရှိ ကျေးရွာပေါင်း လေးဆယ်ကျော်မှ ရွာသားများမှာ ကြောက်လန့်ပြီး နယ်ရပ် စွန့်ခွာ ထွက်ပြေးခဲ့ကြသည်။

ယင်းနောက်တွင် ထုတ်ပြန်ချက်ထုတ်ခဲ့သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ကျောက်တန်းနယ်တစ်ခုလုံးကို ဆိုလိုခြင်းမဟုတ်ဘဲ ကျောက်တန်းအရှေ့ဘက် ကျေးရွာ ငါးရွာ၊ ခြောက်ရွာခန့်ကိုသာ စစ်ဆင်ရေးလုပ်ရန် စာထုတ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

၎င်းရွာများဖယ်ရှားရန် ညွှန်ကြားချက် ထုတ်ပြန်ခြင်းကို ဇွန်လ ၂၇ ရက်နေ့က ပြန်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...
December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...