အမ်းမြို့နယ်မှ ဒေသခံ ၆ဝဝ ခန့် စစ်ဆင်ရေးကြောင့် ကျေးရွာမှဖယ်ပေးလိုက်ရ

အမ်းမြို့နယ်မှ ဒေသခံ ၆ဝဝ ခန့် စစ်ဆင်ရေးကြောင့် ကျေးရွာမှဖယ်ပေးလိုက်ရ

ဆောင်းဇာခြည် — ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်အုပ်စုရှိ နတ်မော်ကျေးရွာမှ ဒေသခံ ၆ဝဝ ခန့်မှာ စစ်ဆင်ရေး လုပ်မည်ဟုဆို၍ ကျေးရွာမှ ဖယ်ပေးလိုက်ရကြောင်း ရွာတာဝန်ရှိသူများက ပြောသည်။

တပ်မ ၆၆ ၏ လက်အောက်ခံ ခလရ ၈ဝ မှ တပ်ရင်းမှူးကျော်ကျော်သိန်းဦးဆောင်ပြီး ဇွန်လ ၂၇ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က နတ်မော်ကျေးရွာမှ ရပ်မိရဘများနှင့် ကျောင်းထိုင်ဆရာတော်အား အစည်းဝေး ခေါ်ကာ ကျေးရွာမှ ထွက်ခွာပေးရန် ပြောဆိုခဲ့ကြောင်း ဒါးလက်အုပ်စုမှ ယာယီအုပ်စုအုပ်ချုပ်ရေးမှူး ဦးတိုးတိုးထွေးက ပြောသည်။

ဦးတိုးတိုးထွေးက “သူတို့က စာပေးပြီး အကြောင်းကြားတာတွေတော့ မရှိဘူး။ အစည်းဝေးဘဲ ခေါ်တာပေါ့။ နှစ်ရက်အတွင်း ထွက်ပေးရတာ။ ရွာမှာ လူ ၁ဝ ယောက်ထက် ပိုမနေရဘူးလို့ သူတို့က ပြောပါတယ်။ အဲဒါကြောင့် ရွာမှာ လူကြီး ၁ဝ ယောက်လောက် ကျန်ခဲ့ပါတယ်။ နီးစပ်ရာရွာတွေကို ပြောင်းခိုင်းတယ်။ ရွာနားမှာ တိုက်ပွဲတွေဖြစ်တယ်ဆိုပြီး ရွာသားတွေကို ပြောင်းခိုင်းတာလို့ ပြောပါတယ် ” ဟု နိရဉ္စရာသို့ ပြောသည်။

နတ်မော်ကျေးရွာတွင် အိမ်ခြေ ၁၂ဝ ကျော်နှင့် လူဦးရေ ၆ဝဝ ခန့်ရှိပြီး လက်ရှိတွင် ယင်းကျေးရွာသားများမှာ ဒါးလက်အုပ်စုရှိ အနောက်ကျေးရွာတွင် ပြောင်းရွှေ့နေထိုင်လျှက်ရှိကြကြောင်း ဦးတိုးတိုးထွေးက ပြောသည်။

ယင်းနတ်မော်ကျေးရွာ၏ သင်္ချိုင်း၌ တပ်မတော်သား ၂ဝဝ ခန့်မှာလည်း တပ်စွဲနေထိုင်လျှက်ရှိကြောင်း ဒါးလက်ကျေးရွာမှ ဆရာတော်က ဇွန်လ ၂၈ ရက်နေ့က နိရဉ္စရာသို့ ပြောသည်။

ဆရာတော်က “ရွာသားတွေ ရွာက ထွက်ပေးလိုက်ရတယ်။ အဲဒီရွာက ကျောင်းထိုင်ဆရာတော်လည်း ထွက်ပေးလိုက်ရတယ်။ တပ်မ ၆၆ က ပြောင်းခိုင်းတာပါ။ သူတို့က နယ်မြေရှင်းလင်းဖို့အတွက်ဆိုပြီးပေါ့။ အစည်းဝေးခေါ်တဲ့နေ့နဲ့ နောက်တစ်နေ့ နှစ်ရက်အတွင်းမှာ ရွာက ထွက်ခွာပေးပါဆိုပြီး အမိန့်ပေးလာတဲ့အတွက် ထွက်သွားရတာပေါ့။ လက်နက်ကြီးတွေကလည်း အဲဒီရွာအနားကို နေ့တိုင်းလိုလို စစ်တပ်က ပစ်တယ်လေ” ဟု နိရဉ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးအား နိရဉ္စရာမှ ဆက်သွယ်ခဲ့ရာ “စစ်တပ်က သူတို့ နယ်မြေရှင်းလင်းရေးလုပ်ဖို့ဆိုတဲ့ ပုံစံမျိုးပြောပြီး ရွာသားတွေကို ရွှေ့ခိုင်းတယ်ဆိုပြီး သိရတယ်။ ရွာသားတွေ ရွှေ့ပေးလိုက်ကြရပါတယ်” ဟု ပြောဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို နိရဉ္စရာသတင်းဌာနမှ ဇွန် ၂၉ ရက် နေ့လယ် ၁၂ နာရီ ၁ဝ မိနစ်က ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

နတ်မော်ကျေးရွာသို့ ဇွန်လ ၂၆ ရက်နေ့ ည ၇ နာရီခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာမှ ကျေးရွာသား နှစ်ဦး သေဆုံးသွားခဲ့ကာ အသက် (၂) နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့သည်။

သေဆုံးသူမှာ ဦးဘမောင် (၆၇) နှစ်နှင့် ဦးညွှန့်အေး (၄၂) နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ မနှင်းမွှေး (၂) နှစ်၊ ဦးချစ်တင် (၅၉) နှစ်၊ ဒေါ်လှလှနွယ် (၃၆) နှစ်တို့ဖြစ်ကြောင်း သိရသည်။

နတ်မော်ကျေးရွာအနီး ဇွန်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့က နှစ်ဘက်တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းလည်း ကျေးရွာသားများ ပြောပြချက်အရ သိရသည်။

ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...